သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနဲ့ မြောက်ကိုရီးယား ဆက်ဆံရေး အမေရိကန် စိုးရိမ်


မြောက်ကိုရီးယားနဲ့ စစ်ဘက်ဆိုင်ရာ ဆက်နွယ်မှုတွေ ရှိနေတဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ စိုးရိမ်မကင်း ဖြစ်ရတဲ့အကြောင်း အမေရိကန် အစိုးရ တာဝန်ရှိသူတဦးက ပြောဆိုလိုက်ပါတယ်။

အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) အစိုးရက မြောက်ကိုရီးယားနဲ့ ဆက်ဆံမှုတွေ ရှိနေတဲ့ မြန်မာနိုင်ငံက စစ်ဘက်ဆိုင်ရာ နည်းပညာတွေ ဝယ်ယူဖို့ လုပ်နေတာတွေကို ဟန့်တားဖို့ ကြိုးပမ်းနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာတဲ့နောက် အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် ပီဂျေ ခရော်လီ (P J Crowley) က မနေ့တုန်းက ပြုလုပ်တဲ့ ပုံမှန် သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်တာပါ။

“မြန်မာအစိုးရနဲ့ မြောက်ကိုရီးယားနိုင်ငံ နှစ်နိုင်ငံ အဆက်အဆံ ရှိတာတွေနဲ့ ပတ်သက်ပြီးတော့ အမေရိကန် ပြည်ထောင်စုအနေနဲ့ စိုးရိမ်ပူပန်တဲ့အကြောင်း အကြိမ်ကြိမ် ပြောခဲ့ပြီးပါပြီ။ ဒီနှစ်နိုင်ငံဟာ နျူကလီးယားကိစ္စမှာ ပူးပေါင်း ဆောင်ရွက်နေကြသလားဆိုတာ စိုးရိမ်မိတာပါ။ ဒါကြောင့်လည်း မြောက်ကိုရီးယားနိုင်ငံနဲ့ ပတ်သက်ပြီးတော့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက် ၁၈၇၄ အတိုင်း နိုင်ငံတကာ အသိုင်းအဝန်းက လိုက်နာကြဖို့၊ မြန်မာနိုင်ငံ ကိုယ်တိုင်လည်း ဒီဆုံးဖြတ်ချက်ကို လိုက်နာဆောင်ရွက်ဖို့ ကျနော်တို့ ဆွေးနွေးခဲ့တာတွေ ရှိပါတယ်။ မြန်မာနိုင်ငံနဲ့ကတော့ အပြန်အလှန် ဆွေးနွေး ဆောင်ရွက်နိုင်ဖို့ ကျနော်တို့ ဆက်လုပ်သွားမှာပါ။”

အမေရိကန် နိုင်ငံခြားရေးဌာနက ပြောခွင့်ရပုဂ္ဂိုလ် ပီဂျေ ခရော်လီ ပြောသွားတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်ထဲက မြောက်ကိုရီးယားက လက်နက်ရောင်းချမှုတွေကို တားမြစ်တဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်ကို မြန်မာစစ်အစိုးရက ထောက်ခံခဲ့တာဟာ တိုးတက်မှုတခု ဖြစ်ပေမဲ့ ဒီအတိုင်း ဆက်လက် ရပ်တည်သွားဖို့ နှစ်ဘက်အကြား ဆွေးနွေးပွဲတွေမှာ ဆက်ပြီး တိုက်တွန်းသွားမှာ ဖြစ်တယ်လို့လည်း အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရသူက ပြောဆိုခဲ့တာပါ။

မြန်မာစစ်အစိုးရအပေါ် ပိတ်ဆို့ဒဏ်ခတ် အရေးယူမှုတွေ ချမှတ်ထားတဲ့ အမေရိကန် ပြည်ထောင်စုက ထိတွေ့ ဆက်ဆံမှုတွေ လုပ်သွားမယ့် မူဝါဒတွေကိုပါ ကျင့်သုံးသွားဖို့ ကြေညာပြီးနောက်ပိုင်း မြန်မာနိုင်ငံကို သွားရောက်ခဲ့တာ အပါအဝင် ၂ နိုင်ငံကြား ဆက်ဆံမှုတွေ ၄ ကြိမ် ရှိခဲ့သလို မကြာခင် နောက်ထပ် တွေ့ဆုံဖို့ ရှိနေတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေတာပါ။

ဒါပေမဲ့လည်း အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရသူကတော့ နောက်တကြိမ် တွေ့ဆုံမှုတွေနဲ့ ပတ်သက်လို့ အတိအကျ မပြောနိုင်သေးဘူးလို့ မနေ့တုန်းက သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG