သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအမျိုးသမီးများ အရေး လုံခြုံရေးကောင်စီမှာ တင်မည်


အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) က အမျိုးသမီး ကိုယ်စားလှယ်တွေနဲ့ နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် အမျိုးသမီး ၂ ဦးတို့ဟာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) နဲ့ မနေ့က တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံတွင်း အမျိုးသမီးတွေအပေါ် အကြမ်းဖက်ခံရတာတွေနဲ့ စပ်လျဉ်းတဲ့ အခြေအနေတွေကို ဆွေးနွေးတင်ပြခဲ့ကြပါတယ်။ ဒီအခြေအနေတွေကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က သူ့အနေနဲ့ လုံခြုံရေးကောင်စီမှာ တင်ပြပြီး ဆွေးနွေးသွားမယ်လို့ ကတိပြုပါတယ်။ ဒီအကြောင်းကို နယူးယောက်ခ်မြို့ကနေ ဆက်သွယ်မေးမြန်းထားတဲ့ မခင်ဖြူထွေးက တင်ပြပေးထားပါတယ်။

မြန်မာစစ်အစိုးရရဲ့ အမျိုးသမီးတွေ အပေါ်မှာ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ အနေနဲ့ မြန်မာစစ်အစိုးရကို အရေးယူဖို့၊ မြန်မာစစ်အစိုးရကို နိုင်ငံတကာ ပြစ်မှုဆိုင်ရာ ခုံရုံးမှာ စစ်ဆေး အရေးယူလာအောင် လုံခြုံရေးကောင်စီက ဆောင်ရွက်ပေးဖို့အတွက် မနေ့တုန်းက ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းကို နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ၂ ဦးနဲ့အတူ မြန်မာအမျိုးသမီး ကိုယ်စားလှယ်တဦးတို့ သွားပြီး တွေ့ဆုံ တိုက်တွန်းခွင့် ရခဲ့ပါတယ်။

ဒါဟာ အမျိုးသမီးတွေ အနေနဲ့ အမျိုးသမီးအရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့အတွက် မစ္စတာ ဘန်ကီမွန်းနဲ့ တွေ့ဆုံခွင့်ရတာ ပထမဦးဆုံး အကြိမ်လည်း ဖြစ်ပါတယ်။ မိနစ် ၅၀ လောက် တွေ့ဆုံခွင့် ရခဲ့တဲ့ ဒီဆွေးနွေးပွဲ အတွင်းမှာ မြန်မာအမျိုးသမီးတွေ အပေါ်မှာ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီးတော့ လုံခြုံရေးကောင်စီက ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်ပေးဖို့အတွက် အတွင်းရေးမှူးချုပ် ဘန်ကီမွန်းကို တင်ပြခွင့် ရခဲ့တယ်လို့ အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) က သဘာပတိ အဖွဲ့ဝင် မသင်းသင်းအောင်က အခုလို ရှင်းပြပါတယ်။

“အဲဒီမှာ ကျမတို့ တင်ပြတာတွေနဲ့ ပတ်သက်ပြီးတော့ ဘန်ကီမွန်းက ပြန်ပြီး တုံ့ပြန်တာတွေ ရှိပါတယ်။ အခုလိုမျိုး ဖတ်ရတယ်၊ ဒီအကြောင်းတွေ ကြားရတဲ့အခါ သူကိုယ်တိုင်လည်း အရမ်းကို ဒေါသထွက်မိတယ်ပေါ့။ အခုလိုမျိုး စစ်တပ်က ပြုကျင့်တဲ့ တိုင်းရင်းသူ အမျိုးသမီးလေးတွေ ကိစ္စကို သူကြားတဲ့အခါ ဒါ တရားမျှတမှုကို ရဖို့အတွက် အရမ်း အရေးကြီးတယ်ဆိုတာ သူ လုံး၀ သံသယ မရှိဘူးတဲ့။

“တရားသူကြီးတွေက အဓိက တင်ပြခဲ့တဲ့ လုံခြုံရေးကောင်စီ အနေနဲ့ မြန်မာကိစ္စကို ICC လို့ခေါ်တဲ့ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှု ခုံရုံးကို လွှဲပြောင်းပေးဖို့ တိုက်တွန်းတဲ့ ကိစ္စကိုတော့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီနဲ့ သူ အဲဒီကိစ္စကို ဆွေးနွေးပါ့မယ်တဲ့။ မစ္စတာ ဘန်ကီမွန်းက အဲဒီလို ပြောခဲ့ပါတယ်။”

မသင်းသင်းအောင်တို့ အနေနဲ့ အခုလိုမျိုး အမျိုးသမီးတွေ အပေါ်မှာ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီးတော့ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းကို ဆွေးနွေးခွင့် ရခဲ့တယ်ဆိုတော့ ဒီအပေါ်မှာ အမျိုးသမီးတွေကို အကြမ်းဖက်မှုတွေ ဖြစ်နေတာနဲ့ ပတ်သက်ပြီးတော့ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းကရော ဘယ်လိုများ ပြန်ပြီး တုံ့ပြန်ခဲ့ပါသလဲ။

“အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ အပါအဝင် အကြမ်းဖက်မှုတွေ မျိုးစုံကို ပပျောက်ဖို့အတွက် သူကိုယ်တိုင် အစီရင်ခံစာတခု ရေးထားတာ ရှိပါတယ်။ ပြီးခဲ့တဲ့နှစ်တုန်းကဆိုရင် အထွေထွေ အတွင်းရေးမှူးချုပ်ရဲ့ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် ၁၈၂၀ နဲ့ ပတ်သက်တဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး နိုင်ငံတော်တော်များများမှာ အဲဒီကိစ္စတွေ ဖြစ်နေတယ်ဆိုတာ သူက အစီရင်ခံစာ ရေးတယ်။

“အဲဒီအစီရင်ခံစာကို သူက လုံခြုံရေးကောင်စီကို တင်တယ်။ အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ စော်ကားတဲ့ ကိစ္စတွေက ဘယ်ဒေသတွေမှာ တကယ့်ကို ဆိုးဆိုးဝါးဝါး ဖြစ်နေသလဲ၊ အဲဒီကိစ္စတွေက တကယ်ပဲ ရပ်တန်းက ရပ်ဖို့အတွက် တာဝန်ယူဖို့လိုတယ်၊ အစိုးရတွေက လုပ်ရမယ် ဆိုတဲ့ဟာတွေ ပါတယ်။ အဲဒီထဲမှာ မြန်မာနိုင်ငံရဲ့ အခြေအနေကို သူ ထည့်ရေးထားတာ ရှိတယ်။ မြန်မာနိုင်ငံမှာလည်း တိုင်းရင်းသူတွေ အဲဒီလို ပြုကျင့်ခံရတယ်၊ တနိုင်ငံလုံး အတိုင်းအတာနဲ့ တကယ့်ကို ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေတယ်ဆိုတဲ့ ဟာတွေကို ရပ်တန်းက ရပ်ဖို့အတွက် ဆောင်ရွက်ဖို့လိုတယ် ဆိုတာကို အဲဒီထဲမှာ သူထည့်ရေးထားတယ်။ အဲဒါ လုံခြုံရေးကောင်စီကို သူ Report ပို့ခဲ့တုန်းက။

“အဲဒါကို ကျမတို့က ထောက်ပြတယ်။ အဲဒါကြောင့် လုံခြုံရေးကောင်စီ အနေနဲ့ သူတို့ကိုယ်တိုင် ချမှတ်ထားတဲ့ ဆုံးဖြတ်ချက် ၁၈၂၀ ကို ချိုးဖောက်နေတဲ့ အခြေအနေတွေက မြန်မာနိုင်ငံမှာ ဖြစ်နေတယ်။ ဒါကြောင့် လုံခြုံရေးကောင်စီ အနေနဲ့ အရေးယူဆောင်ရွက်မှုတွေ လုပ်ဖို့ အရေးတကြီး လိုနေတယ်ဆိုတာ ကျမတို့ ထောက်ပြခဲ့ပါတယ်။”

ဒီနှစ်အတွင်း မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲလုပ်ဖို့ မြန်မာစစ်အစိုးရက ပြောဆိုထားပေမဲ့လည်း အခုချိန်ထိ မြန်မာနိုင်ငံမှာ နိုင်ငံရေးအရ တိုးတက်မှု တစုံတရာ မတွေ့ရသေးတဲ့အတွက် သူ့အနေနဲ့ စိုးရိမ်တဲ့အကြောင်းကိုလည်း အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောခဲ့တယ်လို့ မသင်းသင်းအောင်က ပြောပြပါတယ်။

တချိန်တည်းမှာပဲ မကြာခင်ကမှ မြန်မာနိုင်ငံက ပြန်ရောက်လာတဲ့ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနား (Mr. Quintana) ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ခရီးစဉ် အစီရင်ခံစာကိုလည်း သူ့အနေနဲ့ စောင့်မျှော်နေတယ် ဆိုတဲ့အကြောင်းနဲ့ ဒီအစီရင်ခံစာ ထွက်လာတဲ့အခါ Friends of Burma ဆိုတဲ့ မြန်မာ့မိတ်ဆွေများအဖွဲ့ရဲ့ အစည်းအဝေး ခေါ်ယူပြီး မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ဆွေးနွေးသွားဖို့ ရှိတယ်လို့လည်း အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG