သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၁၀ လူ့အခွင့်အရေး အစီရင်ခံစာ


၂၀၀၉ ခုနှစ် ကမ္ဘာ့လူ့အခွင့်အရေး လူ့အခွင့်အရေးအခြေအနေနဲ့ ပတ်သက်တဲ့ အစီရင်ခံစာကို နယူးရောက် အခြေစိုက်လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ Human Rights Watch က လွန်ခဲ့တဲ့ ဇန်နဝါရီလ (၂၀) ရက် နေ့ကထုတ်ပြန်ပါတယ်။ စာမျက်နှာ (၆၀၀) ကျော်ရှိတဲ့ အစီရင်ခံစာဖြစ်ပြီး မြန်မာ့လူ့အခွင့်အရေး အခြေအနေကို (၈) မျက်နှာဖော်ပြထားပါတယ်။ အစိုးရတွေက ထင်သလို လူ့အခွင့်အရေး ချိုးဖောက်တာကို ကမ္ဘာသိအောင်ကြေညာတဲ့ အစီရင်ခံစာပါ။ လူ့အခွင့်အရေးအဖွဲ့အစည်းတွေဟာ ဆိုးဝါးတဲ့အခြေအနေကို ဖော်ထုတ်နိုင်ပေမယ့် ပြစ်မှုကျူးလွန်သူကိုတော့ အရေးမယူနိုင်ပါဘူး။

တရားဥပဒေကို ဂရုမစိုက်ဘဲ ထင်သလိုလုပ်တဲ့ အမှုတွေကို စစ်ဆေးအပြစ်ပေးဖို့ ၁၉၉၈ ခုနှစ်က ICC - International Criminal Court (ICC) ခေါ် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံးဖွဲ့စည်းပြီး ၂၀၀၂ ခုနှစ် ဇူလိုင်လမှာ စတင်ကျင့်သုံးပါတယ်။ အရပ်သားအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုကို အရေးယူဖို့ပဲ ဖြစ်ပါတယ်။ အရပ်သားတွေကို အစိုလိုက် အပြုံလိုက်သတ်ဖြတ်မှုနဲ့ အလွန်အမင်း ဆင်းရဲဒုက္ခရောက်အောင် လုပ်မှုတွေကို အရေးယူနိုင်တယ်လို့ ICC အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ဥပဒေက ဆိုပါတယ်။

ဒါပေမယ့် ၂၀၀၉ ခုနှစ် ဇူလိုင်လအထိ ICC တရာရုံးကို လက်ခံတဲ့ နိုင်ငံပေါင်း (၁၁၀) ရှိပါတယ်။ လက်မခံတဲ့ နိုင်ငံတွေကို ICC တရာရုံးက အရေးမယူနိုင်ပါဘူး။ အာဆီယံ (၁၀) နိုင်ငံထဲမှာ ကမ္ဘောဒီးယား တနိုင်ငံတည်းကသာ ICC တရားရုံးကို လက်ခံပါတယ်။ ဒါပေမယ့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ က အရေးယူဖို့ ညွှန်ကြားလာရင်တော့ ICC ရာဇဝတ်ခုံရုံးက အရေးယူရပါတယ်။ ဆူဒန်နိုင်ငံဟာ ICC တရားရုံးကို လက်မခံပေမယ့် ဆူဒန်ရဲ့ လူ့အခွင့်အရေး ချိုးဖျက်မှုတွေကို စုံစမ်းစစ်ဆေးဖို့ ၂၀၀၅ ခုနှစ် မတ်လမှာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက တာဝန်ပေးတဲ့အတွက် အရေးယူရပါတယ်။ ထိုင်းနဲ့ ဖိလစ်ပိုင်ဟာ ICC ရောမစာချုပ်ကို လက်မှတ်ထိုးပြီးပေမယ့် အတည်မပြုရသေးပါဘူး။ ၂၀၀၉ ခုနှစ် မြန်မာ့လူ့အခွင့်အရေး အခြေအနေဆိုးဝါးပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲ နီးလာပေမယ့် လွတ်လပ်စွာပြောဆိုခွင့်နဲ့ စုဝေးခွင့်မရှိတာကြောင့် အကျဉ်းကျခံ နေရသူပေါင်း (၂၀၀၀) ကျော်ရှိပါတယ်။

အထင်ရှားဆုံး ဖြစ်ရပ်ကတော့ ဒေါ်အောင်ဆန်းစုကြည်ကို ဂျွန်ယက်ထော (John Yattaw) လက်ခံမှုနဲ့ ရုံးတင်စစ်ဆေးပြီး အကျယ်ချုပ် သက်တမ်းတိုးလိုက်တာပါ။ ဒီကိစ္စကို အမေရိကန်-ဥရောပအဖွဲ့နဲ့ အာဆီယံက ဝေဖန်ရှုတ်ချပြီး မတရားလုပ်တဲ့ အမှုဖြစ်ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် (၅) ဦးက ပူးတွဲ ကြေညာချက် ထုတ်ပြန်ပါတယ်။ ၂၀၀၉ ဖေဖေါ်ဝါရီလမှာ အကျဉ်းသား (၆၀၀၀) ကျော် စက်တင်ဘာလမှာ (၇၀၀၀) ကျော် စုစုပေါင်း (၁၃၀၀၀) ကျော် လွှတ်ပေးတဲ့အထဲမှာ နိုင်ငံရေးအကျဉ်းသား (၁၆၀) သာ ပါဝင်ပါတယ်။ လွှတ်ပေးတဲ့ နိုင်ငံရေးအကျဉ်းသာဦးရေကနည်းပြီး အဖမ်းခံရသူက ပိုများပါတယ်။ ၂၀၀၉ ခုနှစ် တနှစ်လုံး NLD ပါတီဝင်တွေ အဖမ်းခံရပါတယ်။ ၂၀၀၇ လူထုဆန္ဒပြပွဲကို ဦးဆောင်မှုနဲ့ အဖမ်းခံရတဲ့ သံဃာတော်အပါး (၂၀၀) ကျော် အကျဉ်းကခံနေတုန်း ဖြစ်ပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ်စ် အိုဟေး ကင်တားနား (Thomas Quintana) ဖေဖေါ်ဝါရီလမှာ မြန်မာပြည်ကိုသွားပြီး အထွေထွေအတွင်းရေးမှုးချုပ် ဘန်ကီမွန်း ဇူလိုင်လမှာ သွားရောက်စဉ်က ယုံကြည်ချက်ကြောင့် အဖမ်းခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးဖို့ တောင်းဆိုခဲ့ပေမယ့် ဗမာစစ်အစိုးရက ဂရုစိုက်ပုံမရပါဘူး။ ၂၀၀၉ ခုနှစ်အတွင်း မြန်မာပြည်ကိုသွားဖို့ ကင်တားနား က (၃) ကြိမ် ကြိုးစားပေမယ့် (၁) ကြိမ်သာ သွားခွင့်ရပါတယ်။ အမေရိကန်အစိုးရနဲ့ ဗမာစစ်အစိုးရ စေ့စပ်ဆွေးနွေးနိုင်ရေးအတွက် ဆီးနိတ်လွှတ်တော်အမတ် ဂျင်မ်ဝက် (Jim Webb) နဲ့ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ကတ်ကမ်ဘဲလ် (Kurt Campbell) တို့ မြန်မာပြည်ကို သွားရောက်ပြီး ဗမာနိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းကို ဝါရှင်တန်မြို့တော်ကို အလည်လာခွင့် ပေးခဲ့ပေမယ့် ဆက်ဆံရေးအခြေအနေ အကြောင်းမထူးဘဲ ဖြစ်နေပါတယ်။

မြန်မာပြည် အရှေ့ပိုင်းနဲ့ မြောက်ပိုင်းမှာ အစိုးရတပ်က တိုင်းရင်းသားအရပ်သားတွေကို တိုက်ခိုက်နေတဲ့အတွက် ထွက်ပြေးတိမ်းရှောင်နေရသူတွေ ထောင်သောင်းချီရှိနေပါတယ်။ ကိုးကန့်တရုတ် လေးသောင်းလောက် ယူနန်ပြည်နယ်မှာ ဝင်ရောက်ခိုလှုံကြရပါတယ်။ အတင်းအဓမ္မခိုင်းစေမှု၊ မြေယာသိမ်းပိုက်မှု၊ ရိုက်နှက်မှု၊ သတ်ဖြတ်မှု၊ မုဒိမ်းမှု စတဲ့ ပြစ်မှုတွေကို အစိုးရတပ်က အမြဲတမ်း ကျူးလွန်နေတာဟာ အပြည်ပြည်ဆိုင်ရာ လူမှုရေး ဥပဒေကို ချိုးဖောက်နေတာပဲ ဖြစ်ပါတယ်။ အရွယ်မရောက်သေးတဲ့ ကလေးတွေကို နည်းမျိုးစုံသုံးပြီး စစ်တပ်ထဲ သွင်းနေတဲ့ လုပ်ရပ်ဟာလည်း ဆက်လက်တည်ရှိဆဲ ဖြစ်ပါတယ်။

အစိုးရတပ်က အရပ်သားတွေကို ၂၀၀၉ ခုနှစ်မှာ ပိုမိုများပြားလာပါတယ်။ ဒါပေမယ့် ဗမာစစ်အစိုးရကို လက်နက်ပစ္စည်း မရောင်းဖို့ ကုလသမဂ္ဂ က ဒဏ်ခတ်အရေးယူလာအောင် ကြိုးစားတဲ့ အစိုးရမရှိသေးပါဘူး။ ကုလသမဂ္ဂ က ပိတ်ပင်နိုင်ခြင်းမရှိတဲ့အတွက် တရုတ်၊ အိန္ဒိယ၊ ရုရှား နဲ့ မြောက်ကိုရီးယား က ဗမာစစ်အစိုးရကို လက်နက်ခဲယမ်း ရောင်းချနေတာဖြစ်ပါတယ်။ ဗမာစစ်အစိုးရ ကျူးလွန်နေတဲ့ ပြစ်မှုတွေဟာ ICC အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံးက အရေးယူနိုင်တဲ့ ရာဇဝတ်မှုတွေ ဖြစ်ပါတယ်။ ဒါပေမယ့် ICC ရာဇဝတ်ဥပဒေကို ဗမာစစ်အစိုးရက လက်မခံတဲ့အတွက် စောစောက ပြောခဲ့သလို ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ညွှန်ကြားမှာသာ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံးက အရေးယူနိုင်မှာ ဖြစ်ပါတယ်။



ဆက်စပ်သတင်းများ ...

XS
SM
MD
LG