သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရန်ကုန် အလုပ်သမား ဆန္ဒပြဦးရေ ထောင်နဲ့ချီတိုးလာ


ရန်ကုန်မြို့ ဒဂုံမြို့သစ်တောင်ပိုင်း စက်မူဇုံ (၁) က ကိုရီးယား နိုင်ငံသားပိုင် SGI အထည်ချုပ်စက်ရုံ (၁)၊ (၂)၊ (၃)၊ (၄) က အလုပ်သမား ၃,၀၀၀ ကျော်က သူတို့ကို လုပ်အားခတွေတိုးပေးဖို့ ရှားပါးစရိတ်နဲ့ ဆုကြေးငွေတွေ မဖြတ်ဖို့အတွက် ဆန္ဒပြခဲ့ကြပါတယ်။ တကယ်တော့ SGI အထည်ချုပ်စက်ရုံက အလုပ်သမားတွေကို လုပ်ခလစာတွေ တိုးပေးပြီးသား ဖြစ်ပေမဲ့ အခုလို ထပ်ပြီး ဆန္ဒပြကြတာဟာ ဘယ်လိုပြဿနာတွေ ရှိနေလို့ပါလဲ။ ဒီအကြောင်းစုံစမ်းထားတဲ့ မအေးမာက သတင်းပေးပို့ထားပါတယ်။

ဒီကနေ့ ဆန္ဒပြတဲ့စက်ရုံကတော့ ပြီးခဲ့တဲ့လကုန်ပိုင်းကစပြီး ဆန္ဒပြမှာစိုးရိမ်ပြီး လစာ ၅,၀၀၀ စီ တိုးပေးထားတဲ့ SGI အထည်ချုပ်စက်ရုံ (၁)၊ (၂)၊ (၃)၊ (၄) လို့ခေါ်တဲ့ စက်ရုံ ၄ ခုမှာ ဆန္ဒပြခဲ့တာပါ။ သူတို့ လစာထုတ်တဲ့အချိန်မှာ လစာ တိုးပေးထားတယ်လို့ ပြောပြီးတော့ အရင်လကရတဲ့ လစာထက် နည်းပါးတာကြောင့် ဆန္ဒပြတာဖြစ်ကြောင်း၊ သူတို့ တောင်းဆိုချက်တွေ မရပေမဲ့ တနေ့တာ လုပ်အားခကို ကျပ် ၄၀ အထိ တိုးပေးမယ်ဆိုတဲ့ကတိသာ ရရှိခဲ့ကြောင်း အလုပ်သမား တဦးက အခုလိုပြောပါတယ်။

"သူတို့ကပြောတယ်လေ၊ ၃,၀၀၀ သို့မဟုတ် ၅,၀၀၀ အထိ တိုးပေးတယ်တဲ့။ ဒါပေမဲ့ သူတို့ ၅,၀၀၀ တိုးပေးတယ်ဆိုပြီးတော့ အရင်လကနဲ့ အခုတိုးပေးတဲ့လက ပိုပြီးတော့တောင် နည်းနေတယ်။ သမီးတို့လစာတွေ နည်းလို့ သမီးတို့က အဲဒီလို တောင်းဆိုတာ။ သူတို့က မတောင်းဆိုခင်တုန်းကတော့ အစည်းအဝေးလုပ်တယ်။ အစည်းအဝေးလုပ်တဲ့သူက ဒီလ ၂၈ ရက်နေ့ကစပြီးတော့ အလုပ်ချိန်က သိပ်မရှိဘူး။ ပြီးတော့ စက်ရုံမှာ မီးလောင်တယ်လို့ကြားတုန်းကလည်း သမီးတို့ ပြန်ကြတယ်။ အဲဒီလို ပြန်တဲ့ရက်တုန်းကလည်း အဲဒါတွေကို လျှော့တယ်။

"ဈေးစရိတ် ၄၀ တိုးပေးမယ်လို့လည်း ပြောတယ်။ သမီးတို့ကို လစာတိုးပေးမယ်လို့တော့ မပြောဘူး။ သမီးတို့ ဆန္ဒပြတဲ့အထဲက ကိုယ်စားလှယ် ၁၀ ယောက်ကို ပြောတယ်။ ဈေးစရိတ် တိုးပေးမယ် ဆိုတော့ အဲဒီ ၁၀ ယောက်က လက်မှတ်တိုးပေးလိုက်တယ်။ ၁ ရက်ကို ၄၀ တိုးပေးတာ။ အဲဒီ ၄၀ တိုးပေးတာမှ သမီးတို့ရတာက ၅၅၅ ကျပ်ပဲရတာ။ သမီးတို့ သူတို့ဆီက ပိုလည်း မလိုချင်ဘူး။ သမီးတို့ ထိုက်သင့်တဲ့ တနေ့လုပ်ခကို သမီးတို့လိုချင်တယ်။ ရှားပါးစရိတ် ဆိုရင်လည်း သူတို့က ထောက်ပံ့ကြေးမပေးတဲ့အပြင် သမီးတို့ကို လျှော့တယ်။"

အလုပ်သမားတွေနဲ့နီးစပ်သူ တဦးပြောပြတာကတော့ အရင်တုန်းက သူတို့စက်ရုံအပါအဝင် စက်မူဇုံ (၁) ထဲက စက်ရုံတချို့ကို ကျပ် ၅,၀၀၀ ထောင်စီ တိုးပေးထားပေမဲ့ အပိုဆုကြေးတွေ၊ ရှားပါးစရိတ်တွေကို ဒီလကနေစပြီး ဖြတ်ခဲ့တာကြောင့် အခုလိုဖြစ်ခဲ့ရတယ်လို့ဆိုပါတယ်။

"သူတို့ ပထမပိုင်းမှာက ပြီးခဲ့တဲ့လကုန်ပိုင်းတုန်းက ပြုံးပန်းတရာ အထည်ချုပ်လေ၊ ကျနော်တို့ စက်မှုဇုံကပဲ။ အဲဒီ ပြုံးပန်းတရာ အထည်ချုပ်က အလုပ်သမားတွေက လုပ်ခတိုးပေးဖို့ ဆန္ဒပြစဉ်ကာလမှာ အဲဒီ SGI ရယ်၊ စန္ဒာအေး ရယ်၊ ဝင်းတားဝါး ရယ် အဲဒီစက်ရုံတွေက အလုပ်ရှင်တွေကို သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းကနေပြီးတော့ အလုပ်သမားတွေ ဆန္ဒမပြခင်မှာ လုပ်ခတိုးပေးလိုက်ဖို့ သူတို့ကို ပြောတယ်ခင်ဗျ။ ပြောလိုက်တော့ သူတို့ လစာ ၅,၀၀၀ တိုးပေးတယ်။ အဲဒီ ၅,၀၀၀ တိုးပေးလိုက်တာကို အလုပ်သမားတွေကလည်း သူတို့ကို လစာ တိုးပေးပြီဆိုပြီးတော့ သူတို့ကလည်း ကျေနပ်ခဲ့တာဗျ။ တကယ်တမ်းကျတော့ သူတို့က အဲဒီလစာ ၅,၀၀၀ တိုးပေးပြီးတော့ အလုပ်သမားတွေရဲ့ အခြေခံရပိုင်ခွင့်တွေဖြစ်တဲ့ ရှားပါးစရိတ်တို့၊ ဆုကြေးငွေတို့၊ ရုံးပိတ်ရက်တွေပေါ့နော်။ အဲဒီအခြေခံအခွင့်အရေး အားလုံးကို အလုပ်သမားတွေကို လုံးဝ မပေးတော့ဘဲ ဖြတ်ပစ်လိုက်တာ။ အဲဒါတွေကို အလုပ်သမားတွေက မကျေနပ်လို့ ဒီကနေ့မှာ ဆန္ဒပြတာ။"

နောက်ဆုံးအခြေအနေကတော့ နေ့လယ် ၁ နာရီခွဲလောက်မှာ ပြီးဆုံးသွားခဲ့ပြီး လူစုလူဝေးတွေ ထပ်မဖြစ်အောင် ဖယ်ရီကားတွေနဲ့ အိမ်တွေကို ပြန်ပို့လိုက်တယ်လို့ဆိုပါတယ်။

"အုပ်စုခွဲတာကတော့ သူတို့ ၁ နာရီခွဲအချိန်လောက်မှာ သက်ဆိုင်ရာလူကြီးတွေ တော်တော်များများ ရောက်လာတယ်။ မယက ပါတယ်၊ ပြီးတော့ ဌာနဆိုင်ရာ အစုံပေါ့၊ သူတို့လာပြီးတော့ ညှိနှိုင်းပေးသွားတယ်ဗျ။ ညှိနှိုင်ပေးပြီးတော့ သူတို့ တောင်းဆိုတဲ့ အခွင့်အရေးအားလုံးကို ဖြစ်မြောက်အောင် ဆောင်ရွက်ပေးပါမယ်လို့ ကတိဝန်ခံချက်ပေးပြီးတော့ အလုပ်သမားတွေကို သူတို့ ဖယ်ရီကားတွေခေါ်ပြီးတော့ ပြန်ပို့ပေးလိုက်တာခင်ဗျ။"

စက်ရုံအနီးတဝိုက်မှာချထားတဲ့ လုံခြုံရေး အခြေအနေကို မေးမြန်းကြည့်ခဲ့ရာမှာတော့ -

"လုံခြုံရေးကားတွေက စက်ရုံရဲ့ အဝင်ပေါက်ကနေ လမ်းမကြီးကိုဖြတ်တဲ့ လမ်းကြားတွေရယ်၊ လမ်းစုံလမ်းခွတွေမှာ လုံခြုံရေးကားတွေက စောင့်ကြပ်ထားကြတယ်။ သူတို့ လုံထိန်းကားကတင်ပဲ သုံးကားရှိတယ်။ ရဲကားတွေကလည်း အများကြီးပဲခင်ဗျ။ ဒေသခံရဲတပ်ဖွဲ့ရဲ့ကားတွေရော၊ ထောက်လှမ်းရေးတွေရဲ့ ဆိုင်ကယ်တွေရော၊ နောက်ပြီးတော့ မယက တို့ဘာတို့ပေါ့နော်။ သက်ဆိုင်ရာလူကြီး အစုံအလင်နဲ့ ဆိုင်ကယ်တွေ အများကြီးပဲခင်ဗျ။ အဲဒီမှာချထားတာ။"

ပြီးခဲ့လ ၉ ရက်နေ့ကစပြီး အထည်ချုပ်စက်ရုံတွေ ဆန္ဒပြမူတွေဟာ ဆက်တိုက်ဆိုသလို ဖြစ်ပွားခဲ့ပြီး အလုပ်သမားတွေရဲ့ တောင်းဆိုချက်တွေ မှန်သမျှကို အလုပ်ရှင်တွေဘက်က အကုန်လုံး လိုက်လျောတာမရှိခဲ့ပေမဲ့ ယာယီ ငြိမ်သက် သွားအောင်တော့ လုပ်အားခတချို့ကို လိုက်လုပ်ပေးတာတွေ ရှိခဲ့ပါတယ်။ အခုလည်း လုပ်အားခ အနည်းငယ် တိုးပေးထားတဲ့နည်းနဲ့သာ လိုက်လျောပေမဲ့ အလုပ်သမားတွေဘက်က ကျေနပ်သွားတဲ့ ပုံစံမျိုးတွေမရှိဘဲ လူစုကွဲအောင် ပြန်ပို့ခံလိုက်ရတယ်လို့ အလုပ်သမားတွေက ပြောပြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG