သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လှိုင်သာယာ Lucky ဖိနပ်စက်ရုံ အလုပ်သမား ၅၀၀ ဆန္ဒပြ


ပြီးခဲ့တဲ့လ ၉ ရက်နေ့က စခဲ့တဲ့ အလုပ်သမား ဆန္ဒပြပွဲတွေ မပြီးဆုံးသေးပါဘူး။ ဒီနေ့မှာတော့ လှိုင်သာယာ စက်မှုဇုန် ၂ က လပ်ကီး (Lucky) ဖိနပ်စက်ရုံမှာ အလုပ်သမား ၅၀၀ လောက် ဆန္ဒပြနေတယ်လို့ ကြားသိရပါတယ်။ အပြည့်အစုံကို မအေးအေးမာက တင်ပြပေးထားပါတယ်။

လှိုင်သာယာ စက်မှုဇုန် ၂ က ဖိနပ်စက်ရုံရဲ့ အခြေအနေကိုတော့ အလုပ်သမား တဦးလည်းဖြစ်၊ အလုပ်သမားအရေး လုပ်ဆောင်နေသူလည်းဖြစ်တဲ့ မရီရီရှိန်က အခုလို ပြောပြပါတယ်။

“အခု လှိုင်သာယာ စက်မှုဇုန် ၂ မှာ လပ်ကီး ဖိနပ်စက်ရုံက အလုပ်သမားတွေ အနေနဲ့ လစာတိုးပေးဖို့ရယ်၊ အိုတီကြေးကို မှန်မှန်ကန်ကန်ပေးဖို့၊ အလုပ်ချိန်ကို အတိအကျ သတ်မှတ်ပေးဖို့၊ အဲဒီဟာတွေ သူတို့ တောင်းဆိုနေကြတာပါ။ အလုပ်သမား ၅၀၀ လောက်ရှိတယ်။ ဒီနေ့ မနက် ၈ နာရီလောက်က စပြတာ။”

မြန်မာနိုင်ငံ အလုပ်သမား၊ လယ်သမား သွေးစည်းညီညွတ်ရေး အဖွဲ့ချုပ်ကို အလုပ်သမားတွေ ဆန္ဒပြမှု မဖြစ်ခင်ကတည်းက သူတို့အနေနဲ့ စတင်တည်ထောင်ခဲ့ပြီး အလုပ်သမား အရေးတွေကို လုပ်ခဲ့တာလို့ သူမက ပြောပါတယ်။ အလုပ်သမားတွေ အနေနဲ့ ဆူပူမှုမဖြစ်အောင် လက်ရှိ အာဏာပိုင်တွေဘက်က ပြေလည်အောင် လာရောက်ညှိနှိုင်း ဆောင်ရွက်နေပေမဲ့ တကယ်တမ်း သူတို့ တောင်းဆိုချက်တွေ မရသေးဘူးလို့ သူမက ဆက်ပြောပြပါတယ်။

“လာတော့လာတယ်၊ စက်ရုံမှာ ဆန္ဒပြလိုက်၊ သူတို့တွေက လာပြီးတော့ ညှိနှိုင်းပေးသွားလိုက်။ ဒါပေမဲ့ သူတို့ညှိနှိုင်းသွားတဲ့ အပေါ်မှာ ကျမတို့ အလုပ်သမားတွေ အတွက်ကို လိုချင်တဲ့၊ တောင်းဆိုထားတဲ့ အချက်တွေကို လုံး၀ သူတို့က အပြည့်အ၀ ညှိပေးသွားတာ မရှိပါဘူး။ ကျမတို့ ၁၀,၀၀၀ တောင်းရင် ၅,၀၀၀ လောက်ပဲရတယ်။ အဲဒီ ၅,၀၀၀ ကလည်း လကုန်သွားရင် အပြည့်အ၀ မရပါဘူး။ ဟိုကနေ ပြန်နှုတ်၊ ဒီကနေ ပြန်နှုတ်နဲ့ ကျမတို့ ပထမ လစာအတိုင်းပဲ ပြန်ဖြစ်သွားတာပဲ။ အဲဒီအပေါ်မှာ မကျေနပ်လို့ ကျမတို့ စက်ရုံတွေက တရုံပြီးတရုံ ထပ်ပြနေကြတာပါပဲ။”

အခုဆိုရင် ရန်ကုန်က စက်ရုံပေါင်း ၂၀ လောက်မှာ လုပ်အားခ တိုးတောင်းတဲ့ ဆန္ဒပြမှုတွေ ဆက်တိုက် ဖြစ်နေပြီး တခြားစက်ရုံတွေကိုလည်း နေ့စဉ်ဆိုသလို ကူးဆက်နေတာကြောင့် အာဏာပိုင်တွေဘက်က လုံခြုံရေးကို အဆက်မပြတ် ကြည့်ရှုပြီး ပြဿနာကို ငြိမ်းချမ်းတဲ့နည်းနဲ့ ဖြေရှင်းနေတာကို တွေ့ရပါတယ်။

ဒါပေမဲ့ အလုပ်သမားတွေ အနေနဲ့ သူတို့ရဲ့ ရပိုင်ခွင့်တွေကို တောင်းဆိုနေတာတွေဟာ နိုင်ငံရေးဘက်ကို ကူးစက်မှာ စိုးရိမ်ပြီး ဖမ်းဆီးတာမျိုး၊ အလုပ်ဖြုတ်တာမျိုးတွေ မရှိပေမဲ့ ဦးဆောင်သူ အလုပ်သမားတွေကိုတော့ မှတ်တမ်းလုပ်ထားတာမျိုးတွေ ရှိနေတယ်လို့ အလုပ်သမားတွေက ပြောပြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG