သုံးရလွယ်ကူစေသည့် Link များ

နိုင်ငံတကာ အမျိုးသမီးများနေ့ မြန်မာအမျိုးသမီးများအရေး တောင်းဆို


ဒီကနေ့ ကျရောက်တဲ့ နိုင်ငံတကာ အမျိုးသမီးများနေ့မှာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ကြဖို့ ကချင်အမျိုးသမီးတွေက ဦးဆောင်ပြီး ဆွေးနွေးပွဲတရပ်ကို ကချင်ပြည်နယ် အတွင်းမှာ ကျင်းပခဲ့ပါတယ်။ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာလည်း မြန်မာ အမျိုးသမီးတွေက ဒီနေ့မှာပဲ ကန့်ကွက် ဆန္ဒပြမှုတွေ ပြုခဲ့ကြပါတယ်။ ဒီအကြောင်း အပြည့်အစုံကို ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က စုစည်းတင်ပြထားပါတယ်။

နိုင်ငံတကာ အမျိုးသမီးများနေ့ကို ကချင်အမျိုးသမီးတွေက ဦးဆောင်ပြီး တရုတ်၊ မြန်မာ နယ်စပ် ကချင်ပြည်နယ် အတွင်းမှာ အမျိုးသားတွေနဲ့အတူ ပူးပေါင်း ကျင်းပခဲ့ပါတယ်။ ဒီကနေ့ အခမ်းအနားမှာ အဓိက ဆွေးနွေးဖြစ်တဲ့ အကြောင်းအရာကိုတော့ ပါဝင် တက်ရောက်ခဲ့သူ ကချင်အမျိုးသမီး တယောက်က အခုလို ပြောပါတယ်။

“ဒီနေ့ အခမ်းအနားရဲ့ ခေါင်းစဉ်က အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်သွားအောင် အမျိုးသားရော၊ အမျိုးသမီးရော အားလုံး ပါဝင်ပြီးမှ လက်တွဲကြပါစို့၊ အဲဒါမျိုး ခေါင်းစဉ်နဲ့ အခမ်းအနားလုပ်တာ ဟုတ်တယ်။ တက်ရောက်တဲ့ သူတွေကတော့ အမျိုးသမီးရော၊ အမျိုးသားရော ပါဝင်ကြတယ်။ အကြမ်းဖက် ခံနေရတာကတော့ အများအားဖြင့် ဒီနေ့ပြောတဲ့ အထဲမှာတော့ မုဒိမ်းမှုပေါ့နော။ ကျူးလွန်တာက စစ်တပ်လည်း ပါတယ်၊ အရပ်သားတွေလည်း ပါတယ်။”

ဆွေးနွေးတဲ့ အကြောင်းအရာတွေထဲမှာ ၂၀၀၇ ခုနှစ်က ပူတာအိုမြို့နယ် အတွင်းမှာ ကျောင်းသူ ၄ ယောက်ကို စစ်တပ်က အရာရှိတွေက အုပ်စုလိုက် အဓမ္မ ပြုကျင့်ခဲ့တာနဲ့ ၂၀၀၈ ခုနှစ်မှာ အရပ်သား ၄ ယောက်က မြစ်ကြီးနားမှာ ကျောင်းသူ တယောက်ကို အုပ်စုဖွဲ့ အဓမ္မ ပြုကျင့်ပြီး သတ်ဖြတ်ခဲ့တယ်၊ နောက် ခန္ဓာကိုယ်ကို အပိုင်းပိုင်းဖြတ်ပြီး သေတ္တာထဲမှာထည့်၊ စွန့်ပစ်ခဲ့တယ်ဆိုတဲ့ အကြောင်းအရာတွေ ပါဝင်ခဲ့သလို အခြားပုံစံ အမျိုးမျိုးနဲ့ အမျိုးသမီးတွေအပေါ် အကြမ်းဖက်တာတွေကိုလည်း ဆွေးနွေးခဲ့တယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံအတွင်းမှာ ဒီလို အခမ်းအနားမျိုးတွေကို လွတ်လွတ်လပ်လပ် ကျင်းပခွင့် မရပါဘူး။ တကယ်လို့ ကျင်းပခွင့်ရမယ် ဆိုရင် အမျိုးသမီးတွေ အနေနဲ့ ပိုမိုကောင်းမွန်တဲ့ အနာဂတ်ကို ဖန်တီးနိုင်မယ်လို့ ခံစားမိကြောင်း ဆက်ပြောပါတယ်။

“ဒီလို နိုင်ငံတကာ အမျိုးသမီးများနေ့ အခမ်းအနားကို ကျမ ဒီနေ့ ပထမဆုံး တက်ဖူးတာ။ မြန်မာနိုင်ငံ တဝန်းလုံးမှာ ဒီလိုမျိုး လုပ်နိုင်မယ် ဆိုရင်တော့ ကျမတို့ အမျိုးသမီးများအတွက် ကောင်းမွန်တဲ့ အနာဂတ်တခုတော့ ဖြစ်လာနိုင်တယ်ဆိုတာ ကျမရဲ့ မျှော်လင့်ချက်၊ အဲဒီတခုတော့ ရှိခဲ့တယ်။ ဒီနေ့ ခံစားချက်ပေါ့နော။

“အဲဒီလိုမျိုး ဆွေးနွေးတဲ့အထဲမှာ အားလုံးလိုလိုက ကိုယ်က အကြမ်းဖက် ခံနေရတယ်၊ မတရား ခံနေရတယ် ဆိုတာကို ကျမတို့ အမျိုးသမီး ကိုယ်တိုင်က မသိဘူး ဖြစ်နေတယ်။ တကယ်လို့သာ ဒီလိုမျိုး တနှစ်မှာ တခေါက်လောက်သာ ရွာတိုင်းရွာတိုင်းမှာ လုပ်နိုင်မယ်ဆိုရင် ရွာတိုင်းက အမျိုးသမီးတွေက ဒီဟာကို နားလည်လာမယ်။ နားလည်လာပြီး သူတို့ အသိအမြင်တွေ ပွင့်လာရင် ဘာပဲဖြစ်ဖြစ် အမျိုးသမီးအတွက် ကောင်းတဲ့ အနာဂတ်တခုတော့ ဖြစ်လာနိုင်မယ်ဆိုတဲ့ဟာ ကျမ အဲလိုမျိုး ခံစားမိတယ်။”

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒက္ကားမြို့မှာတော့ အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) က ဦးဆောင်ပြီး တရားရုံးချုပ်ရှေ့မှာ ဒီနေ့ညနေ ၃ နာရီလောက်က ဆန္ဒပြခဲ့ကြပါတယ်။ ဒီဆန္ဒပြပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့နဲ့ မြန်မာနိုင်ငံမှာ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့ တောင်းဆိုခဲ့တယ်လို့ ဆန္ဒပြပွဲမှာ ပါဝင်ခဲ့သူ မစောမီမီသန်းက ပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်နဲ့ တခြား နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ဖို့အတွက် ကျမတို့ တောင်းဆိုနေကြခြင်း ဖြစ်ပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲကို မကျင်းပဖို့အတွက်၊ ကျမတို့ အလိုမရှိဘူးဆိုတာ တောင်းဆိုနေကြတာ ရှိတယ်။ နောက်တခုက စစ်အာဏာရှင် စနစ်ကို ကျမတို့ အလိုမရှိဘူးဆိုပြီး ပြောနေကြတာ ရှိတယ်။ ကျမတို့က သုံးပွင့်ဆိုင် ဆွေးနွေးမှုကို အမြန်ဆုံး ပြုလုပ်ပေးပါဆိုပြီး တောင်းဆိုနေတာ ရှိပါတယ်။”

ထိုင်းနိုင်ငံ အခြေစိုက် အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) က သဘာပတိ အဖွဲ့ဝင် နန်းဒါး အဲ့ကလယ်ကလည်း နယ်စပ်ဒေသမှာ တွေ့ကြုံနေရတဲ့ တိုင်းရင်းသူတွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံနေရတဲ့ အခြေအနေကို အခုလို ပြောပြပါတယ်။

“တိုင်းရင်းသား ဒေသတွေမှာ တိုင်းရင်းသူ အမျိုးသမီးတွေကို မတရား လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ရှိမယ်၊ ပေါ်တာ ရှိမယ်၊ အတင်းအဓမ္မ ပြုကျင့်တာ ရှိမယ်၊ နောက် အတင်းအဓမ္မ လုပ်အား ခိုင်းစေတာတွေ ရှိမယ်။ အထူးသဖြင့်ဆိုရင် ကရင်ပြည်နယ်မှာ ပိုပြီးတော့ အဖြစ်များတယ်။ ဘာဖြစ်လို့လဲဆိုတော့ နအဖတွေဆိုရင် အရှေ့ဘက်ခြမ်း ကရင်ပြည်နယ်၊ ကရင်နီ အဲဒီနယ်တွေဘက်မှာ အများအားဖြင့် သူတို့တွေက ထိုးစစ်ဆင်တဲ့ အပေါ်မှာ အဲဒီဒေသတွေက အများဆုံး ဖြစ်လေ့ရှိတယ်။ နအဖ စစ်အစိုးရက အထူးသဖြင့် ကျူးလွန်နေကြတာ ဖြစ်တယ်။”

အမျိုးသမီးတွေ အပေါ်မှာ ဒီလို ကျူးလွန်နေတာတွေနဲ့ ပတ်သက်ပြီး မြန်မာစစ်အစိုးရကို နိုင်ငံတကာ ရာဇဝတ်မှု တရားရုံးမှာ တရားစွဲနိုင်ဖို့အတွက် ပြင်ဆင်နေတယ်လို့လည်း သူက ဆက်ပြောပါတယ်။

အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) က အမျိုးသမီးတွေ အခွင့်အရေး ချိုးဖောက်ခံရတာနဲ့ ပတ်သက်ပြီး အစီရင်ခံစာတွေ ထုတ်ပြန်ခဲ့ပေမဲ့ မြန်မာစစ်အစိုးရကတော့ သူတို့ ကျူးလွန်ခြင်း မရှိကြောင်း အစဉ်တစိုက် ငြင်းဆိုခဲ့သလို မြန်မာပြည်မှာ ကျား၊ မ တန်းတူ အခွင့်အရေး ရှိကြောင်းကိုလည်း ပြောဆိုခဲ့ပါတယ်။

ဒီကနေ့ ကျရောက်တဲ့ နိုင်ငံတကာ အမျိုးသမီးများနေ့ အခမ်းအနားကို အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) က ဦးဆောင်ပြီး ထိုင်း၊ မြန်မာ နယ်စပ်က မဲဆောက်၊ မယ်ဟောင်ဆောင်နဲ့ ချင်းမိုင်၊ တရုတ်၊ အိန္ဒိယ စတဲ့ နယ်စပ်တွေမှာလည်း ကျင်းပခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG