သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၁၀ ရွေးကောက်ပွဲ စစ်တပ်က ဒိုင်လူကြီး မဖြစ်နိုင်


မြန်မာစစ်အစိုးရက ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ ဥပဒေကို ပြဋ္ဌာန်းလိုက်ပြီ ဖြစ်ပါတယ်။ ဒါပေမဲ့ အခုတခါ ကျင်းပမယ့် ၂၀၁၀ ရွေးကောက်ပွဲဟာ လက်ရှိ စစ်အစိုးရအတွင်း ပါဝင်နေတဲ့ တာဝန်ရှိသူတွေလည်း ရွေးကောက်ပွဲဝင်မယ်လို့ သတင်းတွေ ထွက်ပေါ်နေတာကြောင့် ၁၉၉၀ ရွေးကောက်ပွဲနဲ့ မတူကွဲပြားတာတွေ ရှိနေတယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ထိပ်တန်းခေါင်းဆောင် တဦးက သုံးသပ်ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး အပြည့်အစုံကို ကိုရန်နိုင်က တင်ပြပေးထားပါတယ်။

ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝန်းက ၂၀၁၀ ရွေးကောက်ပွဲကို ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အားလုံး ပါဝင်နိုင်ရေးအတွက် တောင်းဆိုနေတဲ့ တချိန်တည်းမှာပဲ မြန်မာစစ်အစိုးရက ၂၀၁၀ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေကို ထုတ်ပြန်လိုက်ပြီ ဖြစ်ပါတယ်။ ဒါပေမဲ့ ရွေးကောက်ပွဲကို ဘယ်နေ့ ဘယ်ရက်မှာ ကျင်းပမယ်ဆိုတာကို ထုတ်ပြန်ပြောဆို မသွားခဲ့ပါဘူး။ အခု ကျင်းပမယ်ဆိုတဲ့ ၂၀၁၀ ရွေးကောက်ပွဲဟာ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲ ပြီးကတည်းက နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးအကြိမ် ကျင်းပတဲ့ ရွေးကောက်ပွဲ ဖြစ်ပါတယ်။

အခုတကြိမ် ကျင်းပမယ့် ရွေးကောက်ပွဲနဲ့ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲ ကွခြားချက်နဲ့ ပတ်သက်ပြီးတော့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် တဦးဖြစ်တဲ့ ဦးခင်မောင်ဆွေက အခုလို သုံးသပ်ပါတယ်။

“၉၀ ခုနှစ် ရွေးကောက်ပွဲတုန်းက တပ်မတော် အစိုးရကနေပြီးတော့ တရားမျှတ လွတ်လပ်အောင် ကျင်းပပေးမယ် ဆိုပြီးတော့ ကြေညာပြီးမှ လုပ်တာပါ။ အဲဒီ အချိန်အခါတုန်းက တပ်မတော်ဟာ သူတို့ ကြေညာထားတဲ့အတိုင်း ဒိုင်လူကြီးအဖြစ် ရပ်ပြီး ရွေးကောက်ပွဲတခုကို ကျင်းပပေးခဲ့တယ်။ ကျင်းပပေးခဲ့တဲ့ အတိုင်းလည်း တရားမျှတ လွတ်လပ်တဲ့ ရွေးကောက်ပွဲကြီးတခု ဖြစ်လာခဲ့တာ အားလုံးအသိပါပဲ။

“ဒါပေမဲ့ ၂၀၁၀ နဲ့ သွားနှိုင်းယှဉ်မယ် ဆိုရင်တော့ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲလောက်တော့ သိပ်မျှော်မှန်းချက် ထားလို့ရမယ် မဟုတ်ဘူးလို့ပဲ ပြောချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အခုလက်ရှိ ဝန်ကြီးတွေက အရပ်ဝတ် လဲပြီးသော်လည်းကောင်း၊ လက်ရှိရာထူးနဲ့သော်လည်းကောင်း ရွေးကောက်ပွဲ ဝင်ပြိုင်မယ်ဆိုတဲ့ အသံတွေကလည်း တိုင်းသိပြည်သိ ကြားနေရတော့ တပ်မတော်ရဲ့ ပါနေတဲ့ အပိုင်းအစတွေဟာ ဒိုင်လူကြီး မဟုတ်တော့ဘဲ သူတို့ပါ ပါဝင် ရွေးကောက်မယ် ဆိုတော့ ဘက်လိုက်မှု ကင်းဖို့ဆိုတာ အင်မတန် အရေးကြီးပါတယ်။”

၂၀၁၀ ရွေးကောက်ပွဲ ကျင်းပဖို့ကို အတည်ပြုပေးခဲ့တဲ့ ၂၀၀၈ ခုနှစ် အခြေခံဥပဒေ ဆန္ဒခံယူပွဲကို နိုင်ငံတကာက စောင့်ကြည့်သူတွေကို ထားရှိဖို့အတွက် တောင်းဆိုခဲ့ပေမဲ့လည်း မြန်မာစစ်အစိုးရဘက်က ဝင်ခွင့်မပေးခဲ့ပါဘူး။ အခုတခါ ၂၀၁၀ ရွေးကောက်ပွဲကို နိုင်ငံတကာ အပါအဝင် အများက လက်ခံပြီး လွတ်လပ်၊ တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့အတွက် ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်တဲ့ သူတွေကို ခွင့်ပြုသင့်တယ်လို့ ဦးခင်မောင်ဆွေက ပြောပါတယ်။

“၂၀၁၀ ရွေးကောက်ပွဲ ကျင်းပတဲ့အခါမှာ နိုင်ငံတကာ မျက်နှာစာမှာ မြန်မာနိုင်ငံရဲ့ ဂုဏ်သိက္ခာရှိရှိနဲ့ ရွေးကောက်ပွဲ ကျင်းပတယ်ဆိုတဲ့ အဖြစ်ကို ရောက်အောင် မှန်ကန်တဲ့ ရွေးကောက်ပွဲ စနစ်တခုကို တကယ်ပဲ ကျင်းပတယ်ဆိုတာ နိုင်ငံတကာကို ပြဖို့နဲ့ ပြည်သူလူထုကြီးကိုလည်း လိမ်လည်လှည့်ဖျားခြင်း မရှိဘဲနဲ့ ကျင်းပနိုင်အောင် နိုင်ငံတကာ ကျွမ်းကျင်အဆင့် ရှိတဲ့ ရွေးကောက်ပွဲ စောင့်ကြပ် ကြည့်ရှုတဲ့ အဖွဲ့တွေကိုတော့ ဝင်ခွင့်ပေးဖို့ အင်မတန် လိုအပ်ပါတယ်။

“အဲဒီလို နိုင်ငံတကာက တောင်းဆိုထားတဲ့ စေတနာ့ဝန်ထမ်း အဖွဲ့တွေက လာပြီးတော့ စောင့်ကြပ် ကြည့်ရှုပေးမယ့်ဟာကိုမှ ငြင်းပယ်မယ် ဆိုရင်တော့ ရွေးကောက်ပွဲ တရားမျှတမှုကို အင်မတန်မှ သွားပြီးတော့ ထိခိုက်လိမ့်မယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်။ ဒါကြောင့် ၂၀၁၀ ရွေးကောက်ပွဲကို တရားမျှတ လွတ်လပ်စေချင်တယ်ဆိုရင် နိုင်ငံတကာက စောင့်ကြပ် လေ့လာတဲ့ ပုဂ္ဂိုလ်တွေကို ဝင်ခွင့်ပေးဖို့ လိုအပ်တယ်လို့ ဒီနေရာမှာ ကျနော် ပြတ်ပြတ်သားသားပဲ ပြောချင်ပါတယ်။”

၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတုန်းက NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က အမတ်နေရာ ၈၀% ကျော်နဲ့ မဲအပြတ်အသတ် အနိုင်ရခဲ့ပြီးတော့ မြန်မာစစ်အစိုးရကလည်း ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ကြောင်း၊ အနိုင်ရတဲ့ ပါတီကိုလည်း တိုင်းပြည်ရဲ့ အာဏာကို လွဲှပြောင်းပေးသွားမှာ ဖြစ်တယ်လို့ အဲဒီအချိန်တုန်းက မြန်မာစစ်အစိုးရရဲ့ အကြီးအကဲဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီး စောမောင်က ပြောကြားခဲ့ပါတယ်။

ဒါပေမဲ့ ပြည်သူလူထုရဲ့ တခဲနက် ထောက်ခံမှုနဲ့ ရွေးကောက်ပွဲမှာ မဲအပြတ်အသတ်နဲ့ အနိုင်ရရှိခဲ့တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို နိုင်ငံတော်အာဏာကို လွဲှပြောင်းပေးခဲ့ခြင်း မရှိခဲ့သလို မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အတိုက်အခံ နိုင်ငံရေး လှုပ်ရှားသူတွေကို မတရား ဖမ်းဆီး ဖိနှိပ်တာတွေကို လုပ်ခဲ့ပါတယ်။

အခုလို ရွေးကောက်ပွဲ ဥပဒေကို ထုတ်ပြန်လိုက်ပေမဲ့လည်း လက်ရှိ အတိုက်အခံတွေအပေါ် ဖမ်းဆီးဖိနှိပ်နေတဲ့ အခြေအနေတွေအရ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်လာဖို့ အတွက်ကတော့ မေးခွန်းထုတ်စရာ ဖြစ်နေတုန်းပဲလို့ ဦးခင်မောင်ဆွေက အခုလို ပြောပါတယ်။

“ကျနော်တို့လို တရားဝင်ပါတီဟာ ရွေးကောက်ပွဲ မပြောနဲ့ စည်းရုံးရေးဆင်းဖို့တောင် အခက်အခဲ ရှိနေပြီးတော့ မြို့နယ်အဖွဲ့တွေ၊ တိုင်းအဖွဲ့တွေကို ဖွင့်ပေးဖို့ တောင်းဆိုတာလည်း ကြိမ်ဖန်များစွာ ရှိနေပြီ။ ဒါ့အပြင် ရန်ကုန်တိုင်းကို ဖွင့်ပေးဖို့ တောင်းဆိုတဲ့အခါ သက်ဆိုင်ရာ အာဏာပိုင်တွေက ခေါ်ယူတွေ့ဆုံပြီး ဖွင့်ပေးတော့မလိုအထိ ဖြစ်သွားပြီးမှ အခုထိ ဘာမှ အကြောင်းမကြားတာ ဖြစ်နေပါတယ်။

“သို့သော်လည်း နယ်တွေမှာ တရားဝင် ဖွဲ့ထားတဲ့ နိုင်ငံရေးပါတီတွေ ပါသလို တရားဝင် မဖွဲ့သေးတဲ့၊ ပါတီအဖြစ် မရောက်သေးတဲ့ နိုင်ငံရေးအုပ်စုတွေက ရွေးကောက်ပွဲအတွက် ဆိုပြီးတော့ နယ်လှည့် စည်းရုံးရေး ဆင်းနေတာတွေကို ကြားသိနေရပါတယ်။ ဒါတွေဟာ Free and Fair Election ကို ဖြစ်မယ်ဆိုရင် လွတ်လပ် တရားမျှတတဲ့ ရွေးကောက်ပွဲရဲ့ တရားမျှတမှုကို မတိုင်ခင်ကတည်းက ထိခိုက်နေပြီလို့ ပြောရမှာ ဖြစ်ပါတယ်။”

အခုလို မြန်မာစစ်အစိုးရက ရွေးကောက်ပွဲ ဥပဒေကို ထုတ်ပြန်ကြေညာလိုက်ပေမဲ့လည်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကတော့ ရွေးကောက်ပွဲ ဝင်မယ်၊ မဝင်ဘူး ဆိုတာကို အခုချိန်ထိ မဆုံးဖြတ်သေးဘဲ ရွှေဂုံတိုင် ကြေညာချက် မူအတိုင်း ဆက်လက်ရပ်တည်နေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG