သုံးရလွယ်ကူစေသည့် Link များ

NLD ရုံးခွဲတွေ ပြန်ဖွင့်ခွင့်ရ


မြန်မာစစ်အစိုးရက ဒီနှစ်ထဲ ရွေးကောက်ပွဲ ကျင်းပပေးမယ်ဆိုပြီး ဥပဒေတွေ ထုတ်ပြန်လာတဲ့ တချိန်တည်းမှာပဲ တိုက်တိုက်ဆိုင်ဆိုင် ဆိုသလို အဓိက အတိုက်အခံ နိုင်ငံရေးပါတီကြီးတခု ဖြစ်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီရဲ့ တိုင်းနဲ့ပြည်နယ်ရုံး အတော်များများကို ပြန်လည်ဖွင့်လှစ်ခွင့် ပေးလိုက်ပါတယ်။ အဓိက နိုင်ငံရေး အင်အားစုတွေ ပါဝင်ခွင့် မရှိတာမို့ ဝေဖန်မှုတွေ ထွက်ပေါ်နေတဲ့ အချိန်မှာ အရင်က ပိတ်ထားတဲ့ ရုံးတွေကို ပြန်ဖွင့်ခွင့် ပေးလိုက်တာ ဖြစ်ပါတယ်။

ဒီနေ့ နောက်ဆုံး ရုံးတွေ ဖွင့်ခွင့်ပေးလိုက်တဲ့ အခြေအနေနဲ့ ပတ်သက်လို့ NLD ပါတီ ပြောခွင့်ရသူ ဦးဉာဏ်ဝင်းက အခုလို ပြောပြပါတယ်။

“အခုချိန်ထိ ရတဲ့သတင်းအရ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်မှာ ချိပ်ပိတ်ထားတဲ့ NLD ရုံးတွေကို လာပြီး အကြောင်းကြား၊ အတင်းခေါ် ပြန်ဖွင့်ပေးနေတယ်။ ညနေ ၄ နာရီ နောက်ပိုင်းမှာ။ ပြည်နယ်တော့ အခုထိ သတင်းမရသေးဘူး။ ရတာက မန္တလေး တိုင်းရုံးအတွက် လာခေါ်တယ်၊ ရန်ကုန် တိုင်းရုံးအတွက် ဒေါက်တာသန်းငြိမ်း ခေါ်တယ်လို့ ကြားတယ်။”

မန္တလေးတိုင်းထဲမှာ ရုံးတွေ ပြန်ဖွင့်ဖို့ အကြောင်းကြားခဲ့တဲ့ အကြောင်းကိုလည်း NLD ပါတီရဲ့ မန္တလေးတိုင်း ဥက္ကဋ္ဌ ဦးသိန်းတန်က အခုလို ပြောပြပါတယ်။

“ကျနော်တို့ကိုလည်း ဒီနေ့ညနေ ၄ နာရီခွဲမှာ ကျနော်နဲ့ ကျနော့် အတွင်းရေးမှူး မောင်မောင်သန်း နှစ်ဦးတည်းကို တ၀တက ခေါ်တွေ့ပါတယ်။ တ၀တရော၊ ခ၀တရော၊ ကော်မရှင်ရော လူစုံပါတယ်။ တိုင်းထဲမှာရှိတဲ့ မြို့နယ်တွေ အားလုံးကို ဖွင့်ခွင့်ပေးလိုက်ပါပြီ၊ ကျနော်တို့ကို။ ဖွင့်တဲ့အခါ သူတို့ကို အကြောင်းကြားပါ။ သူတို့ကိုယ်တိုင် သိမ်းထားတဲ့ သော့တွေနဲ့ မြို့နယ် ဥက္ကဋ္ဌတွေနဲ့ ရဲတွေနဲ့ မှတ်တမ်းယူပြီးရင် သူတို့ တိုင်းရုံးတွေကို ဖွင့်ခွင့်ပေးလိုက်ပါပြီ။

“ဆွေးနွေးပြီးတာက ညနေ ၅ နာရီ သာသာလောက်မှာ ဆိုတော့ ကျနော်တို့ ဘာမှ မလုပ်ရသေးပါဘူး။ မနက်ဖြန် မနက်ကို တိုင်းစည်းအားလုံးခေါ် စီစဉ်ပြီး မြို့နယ်တွေနဲ့ ညှိမှာပါ။ အခုချိန်ထိတော့ ကျနော်တို့ ဘာမှ မဖွင့်ရသေးပါဘူး။ ဒါပေမဲ့ မြင်းခြံမှာ ဖွင့်ပြီးသွားပါပြီ။ မြင်းခြံမှာတော့ ၆ နာရီလောက် လာပြောပြီး ၇ နာရီလောက်မှာ သူတို့ ဖွင့်ပြီး သေသေချာချာ အပ်တယ်လို့ ပြောပါတယ်။ မတ္တရာကိုလည်း သူတို့ ဖွင့်ဖို့ လာပြောပြီလို့ ပြောတယ်။ ဖွင့်တယ်၊ မဖွင့်တယ်တော့ မသိရသေးပါဘူး။ မြို့နယ်ရုံးတွေကျတော့ သူတို့ ဘီဒိုလေးတွေ သော့ခတ်ထားတယ်ဆိုတော့ ဘီဒိုသော့ ပေးလိုက်တာပါပဲ။”

ဒါပေမဲ့လည်း ၂၀၀၃ ခုနှစ် စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စည်းရုံးရေး ခရီးစဉ်ကို တိုက်ခိုက်ခံခဲ့ရပြီးနောက် ပိတ်ပင်ခဲ့တဲ့ ရုံးအတော်များများ အခုမှ ဖွင့်လှစ်ခွင့် ရခဲ့တာမို့ နစ်နာမှုတွေ ကြုံခဲ့ရတဲ့အတွက် ဒါတွေကို ဥပဒေကြောင်းအရ တုံ့ပြန်သွားမယ်လို့လည်း ဦးဉာဏ်ဝင်းက ပြောပါတယ်။

“လျော်ကြေးတောင်းဖို့ စဉ်းစားနေတယ်။ ၂၀၀၃ ခုနှစ်၊ မေလ ၃၀ ရက်နေ့ကစပြီး ဒီနေ့အထိ၊ ပိတ်ထားတဲ့ ကာလတခုလုံး အတွက်ပါ။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ မိမိ စည်းရုံးရေး လုပ်ငန်းများကို လုပ်ကိုင်၍ မရအောင် တားဆီးခံရတဲ့အတွက် နစ်နာမှု၊ လောအော့ဖ်တော့ (Law of Tort) ဆိုတာရှိတယ်။ လောအော့ဖ်တော့ ဆိုတာ ဒီလို အထွေထွေ နစ်နာမှုတွေအတွက် ပြဋ္ဌာန်းတဲ့ ဥပဒေ။ ဒါ တကမ္ဘာလုံး ကျင့်သုံးနေတဲ့ ဥပဒေ။ လောအော့ဖ်တော့အရ အန်ကယ်တို့က တရားစွဲပြီးတော့ နစ်နာကြေး တောင်းဆိုနိုင်တယ်။ မြန်မာနိုင်ငံ ဥပဒေမှာ ကျင့်သုံးတာရှိတယ်။ Damages လေ၊ နစ်နာကြေး ပေးရတာ။”

ဒီနေ့ ပါတီရုံးတွေ ပြန်လည်ဖွင့်လှစ်ခွင့် ပြုခဲ့တဲ့အကြောင်းနဲ့ ပတ်သက်လို့ NLD ပါတီ ပြောခွင့်ရသူ ဦးဉာဏ်ဝင်း ပြောပြသွားတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG