သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာစစ်အစိုးရကို အရေးယူပိတ်ဆို့မှု ဆက်လုပ်ဖို့လို


မြန်မာစစ်အစိုးရ ဒီနှစ်အတွင်းကျင်းပဖို့ စီစဉ်နေတဲ့ ရွေးကောက်ပွဲမှာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပါဝင်ခွင့်မပြုတဲ့အတွက် စစ်အစိုးရအပေါ်ထားတဲ့ အမေရိကန်ရဲ့ ထိတွေ့ဆက်ဆံရေး မူဝါဒဟာ အောင်မြင်မှု မရှိဘူးလို့ အမေရိကန် အဆင့်မြင့် အရာရှိတဦးက ပြောဆိုလိုက်ပါတယ်။ အပြည့်အစုံကို ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

အခုသီတင်းပတ်အတွင်း စစ်အစိုးရက ပါတီစုံ ဒီမိုကရေစီရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေ ထုတ်ပြန်ကြေညာ လိုက်တဲ့အထဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို ဝင်ရောက် ယှဉ်ပြိုင်ခွင့်မပြုတဲ့အပြင် သူမရဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကိုလည်း အားနည်းသွားစေတယ်လို့ ဝေဖန် ပြောဆိုနေကြတာပါ။

စစ်အစိုးရက အခုကျင်းပမယ့် ရွေးကောက်ပွဲအတွက် ကန့်သတ်ချုပ်ချယ်တဲ့ ဥပဒေတွေ ထုတ်ပြန်လိုက်တာဟာ ဒီမိုကရေစီအရေး ဖော်ဆောင်မှုအတွက် အထောက်အကူ မပြုဘူးလို့ အရှေ့အာရှရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့ ကမ်ဘဲလ် (Kurt Campbell) က ဘန်ကောက်မြို့မှာ သတင်းထောက်တွေကို ဒီကနေ့ ပြောကြားခဲ့ပါတယ်။

"ကျနော်တို့ အတော်ကို စိတ်ပျက်မိသလို စိုးရိမ်မှုလည်း ဖြစ်ရပါတယ်။ ဒါဟာ အင်မတန်မှ နောင်တရစေတဲ့ လုပ်ရပ်ပါ။ ဒီကိစ္စနဲ့ပတ်သက်ပြီး မနေ့က နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ကြေညာချက်မှာလည်း ခင်ဗျားတို့ တွေ့ပြီးလောက်ပါပြီ။ ရှေ့ကို ဘာဆက်လုပ်သင့်တယ် ဆိုတာ ဒေသတွင်းမှာရှိနေတဲ့ ကျနော်တို့ရဲ့ မဟာမိတ်နိုင်ငံတွေနဲ့ တိုင်ပင်သွားမယ်ဆိုတာကတော့ သေချာပါတယ်၊ ဒါပေမဲ့ ဒါဟာ ကျနော် မျှော်လင့်ထားတဲ့အတိုင်း မဟုတ်သလို ဆုတ်ယုတ်မှုတခုသာ ဖြစ်ပါတယ်။"

မြန်မာနိုင်ငံအတွင်း တိုးတက်မှုတစုံတရာ မတွေ့ရတဲ့အပြင် အခုလို ဆုတ်ယုတ်မှုတွေ ဖြစ်ပေါ်နေတဲ့အတွက် လက်ရှိ ပိတ်ဆို့အရေးယူမှုတွေကို ဆက်ထားသင့်တယ်လို့ ကာ့ ကမ်ဘဲလ် က ပြောပါတယ်။

"အမေရိကန်အစိုးရအနေနဲ့ မြန်မာစစ်အစိုးရအပေါ်ထားတဲ့ မူဝါဒကို ပြန်လည် သုံးသပ်နေတယ် ဆိုတဲ့အချက်ကို ထပ်လောင်း ပြောကြားလိုပါတယ်။ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေအရ စစ်အစိုးရအပေါ် ပိတ်ဆို့အရေးယူမှုတွေ ဆက်လက် ချဖို့ လိုပါလိမ့်မယ်။"

လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ကာ့ ကမ်ဘဲလ် ဟာ လောလောဆယ် အာရှ ၁၀ နိုင်ငံကို ခရီးလှည့်နေတာဖြစ်ပါတယ်။

သမ္မတ ဘရက်ခ် အိုဘားမားအစိုးရ တက်လာပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ ပြောင်းလဲမှုတစုံတရာ ဖြစ်လိုဖြစ်ညားဆိုတဲ့ မျှော်လင့်ချက်နဲ့ စစ်အစိုးရကို လုံး၀ ပစ်ပယ်ထားတဲ့ပေါ်လစီကို ပြောင်းပြီး အကန့်အသတ်နဲ့ ထိတွေ့ဆက်ဆံရေး မူဝါဒကို ချမှတ်ကျင့်သုံးခဲ့ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံအတွင်းမှာ သိသာထင်ရှားတဲ့ ပြောင်းလဲမှု တစုံတရာ မတွေ့ရမချင်း ဒီပိတ်ဆို့ အရေးယူမှုတွေကို ရုတ်သိမ်းပေးမှာမဟုတ်ဘူးလို့ အိုဘားမား အစိုးရက ပြောပါတယ်။ အထူးသဖြင့်တော့ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်က လွတ်ပေးပြီး ရွေးကောက်ပွဲမှာ ပါဝင်ခွင့်ပြုဖို့ အမေရိကန်နဲ့ နိုင်ငံတကာ အသိုင်းဝိုင်းက လိုလားနေကြတာပါ။

အခုထုတ်ပြန်လိုက်တဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေဟာ အဲန်အယ်လ်ဒီ ကိုရော၊ မြန်မာပြည်သူ အားလုံးအတွက်ပါ စိန်ခေါ်မှုတရပ် ဖြစ်ပြီးတော့ ဒီစိန်ခေါ်မှုကို ပြည်သူတွေအားလုံးက ညီညီညွတ်ညွတ်နဲ့ ရင်ဆိုင်ကြဖို့၊ စိတ်ဓါတ် ခွန်အားရှိကြဖို့ လိုအပ်တယ်လို့ မနေ့ကပဲ သူနဲ့ တွေ့ဆုံခွင့်ရခဲ့တဲ့ အကျိုးဆောင်ရှေ့နေကြီး ဦးဉာဏ်ဝင်းကတဆင့် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။

ရွေးကောက်ပွဲဝင်လိုတဲ့ ပါတီတွေအနေနဲ့ လာမယ့် တနင်္လာနေ့ကစပြီး ရက် ၆၀ အတွင်း မှတ်ပုံတင်ကြရမှာ ဖြစ်ပါတယ်။ စစ်အစိုးရက အခုရက်ပိုင်းအတွင်း အဲန်အယ်လ်ဒီ ပါတီရုံးတချို့ကို ပြန်ဖွင့်ခွင့်ပေးခဲ့ပါတယ်။ ဒါပေမဲ့ ခေါင်းဆောင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နဲ့ လွှတ်တော်အမတ် ၁၂ ယောက်အပါအဝင် ပါတီဝင် ၄၀၀ ကျော်ကို ဖမ်းဆီး ထိန်းသိမ်းထားဆဲ ဖြစ်တယ်လို့ အမေရိကန် အခြေစိုက် လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့က ပြောပါတယ်။

အဲန်အယ်လ်ဒီ ပါတီကတော့ ခုချိန်ထိ ရွေးကောက်ပွဲကို ဝင်မယ်မဝင်ဘူးဆိုတာ မဆုံးဖြတ်ရသေးပါဘူး။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG