သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲ အတုအယောင်အဖြစ် အာဆီယံအဖွဲ့ဝင်တွေ ဝေဖန်


မြန်မာစစ်အစိုးရ ဒီနှစ်ထဲကျင်းပဖို့ ပြင်ဆင်နေတဲ့ရွေးကောက်ပွဲအတွက် ထုတ်ပြန်လိုက်တဲ့ ဥပဒေဟာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် တခြားခေါင်းဆောင်တွေကိုပါ ပါဝင်ခွင့်မရအောင် ပြဌာန်းလိုက်တာမို့ ဝမ်းနည်းစရာကောင်းတယ်လို့ အာဆီယံအဖွဲ့ဝင် အင်ဒိုနီးရှား နိုင်ငံက ပြောဆိုလိုက်သလို ဒီဥပဒေကို ပြန်ပြီးပြင်ဆင်ပေးဖို့ ဖိလစ်ပိုင်နိုင်ငံကလည်း တောင်းဆိုလိုက်ပါတယ်။ အခုလို မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး အာဆီယံနိုင်ငံတွေက ဘာပြောဆိုသလဲဆိုတာ အပြည့်အစုံကို ဆက်သွယ်မေးမြန်းထားတဲ့ ဒေါ်ခင်မျိုးသက် က တင်ပြထားပါတယ်။

မြန်မာစစ်အစိုးရ ထုတ်ပြန်လိုက်တဲ့ ရွေးကောက်ပွဲဥပဒေတွေကနေ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲမှာ အဲန်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ တခဲနက် အနိုင်ရမှုကို ပယ်ဖျက်လိုက်သလို မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်ခွင့်မရအောင် တားဆီးထားတာမို့ ဒီဥပဒေအတိုင်း ကျင်းပမယ့် ရွေးကောက်ပွဲဟာ အတုအယောင် ဖြစ်နေတယ်လို့ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး အယ်လ်ဘာတို ရိုမူလို (Alberto Romulo) က ပြောပါတယ်။

နိုင်ငံတကာ လွှတ်တော်အမတ်များ သမဂ္ဂ (IPU) က ဖိလစ်ပိုင် အထက်လွှတ်တော်အမတ် အကွီလီနို နီနီပီမဲန်ဒဲလ် (Aquilino 'NENE' Pimentel) က ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးရဲ့ ပြောကြားချက်တွေကို အခုလို ပြောပါတယ်။

"မြန်မာနိုင်ငံက ရွေးကောက်ပွဲဟာ ဒေါ်အောင်ဆန်းစုကြည် ပါဝင်ခွင့်မရတာမို့ အလိမ်အညာသာ ဖြစ်တယ်လို့ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး အယ်လ်ဘာတို ရိုမိူလို က ပြောလိုက်သလို ဒါဟာ ကျနော်တို့ အတိုက်အခံ အင်အားစုတွေရဲ့ ရပ်တည်ချက်လည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ စစ်အစိုးရက ဒီနှစ်ထဲကျင်းပပေးမယ်ဆိုတဲ့ ရွေးကောက်ပွဲဟာ အတုအယောင်ပါလို့ ပြောဆိုတဲ့နေရာမှာတော့ အစိုးရရော အတိုက်အခံပါ တသားတည်း ရှိကြပါတယ်။"

မြန်မာအာဏာပိုင်တွေရဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ ထုတ်ပြန်တာကို ဖိလစ်ပိုင်အစိုးရက အခုလို ရှုတ်ချလိုက်ပြီး ရွေးကောက်ပွဲမှာ အဖွဲ့အစည်းအားလုံး ပါဝင်ခွင့်ရအောင် ပြန်ပြီး ပြင်ဆင်ပေးဖို့ကိုလည်း တောင်းဆိုလိုက်ပါတယ်။

"မြန်မာအစိုးရအနေနဲ့ အားလုံးကို ပါဝင်ခွင့်ပေးသင့်ပါတယ်။ တိုင်းပြည်မှာ သက်ဆိုင်သူတွေအားလုံး ပါဝင်ရမယ်ဆိုတဲ့ အဓိပ္ပါယ်ပါ။ ဒါပေမဲ့ ပထမဆုံးအနေနဲ့ လုပ်သင့်တာကတော့ အခြေခံဥပဒေကို ပြန်လည် မူကြမ်းရေးဆွဲဖို့ လိုပါတယ်။ ဒါမှသာ သက်ဆိုင်သူအားလုံး ပါဝင်နိုင်တဲ့ အခြေအနေမျိုး ဖြစ်မှာပါ။ တရားဥပဒေစိုးမိုးရေး အခြေခံတွေနဲ့ ရေးဆွဲထားတဲ့ ဒီအခြေခံဥပဒေမူကြမ်းကိုမှ ဆန္ဒခံယူပွဲတွေကနေတဆင့် အတည်ပြုပေးရမှာပါ။ ဆန္ဒခံယူပွဲဆိုတာကလည်း အရင်တခေါက် လုပ်ခဲ့သလို နားဂစ် မုန်တိုင်း တိုက်ခတ်ပြီး ရက်ပိုင်းအကြာ လူတွေ ဒုက္ခသုက္ခတွေကြားမှာ လုပ်တာမျိုး မဟုတ်ဘဲနဲ့ ဆောင်ရွက်သွားရမှာဖြစ်ပါတယ်။"

မြန်မာနိုင်ငံရဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံဥပဒေဟာ မြန်မာလူထုရဲ့ ဆန္ဒနဲ့ တထပ်တည်း မကျဘူးလို့ တခြား အာဆီယံ နိုင်ငံတွေကလည်း လက်ခံကြပါတယ်။ အင်ဒိုနီးရှားနိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ တိကုဖိုင်ဇာယား (Teuku Faizasyah) ကလည်း ဒေါ်အောင်ဆန်းစုကြည်အပါအဝင် တခြား ခေါင်းဆောင်တွေကို ပါဝင်ခွင့်မပေးတဲ့ ဒီရွေးကောက်ပွဲဥပဒေ ထုတ်ပြန်တဲ့အတွက် ဝမ်းနည်းကြောင်း ပြောကြားလိုက်ပါတယ်။

မလေးရှားလွှတ်တော်အမတ် ထရီဆာ ကော့ ကတော့ မလေးရှားအစိုးရအနေနဲ့ တစုံတရာ တုံ့ပြန်တာမျိုး မတွေ့ရသေးပေမယ့် မလေးရှားနိုင်ငံကလည်း ဒီဥပဒေသစ်တွေနဲ့ ပတ်သက်ပြီး ပြောကြားဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

"မလေးရှားအစိုးရ အနေနဲ့ ဒီကိစ္စနဲ့ပတ်သက်လို့ ထုတ်ပြန်တာတော့ ကျမ မတွေ့သေးပါဘူး။ ဒါပေမဲ့ အင်ဒိုနီးရှား အစိုးရနဲ့ ဖိလစ်ပိုင်အစိုးရတို့က သူတို့ရဲ့ သဘောထားတွေကို တင်ပြကြတာ တွေ့ရလို့ ဝမ်းသာပါတယ်။ ဒါဟာ ကောင်းတဲ့အရိပ် လက္ခဏာလို့ ဆိုရမှာပါ။ မလေးရှားအစိုးရအနေနဲ့ မြန်မာစစ်အစိုးရက ကြေညာတဲ့ရွေးကောက်ပွဲ ဥပဒေသစ်အပေါ် သဘောထားကိုလည်း ကြေညာဖို့ ကျမတို့ တိုက်တွန်းမှာဖြစ်ပါတယ်။"

မြန်မာစစ်အစိုးရအနေနဲ့ ဒီနှစ်ထဲကျင်းပဖို့ ပြင်နေတဲ့ ရွေးကောက်ပွဲဟာ တရားမျှတမှုရှိမယ်လို့ ပြောကြားထားတဲ့အတိုင်း လိုက်နာဖို့တော့ လိုအပ်တယ်လို့ ဆိုပါတယ်။

"ဒီရွေးကောက်ပွဲဥပဒေဟာ အဓိပ္ပါယ်မရှိဘူးလို့ ကျမ ထင်ပါတယ်။ မြန်မာစစ်အစိုးရက တရားမျှတပြီး လွတ်လပ်တဲ့ ရွေးကောက်ပွဲ ကျင်းပပေးမယ်လို့ ကမ္ဘာကို ကြေညာခဲ့ပြီး ဖြစ်ပါတယ်။ နှစ် ၂၀ အကြာမှာ စေတနာအရင်းမှန်နဲ့ ပြုလုပ်ပေးတာ မတွေ့ရဘဲ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အဲန်အယ်လ်ဒီ နိုင်ငံရေးအကျဉ်းသားတွေ မပါဝင်နိုင်အောင် အခုလို ပိတ်ပင်တာဟာ ရွေးကောက်ပွဲတရပ်လုံးကို စော်ကားရာ ရောက်တယ်လို့ ကျမ ထင်ပါတယ်။"

မလေးရှား လွှတ်တော်အမတ် မစ္စ ထရီဆာ ကော့ က ပြောကြားလိုက်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG