သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းနိုင်ငံမှာ အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ စတင်


ထိုင်းနိုင်မှာ အစိုးရဆန့်ကျင်သူတွေက လာမယ့်တနင်္ဂနွေနေ့မှာ ဆန္ဒပြပွဲ အကြီးအကျယ် ပြုလုပ်ကြမယ့် ဘန်ကောက် မြို့တော်မှာ ဒီနေ့ စတင်စုဝေးနေကြပါတယ်။ သူတို့က အာဏာရ ဝန်ကြီးချုပ် Abhisit Vejjajhiva အစိုးရကို ရွေးကောက်ပွဲသစ် တရပ်ကျင်းပပေးဖို့ တွန်းအားပေး တောင်းဆိုကြမှာ ဖြစ်ပါတယ်။

အနီရောင်အင်္ကျီဝတ်ဆက်ထားတဲ့ UDD အဖွဲ့က အစိုးရဆန့်ကျင် ဆန္ဒပြသူတွေဟာ ဒီကနေ့ ဘန်ကောက်မြို့က အချက်အခြာကျတဲ့နေရာ ၅ နေရာမှာ စတင်စုဝေးနေကြပါတယ်။ တနင်္ဂနွေမှာပြုလုပ်မယ့် ဆန္ဒပြပွဲကြီးမှာ ထိုင်းနိုင်ငံတခွင်က လူတွေထောင်သောင်းချီ ပါဝင်နိုင်ဖို့ ဆန္ဒပြပွဲကို ဦးဆောင်စီစဉ်နေသူတွေက ရည်မှန်းပြီး ကြိုးပမ်းနေကြပါတယ်။

အနီရောင်အင်္ကျီဝတ် UDD အဖွဲ့သားတွေက အကြမ်းမဖက်တဲ့နည်းနဲ့ ဆန္ဒပြမယ်လို့ ပြောနေပေမဲ့ ထိုင်းအစိုးရကတော့ ဆန္ဒပြနေစဉ်အတွင်း လုံခြုံရေးတပ်သား ၅၀,၀၀၀ လောက်ကို ဘန်ကောက်မြို့တခွင်မှာ နေရာချထားမှာဖြစ်ပါတယ်။ ဒါ့အပြင် စစ်တပ်ကို လုံခြုံရေးအတွက် တာဝန်ယူစေတဲ့ Internal Security Act လို့ခေါ်တဲ့ ပြည်တွင်းလုံခြုံရေး ဥပဒေကိုလည်း ထိုင်းအစိုးရက လတ်တလော ထုတ်ပြန်ထားတာပါ။ ဒီဥပဒေအရ စစ်တပ်အနေနဲ့ ညမထွက်ရအမိန့်ကို ထုတ်ပြန်နိုင်တဲ့အပြင် လူတွေရဲ့ သွားလာလှုပ်ရှားမှုကိုလည်း ကန့်သတ်ပိုင်ခွင့်ရှိမှာ ဖြစ်ပါတယ်။

၂၀၀၆ ခုနှစ် ဝန်ကြီးချုပ်ဟောင်း တက်ဆင် ရှီနဝဒ် (Thaksin Shinawawtra) ရာထူးကနေ ဖယ်ရှားခြင်းခံခဲ့ရပြီးကတည်းက ထိုင်းပြည်တွင်းနိုင်ငံရေးမှာ ရှုတ်ထွေးမှုတွေနဲ့ ပြည်နက်လာခဲ့တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG