သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၀န်ကြီးချုပ်ဟောင်း တက်ခ်ဆင် ထောက်ခံသူတွေ ဘန်ကောက်ကို ဆက်လက်ချီတက်


ထိုင်းဝန်ကြီးချုပ် အဘီဆစ် ဝိချာချီ၀ အစိုးရကို ဖြုတ်ချဖို့ ရည်ရွယ်ချက်နဲ့ ဆန္ဒပြပွဲတွေ ကျင်းပသွားဖို့အတွက် ထိုင်းနိုင်ငံ မြောက်ပိုင်းဒေသက ဒေသခံထောင်ပေါင်းများစွာဟာ ဘန်ကောက်မြို့တော်ကို ရောက်လာနေကြပါတယ်။ ရာထူးက ဖယ်ရှားခံခဲ့ရတဲ့ ထိုင်း ဝန်ကြီးချုပ်ဟောင်း တက်ခ်ဆင် ရှင်နာဝပ် အာဏာပြန်ရလာအောင် မနက်ဖြန်မှာ အကြီးအကျယ် ဆန္ဒပြပွဲတွေ ဆင်နွှဲဖို့ ထရပ်ကားတွေ၊ တခြားယာဉ် အမျိုးမျိုးတွေနဲ့ ရောက်လာကြသူတွေကို လုံခြုံရေး အာဏာပိုင်တွေက ရှာဖွေနေကြတာဟာ ဆိုရင် ဘန်ကောက်မြို့အဝင် အဝေးပြေးလမ်းတွေပေါ်မှာ ပြည့်နှက်နေခဲ့တာပါ။

၆၀၀,၀၀၀ ကနေ ၇၀၀,၀၀၀ ကြားလောက်ရှိမယ့် အင်္ကျီအနီဝတ် ဆန္ဒပြသူတွေလို့ သိကြတဲ့ အာဏာရှင်ဆန့်ကျင်ရေး ဒီမိုကရေစီ ညီညွတ်ရေး တပ်ဦး (UDD) အဖွဲ့ကို ထောက်ခံသူတွေက မြို့တော်ဘန်ကောက်မှာ ချီတက်ကြမှာ ဖြစ်တယ်လို့ ဆန္ဒပြပွဲတွေကို စီစဉ်သူတွေက ပြောပါတယ်။

ဘန်ကောက်မြို့မှာတော့ စစ်သား၊ ရဲနဲ့ လုံခြုံရေး တပ်ဖွဲ့ဝင် ၅၀,၀၀၀ လောက် ကင်းလှည့်နေကြတာပါ။ အစိုးရကတော့ စစ်တပ်က နေဝင်မီးငြိမ်းအမိန့် ထုတ်ပြန်ဖို့နဲ့ သွားလာလှုပ်ရှားမှုတွေကို ကန့်သတ်ခွင့်ရှိတဲ့ ပြည်တွင်းလုံခြုံရေး ဥပဒေတရပ်ကိုလည်း ပြဋ္ဌာန်းခဲ့တာပါ။ ဆန္ဒပြသူတွေကတော့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ချီတက်ကြမှာ ဖြစ်ပြီး၊ ဝန်ကြီးချုပ် အဘီဆစ် ရာထူးက ထွက်ပေးပြီး ရွေးကောက်ပွဲ အသစ်တွေ ကျင်းပနိုင်ဖို့ ရည်ရွယ်ထားကြတာ ဖြစ်ပါတယ်။

၂၀၀၆ ခုနှစ်တုန်းက စစ်တပ်က အာဏာသိမ်းပြီး ရာထူးကဖယ်ရှားခံခဲ့ရတဲ့ ဝန်ကြီးချုပ်ဟောင်း တက်ခ်ဆင်ကို ထောက်ခံသူတွေရဲ့ နောက်ဆုံး လူထုဆန္ဒပြပွဲတွေ ပြီးခဲ့တဲ့နှစ် ဧပြီလမှာ ဖြစ်ပွားခဲ့တုန်းကတော့ အဓိကရုဏ်းတွေနဲ့အတူ လူ ၂ ဦး သေဆုံးခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG