သုံးရလွယ်ကူစေသည့် Link များ

အာဖဂန်နစ္စတန်မှာ အသေခံဗုံးခွဲ၊ လူ ၃၀ ထက်မနည်း သေဆုံး


အာဖဂန်နစ္စတန်နိုင်ငံတောင်ပိုင်း ကန်ဒါဟာမြို့မှာ စနေနေ့ညနေက အသေခံဗုံးဖောက်ခွဲမှု လေးခု ဖြစ်ခဲ့တာကြောင့် လူ ၃၀ ထက် မနည်းသေဆုံးပြီး ၄၆ ယောက် ဒဏ်ရာရသွားတယ်လို့ အာဖဂန်တာဝန်ရှိသူတွေကပြောပါတယ်။ အခုတော့ အခြေအနေကို ထိန်းချုပ်ထားလိုက်နိုင်ပြီလို့ အာဏာပိုင်တွေကပြောကြောင်း ဗွီအိုအေသတင်းထောက် Sean Maroney က ကာဘူးလ် မြို့တော်ကနေ သတင်းပေးပို့ထားပါတယ်။ ကိုကျော်ကျော်သိန်းက အပြည့်အစုံ တင်ပြထားပါတယ်။

ကန်ဒါဟာမြို့တော်မှာ စနေနေ့ညကလုပ်ခဲ့တဲ့ တိုက်ခိုက်မှုရဲ့ အဓိကရည်ရွယ်ချက်ဟာ အကျဉ်းထောင်ကို ဖောက်ဖို့ ဖြစ်တယ်လို့ တာဝန်ရှိသူတွေကယုံကြည်ကြောင်း အာဖဂန်သမ္မတ ဟာမစ်ဒ်ကာဇိုင်းရဲ့ ညီတော်စပ်သူ ကန်ဒါဟာပြည်နယ် အုပ်ချုပ်ရေးကောင်စီ အကြီးအကဲ အာမတ် ၀ါလီ ကာဇိုင်း (Ahmad Wali Karzai) က ဗွီအိုအေကိုပြောပါတယ်။

လက်နက်ကိုင်တွေက အသေခံဗုံးခွဲမှုလေးခုလုပ်ခဲ့ပြီး အကြီးဆုံးက မြို့ရဲ့ အဓိက အကျဉ်းထောင်ရှေ့မှာ ဖြစ်ခဲ့တယ်လို့ သူက ပြောပါတယ်။ သူ့အိမ်နဲ့နီးတဲ့နေရာမှာ ပေါက်ကွဲမှုအသေးစားလေးဖြစ်တဲ့အချိန်မှာ နောက်ထပ်ဖောက်ခွဲမှုက ရဲဌာနချုပ် အပြင်ဘက်မှာ ဖြစ်ခဲ့ပြီး လေးခုမြောက်ဖောက်ခွဲမှုကတော့ မြို့အတွင်း တနေရာမှာဖြစ်ခဲ့တဲ့အကြောင်း Wali Karzai က ပြောပါတယ်။

"အိမ်တွေနဲ့ ဆိုင်တချို့ ပြိုကျပျက်စီးကုန်ပြီးတော့ အပျက်အစီးတွေအောက်မှာ ပိတ်မိနေတဲ့လူတွေကို ကယ်တင်ဖို့ အစိုးရ က ကြိုးစားနေပါတယ်။ ရဲဌာနချုပ်နဲ့နီးတဲ့နားမှာက မင်္ဂလာဆောင်တခုရှိခဲ့တော့ ပေါက်ကွဲမှုကြောင့် အမျိုးသမီးနဲ့ ကလေး တွေ အပါအ၀င် သေဆုံးဒဏ်ရာရတာတွေ အတော်များခဲ့ပါတယ်။" လို့ ပြည်နယ်အုပ်ချုပ်ရေးကောင်စီ အကြီးအကဲက ပြောပါတယ်။

၂၀၀၈ ခု နှစ်လယ်ပိုင်းမှာ လက်နက်ကိုင်တွေက ကွန်မန်ဒိုပုံစံ တိုက်ခိုက်မှုတခုလုပ်ခဲ့ဖူးပြီး ဖောက်ခွဲရေးပစ္စည်းတွေပါတဲ့ ဓာတ်ဆီ တင်ကားနဲ့ ကန်ဒါဟာက အကျဉ်းထောင်ကို ဖောက်ခွဲ တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီတိုက်ခိုက်မှုမှာ ထောင်ထဲရှိတဲ့ အကျဉ်းသား ၁,၂၀၀ ထဲက အများစုလွတ်သွားပြီး လွတ်တဲ့လူတွေထဲမှာ တာလီဘန်လက်နက်ကိုင် ၄၀၀ ထိပါတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ဒါပေမဲ့ အခုတကြိမ်မှာတော့ အာဏာပိုင်တွေဟာ အဆင်သင့်ရှိနေခဲ့ပြီး အကျဉ်းထောင်ကို ကောင်းကောင်း ကာကွယ် လိုက်နိုင်တယ်လို့ ၀ါလီကာဇိုင်းက ပြောပါတယ်။

"အကျဉ်းထောင်နဲ့ ရဲဌာနချုပ်ကို တိုက်ခိုက်မယ်ဆိုတဲ့ သတင်းတွေ ကောလာဟလတွေက ထွက်နေခဲ့ပါတယ်။" လို့ မစ္စတာကာဇိုင်းက ပြောပါတယ်။

ကန်ဒါဟာမြို့ဟာ နိုင်ငံတောင်ပိုင်းက တာလီဘန်တွေရဲ့ အခိုင်အမာဒေသထဲမှာ အကြီးဆုံးမြို့ပါ။ အိမ်နီးချင်း ဟယ်လ်မန် ပြည်နယ်မှာတော့ မာဂျာမြို့ကနေ လက်နက်ကိုင်တွေကို ရှင်းပစ်ဖို့ မြောက်အတ္တလန်တိတ်စာချုပ် NATO အဖွဲ့နဲ့ အာဖဂန် တပ်ဖွဲ့တွေက ပြီးခဲ့တဲ့လကတည်းက စစ်ဆင်ရေးလုပ် တိုက်ခိုက်နေခဲ့ပါတယ်။ ကန်ဒါဟာမြို့မှာ စစ်ဆင်ရေးလုပ်ဖို့ စီစဉ် နေတယ်လို့ ညွန့်ပေါင်းတပ်ဖွဲ့ထဲက စစ်ဘက်တာဝန်ရှိသူတွေက ပြောပါတယ်။

ညွန့်ပေါင်းတပ်ဖွဲ့တွေရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ ပိုပြီး နီးကပ်လာတာနဲ့အမျှ စနေနေ့ညကလိုမျိုး တိုက်ခိုက်မှုတွေ မြို့မှာ ပိုဖြစ်လာဖို့ မျှော်လင့်ထားတယ်လို့ မစ္စတာ ၀ါလီကာဇိုင်း က ပြောပါတယ်။ ကန်ဒါဟာမြို့ဟာ အာဖဂန်နစ္စတန်တောင်ပိုင်းရဲ့ စီးပွားရေး အချက်အချာမြို့ဖြစ်ပြီး တာလီဘန်တွေ စတင် ပေါ်ထွက်လာခဲ့တဲ့ဒေသ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG