သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေး အစ္စရေးကို အမေရိကန် ပြစ်တင် ဝေဖန်


အရှေ့ဂျေရုဆလင်မှာ အစ္စရေးတို့ စီစဉ်နေတဲ့ အငြင်းပွားစရာ တိုးချဲ့အိမ်ရာ ဆောက်လုပ်မှုဟာ အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ပျက်အောင် တမင်တွက်ချက်ပြီး လုပ်ပုံရတယ်လို့ ထိပ်တန်း အမေရိကန် တာဝန်ရှိသူတယောက်က ပြောလိုက်ပါတယ်။

အစ္စရေးတို့ရဲ့ အစီအစဉ်ဟာ စော်ကားမှုတရပ်ဖြစ်ပြီး ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေး မြှင့်တင်ဖို့ ဆောင်ရွက်နေသူ အားလုံးအတွက် စိတ်အနှောင့်အယှက် ဖြစ်စရာ ဖြစ်တယ်လို့ အမေရိကန်သမ္မတ အကြံပေးပုဂ္ဂိုလ် ဒေးဗစ် အိပ်ဇဲလ်ရော့ဒ် (David Axelrod) က တနင်္ဂနွေနေ့က ပြောပါတယ်။

၁၉၆၇ ခုနှစ်က ၆ ရက်ကြာ စစ်ပွဲအတွင်း အစ္စရေးတို့ သိမ်းပိုက်ထားတဲ့ အရှေ့ ဂျေရုဆလင်မှာ အိမ်ရာသစ် ၁,၆၀၀ ဆောက်လုပ်မယ်လို့ အစ္စရေးတို့က ပြီးခဲ့တဲ့ သီတင်းပတ်မှာ ကြေညာခဲ့တာ ဖြစ်ပါတယ်။ ကြေညာချိန်မှာ အမေရိကန် ဒုတိယသမ္မတ ဂျိုး ဘိုင်ဒန် (Joe Biden) အစ္စရေးမှာ ရောက်နေချိန် ဖြစ်သလို ပါလက်စတိုင်းတို့ ဘက်ကလည်း အမေရိကန် ကြားဝင်စေ့စပ်ပေးတဲ့ သွယ်ဝိုက် ဆွေးနွေးမှုကို လက်ခံတယ်လို့ ပြောပြီးချိန် ဖြစ်ပါတယ်။

အိမ်ရာ တိုးချဲ့ဆောက်လုပ်ရေး အစီအစဉ်ကို ဒီအချိန်မျိုးမှာ ထုတ်ပြန်ကြေညာရတဲ့ အပေါ်မှာ စိတ်မကောင်း ဖြစ်ရပါတယ်လို့ အစ္စရေး ဝန်ကြီးချုပ် ဘန်ဂျမင် နက်တန်ယာဟု (Benjamin Netanyahu) က တနင်္ဂနွေနေ့မှာ ပြောခဲ့ပါတယ်။ သူ မသိလိုက်ဘဲ သူ့ရဲ့ ကက်ဘိနက် (Cabinet) အဖွဲ့က ကြေညာခဲ့တာလို့ ပြောပေမဲ့ ဒီစီမံကိန်းကို ဖျက်ဖို့ အစီအစဉ် ရှိမရှိ ဆိုတာတော့ မပြောခဲ့ပါဘူး။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG