သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံမှာ သိသာတဲ့ လူ့အခွင့်အရေး တိုးတက် ဖော်ဆောင်မှု မတွေ့ရ


ပြီးခဲ့တဲ့လကပဲ မြန်မာနိုင်ငံကို တတိယအကြိမ် သွားရောက်ခဲ့တဲ့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ တိုးမာ့စ် အိုဟေး ကင်တားနား (Tomas Ojea Quintana) က မြန်မာပြည်တွင်း လူ့အခွင့်အရေး အခြေအနေတွေနဲ့ ပတ်သက်ပြီး သူ့ရဲ့ သုံးသပ် အဆိုပြုချက်တွေကို မကြာခင်ကပဲ ဂျနီဗာမြို့ရှိ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ ညီလာခံမှာ အစီရင်ခံ တင်ပြခဲ့ပါတယ်။ မစ္စတာ ကင်တားနားရဲ့ အစီရင်ခံ တင်ပြမှုမှာ ဘာတွေ အဓိက ဇောင်းပေး ပြောဆိုသွားပါသလဲ။ သူ့ရဲ့ အစီရင်ခံစာအပေါ်မှာ မြန်မာစစ်အစိုးရ ကိုယ်စားလှယ်ဘက်က ဘယ်လိုများ တုံ့ပြန်ခဲ့ပါသလဲဆိုတာ နော်ရှိုးက တင်ပြပေးထားပါတယ်။

ဒီနေ့ ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့က ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ညီလာခံမှာ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ တိုးမာ့စ် အိုဟေး ကင်တားနား ကိုယ်တိုင် ပြောဆိုတင်ပြခဲ့တဲ့ အစီရင်ခံစာကို ပြီးခဲ့တဲ့ သီတင်းပတ်ကတည်းက ကုလသမဂ္ဂ အင်တာနက် ဝက်ဘ်ဆိုက်ကနေ ဖတ်ကြည့်လို့ ရပြီးဖြစ်တာကြောင့် သူပြောမယ့် အကြောင်းအရာ တချို့ကို အားလုံးက သိပြီးသားတော့ ဖြစ်ပါတယ်။ အဓိကကတော့ မစ္စတာ ကင်တားနားက မြန်မာပြည်တွင်း လူ့အခွင့်အရေး အခြေအနေတွေကို အခုနှစ်အတွင်း စစ်အစိုးရ ကျင်းပမယ့် ရွေးကောက်ပွဲနဲ့ ဆက်စပ်ပြီး အကျယ်တဝင့် ပြောသွားခဲ့ပါတယ်။

“မြန်မာနိုင်ငံဟာ အရေးကြီးတဲ့ အချိုးအကွေ့ကို ရောက်နေပါတယ်။ နှစ် ၂၀ အတွင်း ပထမဆုံးအကြိမ် ရွေးကောက်ပွဲ ကျင်းပဖို့ ရှိနေပါတယ်။ ဒီရွေးကောက်ပွဲကို အကောင်အထည်ဖော်ရင်းနဲ့ စစ်အစိုးရ အနေနဲ့ လူအခွင့်အရေး အခြေအနေတွေ၊ ဒီမိုကရေစီ ဖော်ဆောင်ရေးအတွက် ပြုပြင်ပြောင်းလဲမှုတွေ လုပ်ပြဖို့ အခွင့်ကောင်းပါပဲ။ ဒါပေမဲ့ ဒီလို အခွင့်ကောင်းကို စစ်အစိုးရက မယူတဲ့အတွက် ကျနော် အင်မတန် စိုးရိမ်ရပါတယ်။”

ဆက်လက်ပြီး မစ္စတာ ကင်တားနားက သူ့ရဲ့ တတိယ မြန်မာနိုင်ငံ ခရီးစဉ် နောက်ပိုင်း မြန်မာပြည်တွင်း လူ့အခွင့်အရေး အခြေအနေတွေမှာ ဘာမှ တိုးတက်မှု မတွေ့ခဲ့ကြောင်းကိုလည်း ပြောခဲ့ပါတယ်။

“ကျနော့်ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်မှာ စစ်အစိုးရဘက်က ပူးပေါင်း ဆောင်ရွက်ခဲ့တာတွေ အတွက်တော့ ကျေးဇူးတင်ပေမဲ့ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး အခြေအနေနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ ဩဂုတ်လက ကျနော် အဆိုပြုခဲ့တဲ့ အဓိက အချက် ၄ ချက်မှာတော့ တိုးတက်မှု တစုံတရာမှ မတွေ့ခဲ့ရဘူးလို့ အစီရင်ခံ တင်ပြရမှာ ဖြစ်ပါတယ်။ နိုင်ငံတဝန်းက ထောင်တွေမှာ ယုံကြည်ချက်ကြောင့် အကျဉ်းချခံထားရသူတွေ အများကြီး ရှိနေဆဲ ဖြစ်ပါတယ်။ တချို့တွေ ပြန်လွှတ်ခဲ့တာတော့ မှန်ပါတယ်။”

အခုလို ယုံကြည်ချက်ကြောင့် သို့မဟုတ် နိုင်ငံရေး အကျဉ်းသားတွေကို ပြန်မလွှတ်ပေးသေးသ၍ စစ်အစိုးရ ကျင်းပမယ့် ရွေးကောက်ပွဲ အပေါ်မှာလည်း နိုင်ငံတကာက အယုံအကြည် ရှိနိုင်မှာ မဟုတ်ဘူးလို့ မစ္စတာ ကင်တားနားက ပြောခဲ့ပါတယ်။

“နိုင်ငံတကာ လူ့အခွင့်အရေး ကြေညာစာတမ်းမှာ ပြဋ္ဌာန်းထားတဲ့ လူသားတိုင်း ရပိုင်ခွင့်ရှိတဲ့ အခြေခံ အခွင့်အရေးတွေကို အသုံးပြုရင်း အကျဉ်းချခံနေရသူတွေဟာ ယုံကြည်ချက်ကြောင့် အကျဉ်းချခံရသူတွေ ဖြစ်ပါတယ်။ ကျနော့်ရဲ့ နောက်ဆုံးခရီးစဉ်တွင်း ထောင်တွေကို သွားတဲ့အခါ အဲဒီလို ယုံကြည်ချက်ကြောင့် အကျဉ်းချခံနေရတဲ့ အမျိုးသမီး၊ အမျိုးသား၊ ကျောင်းသား၊ သံဃာတော်တွေ၊ နိုင်ငံရေးပါတီနဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေကို တွေ့ခဲ့ပါတယ်။

“သူတို့က အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ငြိမ်းချမ်းတဲ့နည်းနဲ့ ဒီမိုကရေစီ နည်းလမ်းကျ ဖော်ဆောင်ဖို့ တစိုက်မတ်မတ် တောင်းဆိုနေသူတွေပါ။ စစ်အစိုးရက ရွေးကောက်ပွဲ မတိုင်မီ သူတို့ကို ပြန်လွှတ်ပေးမယ့်ပုံ မပေါ်ပါဘူး။ နိုင်ငံရေး အကျဉ်းသား ၂,၀၀၀ ကျော် အပါအဝင် အားလုံး ပါဝင်နိုင်ခွင့် မရှိဘူးဆိုရင် ရွေးကောက်ပွဲဟာ ယုံကြည်နိုင်ဖွယ် ရှိမှာ မဟုတ်ပါဘူး။”

နိဂုံးမှာတော့ မစ္စတာ ကင်တားနားက မြန်မာပြည်တွင်း နှစ်ရှည်လများ ဖြစ်ပွားနေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ဒါတွေကို အာဏာပိုင်တွေက တာဝန်ယူမှု ကင်းမဲ့လာခဲ့တဲ့ အပေါ်မှာ လုံခြုံရေးကောင်စီ အနေနဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင်တရပ် ဖွဲ့စည်းပြီး စုံစမ်းစစ်ဆေးဖို့ အဆိုပြု တိုက်တွန်းသွားပါတယ်။

“မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှုနဲ့ ပတ်သက်ပြီး အစိုးရက လုပ်ဆောင်ရမှာတွေ အများကြီး ရှိပါတယ်။ အရင်က လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် တာဝန်ယူစေဖို့ ဆောင်ရွက်ရပါလိမ့်မယ်။ နှစ်ရှည်လများ ကျူးလွန်ခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ စစ်ရာဇဝတ်မှု၊ လူမဆန်တဲ့ ရာဇဝတ်မှု ကျူးလွန်ရာ ရောက်သလား ဆိုတာကို လေးလေးနက်နက် စုံစမ်းစစ်ဆေးဖို့ လိုအပ်ပါတယ်။ အခုလို အင်မတန် အရေးကြီးတဲ့ အချိန်မှာ နိုင်ငံတကာ အသိုက်အဝန်း အနေနဲ့ မြန်မာပြည်သူတွေကို တတ်နိုင်တဲ့နည်းနဲ့ ကူညီပေးဖို့ တာဝန်ရှိပါတယ်။”

မစ္စတာ ကင်တားနား အစီရင်ခံ တင်ပြလို့ ပြီးပြီးချင်းမှာပဲ မြန်မာစစ်အစိုးရဘက်က ကုလသမဂ္ဂ အမြဲတမ်း ကိုယ်စားလှယ်ဖြစ်တဲ့ ဦးဝဏ္ဏမောင်လွင်က တုံ့ပြန်ရာမှာတော့ …

“ဒီအစီရင်ခံစာရဲ့ စွပ်စွဲချက်တွေဟာ မြန်မာနိုင်ငံအပေါ် နိုင်ငံတကာအကြား အထင်အမြင် လွဲမှားအောင် တမင်သက်သက် ဖန်တီးထားတာလို့ ကျနော်တို့ မြင်ပါတယ်။ အစီရင်ခံစာပါ အချက်တွေဟာ လက်တွေ့ အခြေအနေတွေကို ထင်ဟပ် ပေါ်လွင်မှုလည်း မရှိပါဘူး။”

ဆက်လက်ပြီး ဦးဝဏ္ဏမောင်လွင်က မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသား မရှိဘူးလို့လည်း အတိအလင်း ပြောသွားပါတယ်။

“မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးဟာ လွတ်လပ်ပြီး ဘက်မလိုက်ပါဘူး။ ကျနော့်အစိုးရက အတိအလင်း ပြောထားပြီးပါပြီ။ မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသား လုံး၀ မရှိပါဘူး။ အကျဉ်းချခံနေရသူတွေဟာ တည်ဆဲဥပဒေတွေကို ချိုးဖောက်သူတွေပဲ ဖြစ်ပါတယ်။”

မြန်မာစစ်အစိုးရရဲ့ ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်း ကိုယ်စားလှယ် ဦးဝဏ္ဏမောင်လွင် ပြောသွားတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG