သုံးရလွယ်ကူစေသည့် Link များ

ရိုဟင်ဂျာ လှေစီးပြေး ဒုက္ခသည် ၉၀ ကျော် မလေးရှား အစိုးရ ဖမ်းဆီး


ပင်လယ်ပြင်ထဲမှာ ရက် ၃၀ နီးပါး မျောနေခဲ့ပြီးတော့ မလေးရှားနိုင်ငံ ရေပြင်ကို ရောက်ရှိလာတဲ့ လှေစီးပြေး ရိုဟင်ဂျာ ၉၀ ကျော်ကို မလေးရှား ရေကြောင်းအာဏာပိုင်တွေက ထိန်းသိမ်းထားလိုက်ပါတယ်။ သူတို့ဟာ မလေးရှားနိုင်ငံတွင်းကို တရားမ၀င် ၀င်ရောက်ဖို့ ကြိုးစားသူတွေလို့ မလေးရှား အာဏာပိုင်တွေက စွပ်စွဲထားပါတယ်။ အကြောင်းစုံကို ဆက်သွယ်မေးမြန်းထားတဲ့ ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

ငါးဖမ်းရေယာဉ်တွေရဲ့ သတင်းပေးမှုနဲ့ မလေးရှားနိုင်ငံ မြောက်ပိုင်းက လန်ကာဝီကျွန်း အနီးမှာ အဲဒီ လှေစီးပြေး ရိုဟင်ဂျာ ၉၀ ကျော် ပါဝင်တဲ့ လှေကို တွေ့ရှိပြီး မလေးရှား အာဏာပိုင်တွေက ဒီလူတွေကို ဖမ်းဆီး ထိန်းသိမ်းထားလိုက်တာ ဖြစ်ပါတယ်။ ဒီအရေအတွက်ဟာ မလေးရှားနိုင်ငံကို ရေကြောင်းကနေ ခိုးဝင်ဖို့ ကြိုးစားလို့ ဖမ်းဆီးမိတဲ့အထဲ အများဆုံးဖြစ်တယ်လို့ မလေးရှား ရေကြောင်းအာဏာပိုင်တွေက သတင်းဌာနတွေကို ပြောခဲ့ပါတယ်။ မလေးရှားနိုင်ငံ ကွာလာလမ်ပူမှာရှိတဲ့ ကုလသမဂ္ဂ ဒုက္ခသည်များ မဟာမင်းကြီးရုံး (UNHCR) ကတော့ ဒီလူတွေကို တွေ့ခွင့်ရဖို့ မလေးရှား အာဏာပိုင်တွေထံ ခွင့်တောင်းထားတယ်လို့ ဆိုပါတယ်။

“ဒီလူတွေကို တွေ့ခွင့်ရဖို့ ကြိုးစားနေပါတယ်။ သူတို့ကို ရက်အတန်ကြာက ဖမ်းဆီးမိခဲ့တာပါ။ ဒါပေမဲ့ ဒီလူတွေနဲ့ ပတ်သက်လို့တော့ သတင်းအတိအကျ ဘာမှ မရသေးပါဘူး။” ဆိုပြီး မလေးရှား ကုလသမဂ္ဂရုံးက ပြောခွင့်ရသူ မစ်စ် ယန်ဒီ ဖြေကြားသွားတာ ဖြစ်ပါတယ်။ မလေးရှား နိုင်ငံခြားရေး ၀န်ကြီးဌာနကို ဒီကိစ္စနဲ့ ပတ်သက်လို့ မေးခဲ့ပေမဲ့ အခုအချိန်အထိ သူတို့မှာ ဒါနဲ့ပတ်သက်လို့ အချက်အလက် အပြည့်အစုံ ဘာမှမရသေးဘူး ဆိုတာပဲ တုံ့ပြန်ပါတယ်။

အခု ဖမ်းဆီးခံထားရတဲ့ လှေစီးပြေး ရိုဟင်ဂျာတွေအတွက် ကူညီဆောင်ရွက်ပေးနေတဲ့ ကွာလာလမ်ပူ အခြေစိုက် အာရကန် ရိုဟင်ဂျာ ဒုက္ခသည်များ ကော်မတီက ပြောခွင့်ရသူ မိုဟာမက် ဆာဒေးကတော့ မလေးရှား အာဏာပိုင်တွေဟာ ဒီလူတွေကို တရားမ၀င် ခိုးဝင်ရောက်မှုနဲ့ စွဲချက်တင်နိုင်တယ်လို့ ပြောပါတယ်။

“မလေးရှား ရဲဘက်ကနေ မလေးရှား လ၀က၊ ကတားဆိုတဲ့ ပြည်နယ်လ၀ကကို အပ်ထားတယ်။ အခုလောလေဆယ် သူတို့ကို ကတားမှာရှိနေတဲ့ အချုပ်ခန်းမှာ သူတို့ကို ဖမ်းဆီးထားတယ်လို့ သိရပါတယ်။”

အကိုတို့ အဲဒီလူတွေနဲ့ရော တွေ့ခွင့်ရလား။

“ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျနော်ကိုယ်တိုင် ဆက်သွယ်ခဲ့ပါတယ်၊ လန်ကာဝီ ရဲစခန်းနဲ့။ ရဲစခန်းက သူတို့ကြားတာ အကြီးအကဲ အာဏာပိုင်တွေက သူတို့နဲ့ ပတ်သက်ပြီးတော့ ဘာမှ အဖြေမပေးဖို့ သူတို့ကို ပြောထားပါတယ်လို့ ကျနော့်ကို ပြန်ထားပါတယ်။”

မလေးရှား အာဏာပိုင်တွေဘက်ကရော ဒီလူတွေကို ဘာလုပ်မယ်လို့ ပြောလဲခင်ဗျ။

“လောလောဆယ် သူတို့ကို တရားမ၀င် ခိုးဝင်မှုနဲ့ ပတ်သက်ပြီးတော့ အရေးယူမယ်ဆိုပြီး ကြားပါတယ်။ ဒါပေမဲ့ တိတိကျကျ ကျနော့်ကို ပြောထားတာ တခုမှ မရှိပါဘူး။”

မိုဟာမက် ဆာဒေး အဆိုအရတော့ ဒီလူတွေဟာ မလေးရှားနိုင်ငံက လန်ကာဝီကျွန်းကို ရောက်မလာခင်မှာ ထိုင်းနိုင်ငံ တောင်ပိုင်း ရနောင်းအနီးကို ရောက်ရှိခဲ့ပြီး အဲဒီကနေ ထိုင်းရေတပ်က ပြန်မောင်းထုတ်တာ ခံခဲ့ရတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ဒီအကြောင်းကိုတော့ သီးခြား အတည်ပြုလို့ မရသေးပါဘူး။

မနှစ်တုန်းကတော့ ရာနဲ့ချီတဲ့ လှေစီးပြေး ရိုဟင်ဂျာတွေ အင်ဒိုနီးရှားနိုင်ငံ ဆူမားတြားကျွန်းအနီး အဖမ်းခံရချိန်မှာ အစာရေစာ ပြတ်တောက်၊ အာဟာရ ချို့တဲ့နေတာကြောင့် အတော်လေး ဆူဆူပူပူ ဖြစ်သွားခဲ့ပါတယ်။ အဲဒီတုန်းက ထိုင်းရေတပ်က သူတို့ကို ပင်လယ်ထဲ ပစ်လွှတ်ခဲ့တယ် ဆိုတာကြောင့် လူ့အခွင့်အရေး အဖွဲ့အစည်းတွေက ထိုင်းနိုင်ငံအပေါ် အပြစ်တင်ခဲ့ကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG