သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ ရွေးကောက်ပွဲ ဥပဒေသစ် ကုလမှာ အရေးပေါ်ဆွေးနွေးဖို့ ဗြိတိန် တိုက်တွန်း


အရင်အပတ်က ထုတ်ပြန်ခဲ့တဲ့ မြန်မာစစ်အစိုးရရဲ့ ရွေးကောက်ပွဲ ဥပဒေနဲ့ ပတ်သက်ပြီး နယူးယောက်ခ်မြို့ ကုလသမဂ္ဂ ရုံးမှာ အရေးပေါ် အစည်းအဝေးတရပ် ခေါ်ယူကျင်းပပေးဖို့ ဗြိတိန်ဝန်ကြီးချုပ် ဂေါ်ဒွန် ဘရောင်း (Gordon Brown) က ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-Moon) ဆီကို စာရေးပြီး တောင်းဆိုလိုက်ပါတယ်။ ရွေးကောက်ပွဲ ဥပဒေမှာ ဒေါ်အောင်ဆန်းစုကြည် မပါဝင်နိုင်အောင် ရည်ရွယ်ထားတာဟာ စာနာမှု ကင်းမဲ့စွာနဲ့ တဘက်သားကို အထိနာ အောင် လုပ်ထားတာပဲ ဖြစ်တယ်လို့ ဗြိတိန်ဝန်ကြီးချုပ် ဂေါ်ဒွန် ဘရောင်းက ကောက်ချက်ချခဲ့ပါတယ်။ ဒီအကြောင်း အပြည့်အစုံကို နော်ရှိုးက တင်ပြပေးထားပါတယ်။

မြန်မာစစ်အစိုးရက အရင်အပတ်က ထုတ်ပြန်ခဲ့တဲ့ ရွေးကောက်ပွဲ ဥပဒေအရ လက်ရှိ ထောင်ဒဏ် ချခံထားရသူတွေသာ မက အယူခံ ဝင်ထားသူတွေပါ ရွေးကောက်ပွဲမှာ မပါဝင်ရဘူး ဆိုတာဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တခြား နိုင်ငံရေး အကျဉ်းသားတွေ အားလုံးကို နိုင်ငံရေး ဖြစ်စဉ်ကနေ တမင် ဖဲကျဉ်ထားသလို ဖြစ်နေတယ်လို့ နိုင်ငံတကာက ရှုမြင်ကြ ပါတယ်။ ဒီလို ဥပဒေကို ပြဋ္ဌာန်းလိုက်ခြင်းအားဖြင့် မြန်မာစစ်အစိုးရဟာ လုံခြုံရေးကောင်စီ၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၊ အမေရိကန်၊ ဥရောပသမဂ္ဂနဲ့ အိမ်နီးချင်း နိုင်ငံတွေရဲ့ တောင်းဆိုချက်တွေကို လျစ်လျူရှုလိုက်တာပဲလို့ ဗြိတိန်ဝန်ကြီးချုပ် ဂေါ်ဒွန် ဘရောင်းက ကောက်ချက်ချပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ပစ်မှတ်ထားပြီး ပထားတာဟာလည်း စာနာမှု ကင်းမဲ့စွာနဲ့ တဘက်သား အထိနာအောင် လုပ်တာပဲလို့ ဆိုပါတယ်။

ဒါကြောင့် နယူးယောက်ခ်မြို့မှာ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး အရေးပေါ် အစည်းအဝေးတရပ် ခေါ်ယူကျင်းပပေးဖို့ ဗြိတိန် ဝန်ကြီးချုပ် ဂေါ်ဒွန် ဘရောင်းက ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းဆီကို စာရေးပြီး တောင်းဆိုခဲ့တဲ့ အကြောင်း မစ္စတာ ဂေါ်ဒွန် ဘရောင်းရဲ့ရုံးက ဒီနေ့ နေ့စွဲနဲ့ ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။ မြန်မာပြည်သူတွေရဲ့ နိုင်ငံရေး နဲ့ စီးပွားရေးဆိုင်ရာ လွတ်လပ်ခွင့်တွေကို တောင်းဆိုနေတာကို နိုင်ငံတကာ အနေနဲ့ ပံ့ပိုးပေးဖို့နဲ့ မြန်မာနိုင်ငံကို လက်နက် ရောင်းဝယ်မှု ပိတ်ပင်ရေးအတွက် ဆွေးနွေးဖို့ မစ္စတာ ဂေါ်ဒွန် ဘရောင်းက အဆိုပြုထားတာပါ။

အခုလို ဗြိတိန်ဝန်ကြီးချုပ် ဂေါ်ဒွန် ဘရောင်းရဲ့ တောင်းဆိုချက်ကို လန်ဒန်အခြေစိုက် မြန်မာ့အရေး လှုပ်ရှားနေတဲ့ Burma Campaing UK က ကြိုဆိုလိုက်ပြီး နိုင်ငံတကာအနေနဲ့ ဒီကိစ္စကို ပံ့ပိုးဖို့ လိုအပ်တဲ့အကြောင်း Burma Campaign UK အဖွဲ့ က အမှုဆောင် ဒါရိုက်တာ အန်နာ ရောဘတ်စ် (Anna Roberts) က ဗွီအိုအေကို ပြောခဲ့ပါတယ်။

“ဝန်ကြီးချုပ်ရဲ့ တောင်းဆိုချက်ကို ကျမတို့ ကြိုဆိုပါတယ်။ တခြားအစိုးရတွေလည်း ပူးပေါင်း ပါဝင်လာပြီး အဲဒီကတဆင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီကနေပြီး စစ်အစိုးရ အနေနဲ့ မဖြစ်မနေ လိုက်နာရမယ့် ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်မယ်လို့ မျှော်လင့်ပါတယ်။”

မနေ့ကလည်း ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့က ကုလသမဂ္ဂ လူ့အခွင့်ရေးကောင်စီ ညီလာခံမှာလည်း ဗြိတိန်အစိုးရရဲ့ လူ့အခွင့်အရေးဆိုင်ရာ အကြံပေး မစ္စတာ ဘော့ဘ် လပ်စ်တ် (Mr. Bob Last) က မြန်မာနိုင်ငံနဲ့ လက်နက်ရောင်းဝယ်ခွင့် ပိတ်ပင်ရေးအတွက် နိုင်ငံတကာ အနေနဲ့ ပူးပေါင်းဆောင်ရွက်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။

“မြန်မာနိုင်ငံ အရှေ့ပိုင်းမှာ တိုက်ပွဲတွေ ဆက်ဖြစ်ပွားနေတာ၊ ပြည်သူတွေ၊ ဆေးပေးခန်းတွေကို ပစ်မှတ်ထား တိုက်ခိုက် နေတာ၊ နိုင်ငံတကာ လူသားချင်း စာနာထောက်ထားတဲ့ ဥပဒေကို ချိုးဖောက်နေတာတွေနဲ့ ပတ်သက်ပြီး ကျနော်တို့ အင်မတန် စိုးရိမ်မကင်း ဖြစ်ရပါတယ်။ အခုလို မိမိတို့ တိုင်းသူပြည်သားကို ပြန်ပြီး ပစ်မှတ်ထား တိုက်ခိုက်တဲ့ အစိုးရကို ဘယ်နိုင်ငံကမှ လက်နက်ရောင်းချမှုတွေ မလုပ်သင့်ပါဘူး။”

တဆက်တည်းမှာပဲ စစ်အစိုးရက ဒီနှစ်ကျင်းပမယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး မစ္စတာ လပ်စ်တ်က မြန်မာပြည်သူတွေ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုပိုင်ခွင့်၊ လွတ်လပ်စွာ စုဝေးပိုင်ခွင့်၊ လွတ်လပ်စွာ အသင်းအဖွဲ့ ဖွဲ့စည်းပိုင်ခွင့်တွေ တင်းတင်းကျပ်ကျပ် ပိတ်ပင်ခြင်း ခံနေရဆဲ ဖြစ်တာကြောင့် စိုးရိမ်မကင်း ဖြစ်ရကြောင်းကိုလည်း မစ္စတာ လပ်စ်တ်က ပြောခဲ့ပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသားတွေ ပြန်လွှတ်မပေးဘူး၊ စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးပွဲတွေ၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် အခြေအနေတွေ မဖန်တီးပေးဘူးဆိုရင် အခုကျင်းပမယ့် ရွေးကောက်ပွဲဟာ ယုံကြည်နိုင် ဖွယ် ရှိမှာ မဟုတ်သလို တရားဝင်မှာလည်း မဟုတ်ပါဘူး။”

အရင်အပတ်ကလည်း ဥရောပ ပါလီမန်ဥက္ကဋ္ဌ ဂျာဇီ ဘူးဇက်ခ် (Jerzy Buzek) က စစ်အစိုးရရဲ့ ရွေးကောက်ပွဲ ဥပဒေ တွေဟာ နိုင်ငံရေး ရည်ရွယ်ချက် ရှိရှိနဲ့ တင်းကျပ်ထားတာမို့ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် အဟန့်အတားတွေ ဖြစ်စေမယ့်အပြင် တိုင်းပြည်ကို မှားယွင်းတဲ့ဘက်ကို ဦးတည်စေတယ်လို့ ကြေညာချက်တစောင် ထုတ်ပြန်ပြီး ရှုတ်ချခဲ့တာ ဖြစ်ပါတယ်။ ဒီအတိုင်းဆိုရင် ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှာ မဟုတ်ဘူးလို့လည်း ဥရောပ ပါလီမန်က ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG