သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ ရွေးကောက်ပွဲဆိုင်ရာ နိုင်ငံတကာ စိုးရိမ်မှု အပြောသက်သက် မဖြစ်ဖို့ NLD မျှော်လင့်


မြန်မာနိုင်ငံမှာ ဒီနှစ်ထဲ ကျင်းပမယ့် ရွေးကောက်ပွဲအတွက် စစ်အစိုးရရဲ့ ဥပဒေ ထုတ်ပြန် ကန့်သတ်မှုတွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝန်းဘက်က ထောက်ပြ ဝေဖန်နေတာနဲ့တင် ရပ်တန့်မနေဘဲ လေးလေးနက်နက် အရေးယူ ဆောင်ရွက်လာဖို့ အတိုက်အခံ ပါတီကြီးဖြစ်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က မျှော်လင့်ထားတဲ့အကြောင်း ပြောဆိုပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

ရွေးကောက်ပွဲ ဥပဒေတွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂမှာ တင်ပြ ဆွေးနွေးဖို့ ဗြိတိန်ဝန်ကြီးချုပ် ဂေါ်ဒွန် ဘရောင်း (Gordon Brown) က တနင်္လာနေ့က တောင်းဆိုလိုက်သလို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း (Mr. Ban Ki-moon) ကိုယ်တိုင်ကလည်း ဒီရွေးကောက်ပွဲအတွက် ဥပဒေတွေဟာ နိုင်ငံတကာ အသိုင်းအဝန်းက မျှော်လင့်ထားသလို အားလုံးပါဝင်နိုင်တဲ့ အခင်းအကျင်းမျိုး မတွေ့ရဘူးလို့ ဆိုပါတယ်။

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ တိုးမာ့စ် အိုဟေး ကင်တားနား (Mr. Tomas Ojea Quintana) က ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသားတွေ မပါဝင်သ၍ စစ်အစိုးရ ကျင်းပမယ့် ရွေးကောက်ပွဲကို နိုင်ငံတကာက အယုံအကြည်ရှိမှာ မဟုတ်ဘူးလို့ လူ့အခွင့်အရေး ကောင်စီမှာ တင်ပြခဲ့သလို အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန အရှေ့အာရှရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကာ့တ် ကမ်းဘဲလ် (Mr. Kurt Campbell) ကလည်း ရွေးကောက်ပွဲအတွက် ကန့်သတ်ချုပ်ချယ်တဲ့ ဥပဒေတွေ ထုတ်ပြန်လိုက်တာဟာ မြန်မာနိုင်ငံ ဒီမိုကရေစီရေး ဖော်ဆောင်ဖို့အတွက် အထောက်အကူ မပြုဘူးလို့ ဝေဖန်လိုက်ပါတယ်။

ဖိလစ်ပိုင်နိုင်ငံမှာ ဗုဒ္ဓဟူးနေ့ ကျင်းပမယ့် ဘက်မလိုက် ထိပ်သီးညီလာခံကို တက်ရောက်မယ့် မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းကို ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အာဆီယံအဖွဲ့ရဲ့ ပူပန်မှုတွေကို ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုဖို့ ရှိပါတယ်။ ဒီလို နိုင်ငံတကာ အသိုင်းအဝန်းရဲ့ ပူပန်မှုတွေအတွက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ကျေးဇူးတင်ပေမဲ့ ဒီတခါမှာ လေးလေးနက်နက် ဆောင်ရွက်ဖို့တော့ မျှော်လင့်ထားတယ်လို့ အဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌ ဦးတင်ဦးက ပြောပါတယ်။

“ပြောတာဆိုတာတွေ အားလုံးကတော့၊ ဥပမာ မစ္စတာ ကင်တားနား ပြန်သွားပြီးတော့ ပြောတာတွေရော၊ အဲဒီအရင်က မစ္စတာ ဘန်ကီမွန်းအနေနဲ့ ဒီမှာရှိတဲ့ တပ်မတော် အကြီးအကဲဆီကို စာပို့ထားတဲ့ ကိစ္စတွေ အကြောင်းအရာတွေရော၊ အခု အာဆီယံက ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးက ဖိလစ်ပိုင်ကိုယ်စား ပြောတာတွေရော လာမယ့် အာဆီယံ အစည်းအဝေးပွဲမှာ ဒီကိစ္စနဲ့ ပတ်သက်ပြီး အာဆီယံ ခေါင်းဆောင်တွေ ပြောမယ်ဆိုတဲ့ အနေအထားတွေကတော့ သူတို့ပြောတာ ဆိုတာတွေကတော့ ဒီမိုကရေစီ ရှေ့အလားအလာ ကောင်းဖို့အတွက်ကို ပြောတယ်ဆိုတဲ့ အနေအထား ရှိတယ်လို့ပဲ မှတ်ယူပါသေးတယ်။

“အရင်တုန်းကလည်း ပြောကြတာပါပဲ။ ပြောလာပြီးတော့ နောက်ပိုင်းကျတော့လည်း ဒီလိုနဲ့ပဲ ပြီးဆုံးသွားတာတွေက အများကြီး ရှိတာပေါ့လေ။ သို့သော် ဒီတခါတော့လည်း သူတို့ လေးလေးနက်နက် ပြောကြမယ်လို့တော့ ကျနော်တို့ ယုံကြည်ပါတယ်။ အဲဒီဟာတွေ အတွက်ကတော့ ကျနော်တို့အတွက် အကောင်းအဖြစ် ပြောရမယ်လို့တော့ ဆိုရမှာပေါ့လေ။ သို့သော်လည်း ဖြစ်လာမယ့်ဟာ ရှေ့အလားအလာ ဘယ်လိုရှိမယ် ဆိုတာကိုလည်း လူစုံတဲ့အခါ ချဆွေးနွေးပြီးတော့ ဒါကို ယတိပြတ် ဆုံးဖြတ်ချက် ချမယ်ဆိုတဲ့သဘော ဖြစ်ပါတယ်။”

NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဟာ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး နယ်မှာ တာဝန်ထမ်းဆောင်နေတဲ့ ဗဟိုဦးစီး အဖွဲ့ဝင်တွေနဲ့ အောက်ခြေ အဖွဲ့အစည်းတွေရဲ့ သဘောဆန္ဒကိုပါ သိရဖို့ ကြိုးစားနေတယ်လို့လည်း ပြောပါတယ်။

“သူတို့ပြောတဲ့ ထုတ်ပြန်တဲ့ ဥပဒေတွေထဲမှာတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီးတော့ မြန်မာတနိုင်ငံလုံးရဲ့ ဒီမိုကရေစီခေါင်းဆောင်၊ နိုင်ငံတကာမှာလည်း တကယ့် ဒီမိုကရေစီနဲ့ ပတ်သက်ပြီးတော့ ခေါင်းဆောင် မီးရှူးတန်ဆောင်ဖြစ်တဲ့ အမျိုးသမီး ခေါင်းဆောင်ကြီးကိုမှ ပြစ်ဒဏ်ချထားတယ်ဆိုတာ အကြောင်းပြုပြီး ပါဝင်ပြီး မရွေးရေးတို့၊ ထုတ်ပယ်ပစ်ရေးတို့၊ ဒါတွေကလည်း အကျိတ်အခဲ ကျေကျေလည်လည် ဆွေးနွေးရမယ့် ကိစ္စတွေ ဖြစ်နေတယ်။

“ဒီကြားထဲမှာလည်း ဒေါ်အောင်ဆန်းစုကြည်ဘက်က ရှေ့နေတွေ သွားတုန်းက ပြောလိုက်တဲ့ စကားတွေထဲမှာလည်း ပါလာတာ ရှိပါတယ်။ အခုလောလောဆယ်မှာတော့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဖြစ်ပေါ်လာအောင် လုပ်လိုက်တဲ့ ကိစ္စတွေ အပေါ်မှာ တရားမျှတမှု မရှိဘူး ဆိုတာတွေလည်း အရင်တုန်းက ပြောပြီးသား ဆိုပြီးသား ရှိတဲ့ အပေါ်မှာသော်လည်းကောင်း၊ နောက်တခုက ရွှေဂုံတိုင် ကြေညာစာတမ်း အပေါ်မှာသော်လည်းကောင်း အခုရှိပြီးသား မြို့နယ်တွေနဲ့ ပြည်နယ်တွေမှာ ပြန်လည်ဖွင့်ခွင့်ရထားတဲ့ အဖွဲ့ချုပ်ရဲ့ အဖွဲ့အစည်းတွေကိုလည်း ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးကြဖို့ ဆိုပြီးတော့လည်း ပြောဆိုထားတာရှိတော့ အဲဒီလှုပ်ရှားမှုကလည်း ရှိနေသေးတယ်လေ။

“အဲဒါတွေအပေါ်မှာ ဆောင်ရွက်ပြီးတော့မှ အဖြေရလာရင် ကျကျနနလေး ဒီမိုကရေစီနည်းအရ ဆွေးနွေးပြီးတော့ ဆုံးဖြတ်ချက် ချမှာပဲ။”

NLD အဖွဲ့အတွက် ဆွေးနွေးချိန် သိပ်မရတော့ပေမဲ့ ဆုံးဖြတ်ချက် တခုခုကို ချပြနိုင်မယ်လို့ မျှော်လင့်ထားကြောင်းလည်း ပြောပါတယ်။

“မျှော်လင့်ထားတယ်၊ မျှော်လင့်ထားတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရက်တွေလည်း ကပ်နေပြီ၊ ပြောရတော့မယ်လေ။ ဘာဖြစ်လို့လဲဆိုတော့ မေလ ၆ ရက်ဆိုရင် ရက်ပေါင်း ၆၀ ပြည့်ပြီ။ ဒီကြားထဲမှာလည်း သင်္ကြန်တို့ ဘာတို့က ၁၀ ရက်လောက် ရှိသေးတယ်။ ကျနော်တို့က အမှန်အတိုင်း ပြောရရင် အချိန်ယူတော့ လုပ်ချင်တာပေါ့ဗျာ။ သို့သော်လည်း အချိန်ယူ လုပ်ဖို့ဆိုတာက အခုဟာ Time is running out ဖြစ်နေတော့ ဒါကို ကျနော်တို့ကတော့ တက်သုတ်ရိုက်ပြီး လုပ်ရမှာပဲလေ။

“ကျေကျေလည်လည်လည်း ဖြစ်အောင်၊ ဝင်ချင်လည်းပဲ ကျနော်တို့က အားလုံး ဒေါ်အောင်ဆန်းစုကြည် ရှေ့နေတွေကတဆင့် သိရတဲ့ အကြောင်းကတော့ ဝင်ချင်လည်းပဲ အကုန်လုံး တပြိုင်နက်တည်း ဝင်မယ် ဆိုပြီးတော့ ဆုံးဖြတ်ပြီးရင် အားလုံး တက်တက်ကြွကြွ လုပ်ကြမှာပဲ။ မဝင်ဘူးဆိုရင်လည်း မဝင်တဲ့အကြောင်း တက်တက်ကြွကြွနဲ့ ညီညီညွတ်ညွတ် စည်းစည်းလုံးလုံးနဲ့ လုပ်ကြရမှာပဲ ဆိုတဲ့ဟာပဲ။

“အဲဒီတော့ ဒီကိစ္စနဲ့ ပတ်သက်တဲ့အပေါ်မှာ အခု ဝင်မလား၊ မှတ်ပုံတင်မလား၊ မတင်ဘူးလားဆိုတာ၊ မှတ်ပုံတင်မယ် ဆိုပြန်ရင်လည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်တဲ့ ကိစ္စအရပ်ရပ်က အင်မတန်ကို တင်းလွန်း ကျပ်လွန်း၊ အနိုင်ကျင့်လွန်းတယ်လို့ ထင်တယ်ဗျာ။ အဲဒါကြောင့် ဒါတွေက အတော်ကို ကျေကျေလည်လည် စဉ်းစားရမယ့်ကိစ္စတွေ ဖြစ်နေတဲ့သဘော ဖြစ်ပါတယ်။”

NLD ဒု-ဥက္ကဋ္ဌ ဦးတင်ဦး ပြောသွားတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG