သုံးရလွယ်ကူစေသည့် Link များ

နိုင်ငံရေးပါတီ မှတ်ပုံတင် ဥပဒေ ၀င်ပြိုင်ချင်သူတွေ အတွက်လည်း မပြည့်စုံသေး


၂၀၁၀ ရွေးကောက်ပွဲအတွက် ရွေးကောက်ပွဲ ဥပဒေမှာ ရက်ပေါင်း ၆၀ အတွင်း နိုင်ငံရေးပါတီတွေ မှတ်ပုံတင်ရမယ် ဆိုပေမဲ့ ပါတီ မှတ်ပုံတင်ခြင်းဆိုင်ရာ အသေးစိတ် အချက်အလက်တွေ ထုတ်ပြန်မှု မရှိသေးပါဘူး။ ဒါကြောင့် တရားဝင် နိုင်ငံရေးပါတီ ဖွဲ့စည်းဖို့ ပြင်ဆင်ထားသူတွေ အဖို့တော့ အချိန်အကျပ်အတည်း ကြုံနေရပါတယ်။ အပြည့်အစုံကို စုံစမ်းမေးမြန်းထားတဲ့ ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

နိုင်ငံရေးပါတီ ဖွဲ့လိုသူတွေ အဖို့တော့ ဒီနှစ်ဆန်းပိုင်းကတည်းက ရွေးကောက်ပွဲ ဥပဒေ ဘယ်တော့ထွက်မလဲ ဆိုတာ မျှော်နေရတာပါ။ အခု ရွေးကောက်ပွဲဥပဒေ ထွက်တော့လည်း ပါတီ မှတ်ပုံတင်ခြင်းဆိုင်ရာ အသေးစိတ် အချက်အလက်တွေ မသိရသေးတာကြောင့် ဘယ်လို ဆက်လုပ်ရမှန်း သူတို့မှာ ရှင်းရှင်းလင်းလင်း ဘာမှ သိမထားပါဘူး။ တဘက်မှာ စစ်အစိုးရဘက်က လက်ရှိ တာဝန်ယူထားသူတွေ၊ စစ်အစိုးရ နောက်ခံပေးထားတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေး အဖွဲ့တွေက စည်းရုံးမှုတွေ၊ နိုင်ငံရေးပါတီ ဖွဲ့ဖို့ ပြင်ဆင်မှုတွေ လုပ်နေချိန်မှာ သူတို့မှာလည်း အပြိုင်လုပ်ဖို့ အခွင့်မသာသေးပါဘူး။ ဒီမိုကရက်တစ်ပါတီဆိုပြီး ရွေးကောက်ပွဲဝင်ဖို့ ပြင်နေတဲ့ ဦးသုဝေကတော့ အစိုးရဘက်က တရားဝင် နောက်ထပ် ထုတ်ပြန်မယ့် သတင်းကို စောင့်နေရပါတယ်။

“အဲဒါ သူတို့ဆီက သတင်းကို ကျနော်တို့ စောင့်နေတာပေါ့။ ဘယ်တော့ မှတ်ပုံတင်ခွင့် ပေးမှာလဲ၊ ပြီးတော့ အသေးစိတ်က မပါသေးဘူးလေ။ ဥပမာအားဖြင့် ပါတီ မှတ်ပုံတင်ကြေး ဘယ်လောက်လဲ၊ ကိုယ်စားလှယ် မှတ်ပုံတင်ကြေး ဘယ်လောက်လဲ၊ ဒါတွေ ဘာမှ မပါသေးဘူးလေ။ အဲဒါတွေ ပါမှပဲ ကျနော်တို့က ဆုံးဖြတ်ရမှာပေါ့။”

ရွေးကောက်ပွဲ ကော်မရှင် လူကြီးတွေကို ရွေးချယ် ကြေညာပြီးနောက် ကော်မရှင်ရုံးကို နေပြည်တော်မှာ ဖွင့်ထားလိုက်ပြီလို့ သိရပါတယ်။ ဒါပေမဲ့ ရွေးကောက်ပွဲ ကော်မရှင်ဘက်က ပါတီ မှတ်ပုံတင်ခြင်းဆိုင်ရာ အသေးစိတ် လုပ်ထုံးလုပ်နည်းတွေကို ထုတ်ပြန်ရဖို့ ရှိပါတယ်။ တချိန်တည်းမှာပဲ နောက်ပိုင်း စည်းရုံးရေးကာလကို အခုလို ရက်တိုတိုအတွင်း လုပ်ရမှာမို့ အစိုးရ နောက်ခံအဖွဲ့တွေနဲ့ အပြိုင် ၀င်ရွေးနိုင်ဖို့ စိုးရိမ်မှုတွေလည်း ရှိကြပါတယ်။

KIO ကချင်လွတ်လပ်ရေးအဖွဲ့ကနေ ထွက်ပြီး နိုင်ငံရေးပါတီထောင်ဖို့ ပြင်ထားတဲ့ ကချင်ခေါင်းဆောင်တွေရဲ့ ကချင်ပြည်နယ် တိုးတက်ရေးပါတီ ဖွဲ့စည်းရေး ပြင်ဆင်မှု ကော်မတီ အတွင်းရေးမှူး ဦးတူးရော်က အခုလို ပြောပါတယ်။

“ကော်မရှင် လူကြီးတွေလည်း စုံနေကြပြီ ထင်တာပဲ။ သူတို့ မေးမြန်းပြီးတော့မှ ဆောင်ရွက်သွားဖို့ စဉ်းစားထားပါတယ်။ ပါတီ စည်းရုံးရေးကာလ ဆိုတာကတော့ အမှန်ဆိုရင် မလုံလောက်ဘူးပေါ့ဗျာ။ မလုံလောက်ပေမဲ့လည်း ကျနော်တို့အနေနဲ့ ဘာမှ ဝေဖန်ချက် မပြောလိုတော့ပါဘူး။”

ဦးသုဝေကတော့ အခု ရွေးကောက်ပွဲ လုပ်ငန်းစဉ်ဟာ ဒီမိုကရေစီစနစ်ကို တခါတည်း ကျင့်သုံးနိုင်မှာ မဟုတ်တာကြောင့် စစ်အစိုးရဘက်က ကန့်သတ်မှုတွေကို နားလည်ရမယ်လို့ ခံယူပါတယ်။

“နံပါတ်တစ်ကတော့ ဒီအစိုးရက စစ်အစိုးရလေ။ စစ်အစိုးရဆိုတာ သူ ကန့်သတ်ချက်တွေ ရှိမယ်လေ။ ဒီမိုကရေစီစနစ်ကို တခါတည်းလာတာ မဟုတ်သေးဘူးပေါ့နော်။ နောက်တခု ကျနော်တို့ အမြင်ကတော့ တပါတီကို၊ လူတယောက်ကို ကန့်သတ်ချက်တော့ မဟုတ်ဘူးထင်တယ်။ အများခံရတာပါပဲ။ အားလုံး အတူတူပါပဲ။ ကျန်တဲ့ ကျောင်းသားတွေလည်း ရှိတယ်၊ တခြား နိုင်ငံရေးသမားတွေလည်း ရှိတယ်။ ဒါတွေအားလုံး အကုန်လုံး သက်ဆိုင်တာပဲလေ။ ဒီတဖွဲ့တည်းကို ရည်ရွယ်တယ်ဆိုတာတော့ ပြောဖို့ခက်တာပေါ့။”

ရွေးကောက်ပွဲ ဥပဒေတွေ ထွက်ပြီးတဲ့နောက် နေပြည်တော် အစိုးရအဖွဲ့ အ၀န်းအ၀ိုင်းနဲ့ အခြား အစိုးရ နောက်ခံပေးထားတဲ့ ကြံ့ခိုင်ရေး၊ အမျိုးသမီးအသင်း စတာတွေမှာ ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီ ဖွဲ့စည်းရေး ကိစ္စတွေကို ပြောဆို ပြင်ဆင်တာတွေ ရှိနေပါပြီ။ စစ်အစိုးရ အ၀န်းအ၀ိုင်းတွေ အတွင်းကကို နိုင်ငံရေးပါတီ သုံးလေးခု ထွက်လာနိုင်တယ်လို့ အကဲဖြတ်တွေကတော့ ယူဆထားကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG