သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်လာရေး UNA ကုလကို တိုက်တွန်း


မြန်မာစစ်အစိုးရက ဒီနှစ်ထဲ ကျင်းပပေးမယ့် ရွေးကောက်ပွဲအတွက် ဥပဒေတွေ ထုတ်ပြန်ခဲ့ပေမဲ့ ဒါတွေဟာ တရားမျှတမှု မရှိသလို အားလုံး ပါဝင်နိုင်ခွင့် မရှိတာမို့ ပြည်တွင်းပြည်ပက ဝေဖန်မှုတွေ ရှိနေချိန်မှာ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ အနိုင်ရ တိုင်းရင်းသား တပ်ပေါင်းစု အဖွဲ့တခုကလည်း ဒီဥပဒေ ပြင်ဆင်နိုင်ရေးအတွက် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) ထံကို အိတ်ဖွင့်ပေးစာတစောင် ပေးပို့ခဲ့ပါတယ်။ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့ (UNA) က ပေးပို့လိုက်တဲ့စာက တိုက်တွန်းထားတဲ့ အကြောင်းတွေကိုတော့ ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုကျော်ထင်က တင်ပြပေးထားပါတယ်။

လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်လာဖို့ မြန်မာစစ်အစိုးရကို ဖိအားပေးဖို့ လိုအပ်ကြောင်း ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (UNA) က မစ္စတာ ဘန်ကီမွန်းထံ အိတ်ဖွင့်ပေးစာ ပေးခဲ့တာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲ ဥပဒေဟာ အတင်းအဓမ္မ အတည်ပြုခဲ့တဲ့ ၂၀၀၈ အခြေခံဥပဒေကို အခြေပြု ရေးထားတာဖြစ်လို့ တရားဝင် အတည်မဖြစ်ဘူးလို့ ပေးစာမှာ ပါရှိပါတယ်။ တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ အားလုံးပါဝင်နိုင်တဲ့ အခင်းအကျင်းဖြစ်ဖို့ လိုတယ်လို့ UNA ပြောခွင့်ရပုဂ္ဂိုလ် ဦးကျင့်ရှင်းထန်က ပြောပါတယ်။

“ဒီလိုဖြစ်နေတဲ့ အတွက်ကြောင့် တကယ်လို့များ ရွေးကောက်ပွဲ ပုံမှန်ဖြစ်ဖို့၊ တရားမျှတစွာ ဖြစ်နိုင်ဖို့ဟာမှာ အခု ထောင်ကျ နေတဲ့ သူတွေကို အရင်လွှတ်ပါဆိုတာ ကျနော်တို့ ပြောနေကျပါ။ အဲဒါတွေကို လွှတ်ပြီး ဒေါ်အောင်ဆန်းစုကြည် တို့ အပါအဝင် ဒိုင်ယာလော့ဂ် (Dialogue) ကို လုပ်ပေးပါ။ အဲဒါတွေကိုရအောင် ဒီအစိုးရကို ဖိအားပေးပေးပါ။ ပြီးတော့ လူနည်းစုဒေသတွေမှာ လုပ်နေတဲ့ စစ်ဆင်ရေးတွေလည်း ရပ်တန့်ပေးဖို့၊ ရွေးကောက်ပွဲ ဆိုတာလည်းပဲ UN ကပြောတာ All inclusive လို့ ပြောထားတာကို All inclusive မဖြစ်နိုင်ဘူးဆိုတာ လုံးလုံးကြီး ပေါ်နေတော့ အဲဒါတွေကို ပြုပြင်ပေးဖို့ UN အနေနဲ့ အစိုးရကို ဖိအားပေးပေးရန် ဆိုတဲ့ အနေမျိုးနဲ့ ဒါကို တင်ပြတာပါ။”

မစ္စတာ ဘန်ကီမွန်းကလည်း ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားတွေကို အမြန်ဆုံး လွှတ်ပေးပြီး အားလုံးပါဝင်နိုင်တဲ့ အခင်းအကျင်းတခု ဖြစ်မှသာ အများက ယုံကြည်လက်ခံတဲ့ ရွေးကောက်ပွဲ ဖြစ်မယ်လို့ ပြောဆိုလိုက်ပြီး ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေဆီကို စာရေးသား ပေးပို့ခဲ့တယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနား (Mr. Quintana) ကလည်း နိုင်ငံရေး အကျဉ်းသားတွေ ပြန် မလွှတ်ပေးသရွေ့ စစ်အစိုးရ ကျင်းပမယ့် ရွေးကောက်ပွဲကို နိုင်ငံတကာက အယုံအကြည်ရှိနိုင်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

စစ်အစိုးရရဲ့ ရွေးကောက်ပွဲ ဥပဒေ တရားမျှတမှု မရှိတာကို အမေရိကန်၊ EU အပါအဝင် အာဆီယံ နိုင်ငံတွေကလည်း ဝေဖန်မှုတွေ ရှိလာပါတယ်။ ထောင်ကျနေသူတွေ ပါဝင်ခွင့် မရသ၍ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်လာမှာ မဟုတ်ဘူးလို့ ဦးကျင့်ရှင်းထန်က ဆက်ပြောပါတယ်။

“အခုထောင်ကျနေတဲ့လူတွေကို၊ အဲဒီထဲမှာ တကယ်လို့များ ပါတီမှတ်ပုံတင်မယ့် အခါမှာ ဒီလူတွေ ပါလို့ရှိရင် ပါတီ မှတ်ပုံတင်တဲ့အခါ လက်ခံလို့မရဘူး ဆိုပြီးတော့ ပါတာတွေ၊ ဒါ ကျနော်တို့ လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ ဒီလူတွေကို အတင်းထောင်ချပစ်တာ။ နောက်တခါ ထောင်ကျပြီးတဲ့အခါ ပါတီမှာ ဒီလိုဖြစ်နေပြန်တယ်ဆိုတော့ ဒီလူတွေက လူ့အခွင့်အရေးကို အဖြစ်အပျက် တခုတည်းမှာ နှစ်ခါတောင်မှ ပြစ်ဒဏ်ပေးတဲ့ပုံမျိုး ဖြစ်နေတော့ လူ့အခွင့်အရေး တော်တော်လေး ဆုံးရှုံးသွားတယ် ဆိုတာကို ကြည့်လုပ်ပါဦး။ ဒီလိုဖြစ်မယ်ဆိုရင် ဘယ်တော့မှ တရားမျှတတဲ့ ရွေးကောက်ပွဲလည်း ဖြစ်နိုင်မှာ မဟုတ်ဘူး ဆိုတဲ့ဟာကို ကျနော်တို့ တင်ပြတာပါ။”

UNA ဟာ အရင်ကလည်း မစ္စတာ ဘန်ကီမွန်းဆီကို စာရေးသား တင်ပြမှုတွေ လုပ်ခဲ့ပါတယ်။ ဒီအဖွဲ့ကို ၉၀ ခု ရွေးကောက်ပွဲ အနိုင်ရ ပါတီတွေနဲ့ စုစည်းထားတာဖြစ်ပြီး ၉၀ ခု ရွေးကောက်ပွဲမှာ အမတ် ၆၇ နေရာ အနိုင်ရခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG