သုံးရလွယ်ကူစေသည့် Link များ

မြန်မာဒုက္ခသည်များအရေး TBBC တာဝန်ခံနဲ့ ဆွေးနွေး


ထိုင်း-မြန်မာနယ်စပ်က မြန်မာဒုက္ခသည်များအရေးဟာ ၂၀၁၀ ရွေးကောက်ပွဲနောက်ပိုင်း ပိုဆိုးလာနိုင်တယ်လို့ ထိုင်း-မြန်မာ နယ်စပ်အဖွဲ့ TBBC (Thailand Burma Border Consortium) အကြီးအကဲ က ပြောဆိုပါတယ်။ အမေရိကန်ပြည်ထောင်စုကို ခေတ္တရောက်ရှိနေတဲ့ TBBC ဦးဆောင်ညွှန်ကြားရေးမှုး Jack Dunford ကို ဦးကျော်ဇံသာ က တွေ့ဆုံပြီး ထိုင်းနယ်စပ် မြန်မာဒုက္ခသည်များရဲ့  လက်ရှိအခြေအနေ နဲ့ သူတို့အနာဂတ် အခြေအနေအကြောင်းအရာများကို ဆွေးနွေး တင်ပြထားပါတယ်။

ဦးကျော်ဇံသာ ။ ။ TBBC ကူညီထောက်ပံ့နေတဲ့ မြန်မာတွေဟာ အိုးပစ်အိမ်ပစ် ထွက်လာရသူတွေလား၊ ဒုက္ခသည်တွေလား။ ဒီ နှစ်မျိုးကို ဘယ်လိုခွဲခြား သတ်မှတ်သလဲဆိုတာကို ပထမဦးဆုံး သိပါရစေ။

Jack Dunford ။ ။ ကျနော်တို့က ဒုက္ခသည်တွေ နဲ့ IDP (Internally displaced person) ပြည်တွင်း အိုးပစ်အိမ်ပစ် ထွက်ပြေးလာကြသူများအတွက်ပါ ကူညီလုပ်ကိုင်နေပါတယ်။ ဒီနှစ်မျိုးအတွက် တရားဥပဒေမှာ အဓိပ္ပါယ် ဖွင့်ဆိုချက်တွေ ရှိပါတယ်။ နယ်စပ်ကို ဖြတ်ပြီး တဘက်နိုင်ငံကို ထွက်ခွါလာသူတွေဟာ refugees ဒုက္ခသည်တွေ ဖြစ်ပါတယ်။ အိုးအိမ်ပစ်ပြီး မြန်မာပြည်အတွင်းမှာ ရွှေ့ ပြောင်းနေထိုင်သူတွေကတော့ IDP (Internally displaced person) တွေ ဖြစ်ကြပါတယ်။

ဦးကျော်ဇံသာ ။ ။ IDPs တွေအတွက် လုပ်ဆောင်နေတယ်ဆိုတော့ TBBC အဖွဲ့က မြန်မာနိုင်ငံအတွင်းကို ဝင်ရောက်ပြီး လုပ်ကိုင်ဆောင်ရွက်နေတဲ့ သဘောလား။

Jack Dunford ။ ။ ကျနော်တို့အဖွဲ့က နယ်စပ်ကို မဖြတ်ပါဘူး။ ကျနော်တို့က ထိုင်းနိုင်ငံမှာဘဲ အခြေစိုက်ပါတယ်။ ဒါပေမဲ့ မြန်မာပြည် အရှေ့ ဘက်အခြမ်းမှာ လှုပ်ရှားဆောင်ရွက်နေကြတဲ့ တိုင်းရင်းသား စေတနာဝန်ထမ်းအဖွဲ့တွေကို ကျနော်တို့ ကူညီပံ့ပိုးပေးပါတယ်။

ဦးကျော်ဇံသာ ။ ။ မြန်မာစစ်အစိုးရက အဲဒီအဖွဲ့အစည်းတွေ အပေါ်မှာ အထူးသဖြင့် TBBC အပေါ်မှာ ဘယ်လိုသဘောထားတယ်ဆိုတာ သိပါသလား။ ဘယ်လို ထင်ပါသလဲ။

Jack Dunford ။ ။ ကျနော်တို့အဖွဲ့နဲ့ မြန်မာစစ်အစိုးရနဲ့ လုံးဝ အဆက်အသွယ် မရှိပါဘူး။ ကျနော်တို့ အခြေစိုက်လုပ်ကိုင်ဖို့ ပေးတာက ထိုင်းနိုင်ငံအတွင်းမှာ ဖြစ်ပြီး ထိုင်းနိုင်ငံ ပြည်ထဲရေးနဲ့ နီးနီးကပ်ကပ် ဆောင်ရွက်ပါတယ်။ ကျနော်တို့အဖွဲ့အပေါ် မြန်မာစစ်အစိုးရရဲ့  တရားဝင် သဘောထားကိုတော့ မသိရပါဘူး။ ဒါပေမဲ့ ဒီအစိုးရ လုပ်ရပ်ကြောင့် ပြည်သူတွေ အိုးပစ်အိမ်ပစ် ထွက်ပြေးကြရတဲ့အတွက် ကျနော်တို့အဖွဲ့က ကူညီဆောင်ရွက်ပေးနေတာပါ။

ဦးကျော်ဇံသာ ။ ။ ဒီ အစိုးရကြောင့် ဒုက္ခရောက်ကြသူတွေအရေး ဆောင်ရွက်နေတယ်ဆိုတော့ ဒီ အစိုးရနဲ့ ဆက်သွယ်ဆောင်ရွက်နိုင်မယ်ဆိုရင် ပိုပြီးထိရောက်လာနိုင်စရာ မရှိပေဘူးလား။

Jack Dunford ။ ။ ပိုကောင်းလာနိုင်ပါတယ်။ ဒါပေမဲ့ ခင်များ သိတဲ့အတိုင်း ဒီလို ကိစ္စမျိုးမှာ မြန်မာစစ်အစိုးရနဲ့ ဆက်သွယ်ဆောင်ရွက်နိုင်ဖို့ နိုင်ငံတကာ အသိုင်းအဝိုင်းအတွက် အခက်အခဲတွေ ရှိနေပါတယ်။ ကြာတော့ကြာခဲ့ပါပြီ။ ၁၉၉၀ ပြည့်လွန်တုန်းက ကျနော် ဘန်ကောက်မှာရှိတဲ့ မြန်မာသံအမတ်နဲ့ တွေ့ခဲ့ဘူးပါတယ်။ တိုင်းရင်းသားအရေးမှာ ကျနော်တို့ ဝင်ရောက်ညှိနှိုင်းပေးဖို့ ဆွေးနွေးဘူးပါတယ်။ ဒါပေမဲ့ ဘာမှ အကောင်အထည်ပေါ်မလာခဲ့ပါဘူး။

ဦးကျော်ဇံသာ ။ ။ စစ်အစိုးရကတော့ ဒုက္ခသည်တွေဟာ သူပုန်တွေရဲ့  မိသားစုတွေ၊ သူပုန်အားပေးသူတွေ။ ဒုက္ခသည်စခန်းဆိုတာကလည်း သူပုန်တွေ ခိုလှုံတဲ့နေရာတွေလို့ ဆိုပါတယ်။ ဒီအချက်ကို ဘာပြောချင်ပါသလဲ။

Jack Dunford ။ ။ ဒီ တိုင်းရင်းသားတွေရဲ့  လှုပ်ရှားမှုဟာ နှစ်ပေါင်း (၆၀) ကျော်ကြာခဲ့ပါပြီ။ တိုင်းရင်းသားတွေအားလုံး နယ်စပ်ဒေသတွေကို တွန်းဖယ်ခံနေရပါတယ်။ တဖြည်းဖြည်း နယ်စပ်ကို ဖြတ်ကျော်လာနေရပါတယ်။ ကရင်၊ ကရင်နီ၊ မွန် အဖွဲ့အစည်းတွေနဲ့ တနည်းနည်း ဆက်စပ်နေကြပါတယ်။ ဒါပေမဲ့ သူတို့ရဲ့  စခန်းတွေဟာ စစ်ရေး၊ နိုင်ငံရေးဆိုင်ရာ စခန်းတွေတော့ မဟုတ်ပါဘူး။

ဦးကျော်ဇံသာ ။ ။ ဒီလူတွေ ထိုင်းနိုင်ငံဘက် ရောက်လာကြတာ စစ်ပွဲကြောင့်လား၊ ဆင်းရဲမှုကြောင့်ကော မပါဘူးလား။ တချို့ တွေဟာ ရေကြည်ရာ မြက်နုရာ ရှာဖွေ ထွက်လာကြသူတွေ မပါဘူးလား။

Jack Dunford ။ ။ အခု ထိုင်းနိုင်ငံမှာ မြန်မာလူမျိုး (၃) သန်းလောက် ရှိပါတယ်။ အဲဒီအထဲက အများအပြားဟာ စီးပွားရေး အခြေအနေကြောင့် မြန်မာနိုင်ငံက ထွက်ပြေးလာကြတာပါ။ ဒါပေမဲ့ ဒုက္ခသည်စခန်းမှာ ရှိနေကြသူအများစုကတော့ စစ်ပွဲတွေကြောင့် တိမ်းရှောင်ထွက်ပြေး လာကြသူတွေပါ။ စီးပွားရေးကြောင့် ထွက်ပြေးလာကြသူတွေ မဟုတ်ပါဘူး။ အခု ဖြစ်နေတဲ့ကိစ္စက တိုင်းရင်းသားလူမျိုးစုတွေဟာ သူတို့ ရည်ရွယ်မျှော်မှန်းချက်တွေအတွက် ရုန်းကန်လှုပ်ရှားနေကြတာပါ။ သူတို့ဟာ အုပ်ချုပ်ရေးမှာ သူတို့အခန်းကဏ္ဍပါရှိတဲ့ ဖဒရယ်ပုံစံ အုပ်ချုပ်ရေးကို လိုချင်ကြပါတယ်။ စစ်အစိုးရက သူတို့နဲ့ ညှိနှိုင်းဖြေရှင်းမှုမရှိဘဲ သူတို့ဒေသတွေကို တိုက်ခိုက်ထိန်းချုပ်ထားပါတယ်။ ဒါကြောင့်မို့ သူတို့တွေက လက်နက်ကိုင်ကြပါတယ်။ ဒီ စစ်ပွဲတွေမှာ စစ်အစိုးရက အနိုင်ရလာပါတယ်။ နယ်မြေတွေကို သိမ်းပိုက်လာပါတယ်။ ဒါပေမဲ့ လူမျိုးစုတွေရဲ့  ရည်ရွယ်မျှော်လင့်ချက်က ပြောင်းလဲမသွားပါဘူး။

ဒီတော့ စစ်တပ်ရဲ့  ထိန်းချုပ်မှုကို သူတို့ မလိုလားဘူး။ စစ်တပ်က သူတို့ လူ့အခွင့်အရေးတွေကို ထိပါးစော်ကားတယ်။ ဖိနှိပ်ချုပ်ချယ်တယ်။ ခုခံတွန်းလှန်တာကို ချေမှုန်းတယ်။ ဒါကြောင့်မို့ ကျနော် ဒီလုပ်ငန်းကို လုပ်ကိုင်လာတယ့် (၂၆) နှစ်တာ ကာလမှာ နေ့တိုင်းလိုလို ဒုက္ခသည်တွေ ထွက်လာကြတာ တွေ့နေရပါတယ်။

ဦးကျော်ဇံသာ ။ ။ ဒုက္ခသည်တွေအရေး ဆောင်ရွက်ရာမှာ ထိုင်းအာဏာပိုင်တွေရဲ့  ပူးပေါင်းဆောင်ရွက်မှု အပြည့်အဝ ရရှိပါသလား။

ကျနော် ဒီမေးခွန်းမေးရတဲ့အကြောင်းက မြန်မာပြည်က ဒုက္ခသည်တွေအပေါ် နှိမ့်ချဆက်ဆံတယ်ဆိုတဲ့ ညီးတွားသံတွေ ဒုက္ခသည်တွေဆီက မကြာခဏ ကြားရပါတယ်။ ဒေသခံ ထိုင်းတွေနဲ့ မြန်မာဒုက္ခသည်တွေ အခွင့်အရေး လုံးဝ ခြားနားမှုရှိတယ်။ အလုပ်တမျိုးတည်းကို အတူတူလုပ်ကြရာမှာ မြန်မာအလုပ်သမားတွေကို လျှော့ပေးတယ်ဆိုတာတွေ ကြားနေရပါတယ်။

Jack Dunford ။ ။ ခင်များ ပြောနေတာ ကမ္ဘာ့အခြေအနေပါ။ တကမ္ဘာလုံးမှာ ဒီလိုဘဲ ဖြစ်နေပါတယ်။ ထိုင်းရဲ့  သဘောထားကို ပြောရရင် realistic approach အတော်လေး လက်တွေ့ကြတဲ့ ချည်းကပ်မှုလို့ ပြောလို့ရပါတယ်။ ထိုင်းက မြန်မာ သုံးသန်းလောက်ကို လက်ခံထားတယ်။ ဒုက္ခသည်စခန်းတွေ ဖွင့်ခွင့်ပေးတယ်။ ဒီ ဒုက္ခသည်တွေဆီ ကျနော်တို့ကို အပြည့်အဝ သွားရောက်ကူညီခွင့် ပေးထားတယ်။ ဒါတွေအားလုံးဟာ အပေါင်းလက္ခဏာတွေပါ။ ထိုင်းနိုင်ငံအဖို့ သတိထားရတာက မြန်မာနိုင်ငံက လူတွေ ပုံအောပြီး လိမ့်ဝင်လာတဲ့ကိစ္စ ဖြစ်ပါတယ်။ ထိုင်းဘက်မှာ သိပ်ပြီး အနေချောင်အောင် လုပ်ပေးထားရင် မြန်မာနိုင်ငံဘက်က လူတွေဒီထက်မက လိမ့်ဝင်လာနိုင်ပါတယ်။ ဒါကြောင့် ထိုင်းမူဝါဒက ဒီကိစ္စမှာတော့ သိပ် ရက်ရက်ရောရော ရှိတဲ့ မူဝါဒ မဟုတ်ပါဘူး။ ဒါကိုတော့ သံသယရှိစရာ မလိုပါဘူး။ မှတ်ပုံတင်ရှိတဲ့ လူတွေတောင် ခေါင်းပုံဖြတ်ကြရပါတယ်။ ဒီအတွက် ရေးဆွဲထားတဲ့ ဥပဒေတွေလည်း အားမကောင်းလှပါဘူး။ ဒါကြောင့် ဒီမူဝါဒမှာ အပေါင်းလက္ခဏာနဲ့ အနုတ်လက္ခဏာ နှစ်ခုစလုံး တွေ့နေရပါတယ်။

ဦးကျော်ဇံသာ ။ ။ ထိုင်းနိုင်ငံဟာ တချိန်တုန်းက ဒီနယ်စပ်က တိုင်းရင်းသား သူပုန်တွေကို သူတို့နိုင်ငံအတွက် အကာအကွယ် buffer ကြားခံအဖြစ် မွေးခဲ့ပါတယ်။ အခုတော့ မြန်မာစစ်အစိုးရနဲ့ ပူးပေါင်းပြီး စီးပွားရေးလုပ်ချင်လာတဲ့အခါ သဘောထားပြောင်းလာတယ်။ ဆိုတော့ ဒုက္ခသည်တွေ ဖြစ်ရတဲ့ကိစ္စမှာ ထိုင်းနိုင်ငံအနေနဲ့ တစိတ်တဒေသအဖြစ် တာဝန်မရှိပေဘူးလား။

Jack Dunford ။ ။ ထိုင်းအနေနဲ့က မြန်မာနိုင်ငံပြဿနာကို သူတို့ မဖြေရှင်းနိုင်ဘူးဆိုတာ သဘောပေါက်တယ်။ မြန်မာပြည် ပြဿနာကလည်း ရေရှည်သွားမယ့် ပြဿနာပါ။ ၂၀၀၃ ခုနှစ်တုန်းက ပုဂံသဘောတူညီချက်ဆိုတဲ့ စီးပွားဖွံ့ဖြိုးမှု အစီအစဉ်အရ နယ်စပ်ဒေသ ဖွံ့ဖြိုးရေး နှစ်ရှည်စီမံကိန်းတွေ လုပ်ခဲ့ပါတယ်။ နယ်စပ်ဒေသ တည်ငြိမ်ရေးလည်းပါတယ်။ ဒါဟာ ထိုင်းနိုင်ငံ အမျိုးသား လုံခြုံရေးနဲ့လည်း စပ်ဆက်နေပါတယ်။ ဒါပေမဲ့ ကံမကောင်း အကြောင်းမလှစွာနဲ့ဘဲ ဒါဟာ မြန်မာစစ်တပ်ကို တိုင်းရင်းသားနယ်မြေတွေ ပိုပြီး ထိန်းချုပ်ခွင့် ပေးလိုက်သလို ဖြစ်သွားပြီး ဒုက္ခသည်တွေ၊ ထွက်ပြေးရသူတွေ ပိုများလာခဲ့တယ်။ တိုင်းရင်းသား အခွင့်အရေးတွေကိုလည်း အသိအမှတ် မပြုခဲ့ဘူး။ ဒါကြောင့် မှန်ပါတယ် ဒီလို မူဝါဒမျိုးဟာ တိုင်းရင်းသားတွေရဲ့  အကျိုးစီးပွားနဲ့ ဆန့်ကျင်ဘက်သာ ဖြစ်နေပါတယ်။

ဦးကျော်ဇံသာ ။ ။ TBBC ရဲ့  ၂၀၀၉ - ၂၀၁၃ မဟာဗျူဟာ မျှော်မှန်းချက်တွေထဲမှာ ပထမအချက်က ဒီ ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်တွေ အိုးပစ်အိမ်ပစ် ထွက်ပြေးလာကြသူများအရေးကို ရေရှည် ပြေလည်နိုင်မယ့် အပြောင်းအလဲ ရှာဖွေရေးလို့ ရေးထားတာကို တွေ့ရပါတယ်။ ဘယ်လိုမျိုး အဖြေရှာမလဲဆိုတာကို ပြောပါအုန်း။

Jack Dunford ။ ။ သေချာတာပေါ့။ ထိုင်းမှာ မြန်မာဒုက္ခသည်တွေရှိလာခဲ့တာ (၂၆) နှစ် ရှိလာခဲ့ပါပြီ။ စိန်ခေါ်မှုတွေမှာ အလှုရှင်တွေက မကျေနပ်ကြတော့ဘူး၊ စိတ်ကုန်နေကြပြီ။ ကမ္ဘာတဝှမ်းမှာ ဘေးဒုက္ခတွေ လိုအပ်ချက်တွေက အများကြီးဖြစ်နေတာ ဒီကိစ္စမှာ အချိန်အကန့်အသတ်မရှိ ပံ့ပိုးပေးနိုင်နေမှာ မဟုတ်ဘူး။ ကျနော်တို့ ပြောတဲ့ တာရှည်ဖြေရှင်းချက်ကို လူတိုင်းလိုချင်ပါတယ်။ လက်တွေ့မှာတော့ ပြေလည်မှုဆိုတာ မြန်မာနိုင်ငံမှာ ပြေလည်မှာ ဖြစ်နိုင်မှာပါ။ မြန်မာနိုင်ငံအတွင်းမှာ ပြဿနာတွေ ပြေလည်သွားမှ ဒုက္ခသည်တွေ ထွက်လာတာ ရပ်ဆိုင်းသွားမှာ။ ဒုက္ခသည်တွေလည်း သူတို့ဌာနေ ပြန်သွားနိုင်မှာပါ။ ဒါပေမဲ့ တာရှည်ပြေလည်မှုဆိုတဲ့ အထဲမှာ တခြားနိုင်ငံတွေမှာ အခြေချပေးမှုလည်း ပါပါတယ်။ အပြည့်အဝမဟုတ်တော့ တစိတ်တဒေသ ပြေလည်ဖို့ အထောက်အကူ ဖြစ်ပါတယ်။ တချိန်တည်းမှာလည်း ထိုင်းနိုင်ငံရဲ့  အခက်အခဲကိုလည်း ထည့်သွင်း စဉ်းစားပြီး ဒုက္ခသည်တွေ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ရေး၊ နေရေးထိုင်ရေး ပြေလည်ရေးတွေကိုလည်း ဆောင်ရွက်ပေးနိုင်ဖို့ မျှော်လင့်ပါတယ်။

ဦးကျော်ဇံသာ ။ ။ အခု စစ်အစိုးရက ၂၀၀၈ ခုနှစ်မှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေရေးဆွဲခဲ့ပြီး ၂၀၁၀ မှာ ရွေးကောက်ပွဲ လုပ်ပေးဖို့ ပြင်ဆင်နေပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ ရေရှည်ပြေလည်မှု ရနိုင်မယ်လို့ ထင်ပါသလား။

Jack Dunford ။ ။ ၂၀၁၀ ရွေးကောက်ပွဲက အပြုသဘော ရွေးကောက်ပွဲ ဖြစ်လာနိုင်ဖို့ လူတိုင်း မျှော်လင့်ကြပါတယ်။ ဒါပေမဲ့ သိပ် အလားအလာကောင်းပုံ မရပါဘူး။ ပထမအချက်က တိုင်းရင်းသားတွေက ဖဒရယ်ပုံစံကို မျှော်မှန်းနေကြတယ်။ ဒါပေမဲ့ ၂၀၀၈ ဖွဲ့စည်းပုံက တပြည်ထောင်စနစ် Unitary State သာ ဖြစ်ပြီး တိုင်းရင်းသားတွေ မျှော်မှန်းချက်နဲ့ မကိုက်ညီပါဘူး။ ဒါဟာ လက်ရှိပြဿနာကို မပြေလည်စေပါဘူး။ အခြေအနေက ပိုပြီဆိုးလာနိုင်ပါတယ်။ စစ်အစိုးရကတော့ ဒီပြဿနာကို ရွေးကောက်ပွဲ မတိုင်ခင် လုပ်ချင်တယ်။ ဒါပေမဲ့ တိုင်းရင်းသားအဖွဲ့တွေကို နယ်ခြားစောင့် တပ်အသွင်းပြောင်းရေးဟာ တိုင်းရင်းသားတွေ လက်ခံနိုင်တဲ့ အခြေအနေမဟုတ်ပါဘူး။ ဆိုတော့ ပဋိပက္ခတွေ ပိုများလာပြီး ပြေလည်စရာ မမြင်ပါဘူး။

ဦးကျော်ဇံသာ ။ ။ ဒီတော့ TBBC အတွက် စိန်ခေါ်မှုတွေ၊ ပြဿနာတွေ ပိုပြီရင်ဆိုင်လာရမှာပေါ့။ ဒါတွေကို ပြေပြေလည်လည် ရင်ဆိုင်ဖို့ အင်အားတွေ၊ အရင်းအမြစ်တွေ ရှိပါသလား။

Jack Dunford ။ ။ တကယ်တော့ နိုင်ငံတကာ အသိုင်းအဝိုင်းက မြန်မာ့အရေးကို အလေးအနက် ထားပါတယ်။ လွန်ခဲ့တဲ့ (၂၆) နှစ်လုံးမှာ ရက်ရက်ရောရော ရှိခဲ့ပါတယ်။ ကျနော့် အတွေ့အကြုံအရ အရေးပေါ် အကူအညီတွေ လိုတဲ့အခါမှာလည်း ထိထိရောက်ရောက် ပေးခဲ့ကြတယ်။ ကျနော် ယုံကြည်မှု ရှိပါတယ်။ လိုအပ်လာရင်တော့ နိုင်ငံတကာ အသိုင်းအဝိုင်းက ကူညီကြမှာပါ။

ဦးကျော်ဇံသာ ။ ။ နောက်ဆုံးမေးခွန်းက မြန်မာနိုင်ငံဟာ နိုင်ငံကြီးတချို့ အတွက် မဟာဗျူဟာမမြောက်လို့၊ အချက်အခြာမကျလို့ နိုင်ငံတကာက ထိထိရောက်ရောက် ပါဝင်ဆောင်ရွက်ချင်စိတ် မရှိဘူးလို့ တချို့ က ဝေဖန်ကြပါတယ်။ ဒီအချက် မှန်ပါသလား။

Jack Dunford ။ ။ စိတ်ဝင်စားဖို့ကောင်းတဲ့ မေးခွန်းပါ။ တကမ္ဘာလုံး အတိုင်းအတာနဲ့ကြည့်ရင် မြန်မာ့အရေးဟာ သိပ်အရေးမကြီးပါဘူး။ ဒါပေမဲ့ မြန်မာနိုင်ငံရဲ့  တည်နေရာဟာ မဟာဗျူဟာကျပါတယ်။ စိတ်ဝင်စားမှု ရှိကြပါတယ်။ အခုအခါ မြန်မာတွေ တကမ္ဘာလုံး ပြန့်နှံရောက်ရှိနေကြလို့ တကမ္ဘာလုံးရဲ့  စာနာမှုတွေ ပိုရလာကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG