သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုညီညီအောင် မမျှော်လင့်ဘဲ လွတ်မြောက်လာ


မှတ်ပုံတင် အတုလုပ်မှု၊ နိုင်ငံခြားငွေ တရားမဝင် လက်ဝယ်ကိုင်ဆောင်မှု၊ လူဝင်မှု ကြီးကြပ်ရေး ဥပဒေ ချိုးဖောက်မှုတွေနဲ့ ပြီးခဲ့တဲ့လက ထောင်ဒဏ် ၃ နှစ် ချမှတ်ခံခဲ့ရတဲ့ မြန်မာပြည်ဖွား အမေရိကန် နိုင်ငံသား ကိုညီညီအောင်ခေါ် ကိုကျော်ဇောလွင်ကို ပဲခူးတိုင်း၊ ပြည်ထောင်မှာ ထိန်းသိမ်းထားရာက မနေ့က အင်းစိန်ထောင်ကို ပြောင်းရွှေ့ခဲ့ပြီး ဒီနေ့ နေ့လယ် ၁ နာရီမှာ မြန်မာစစ်အစိုးရက သူ့ကို ပြန်လွှတ်ပေးလိုက်ပြီ ဖြစ်ပါတယ်။

မွန်းလွဲပိုင်းမှာ အမေရိကန် ပြည်ထောင်စုကို ပြန်ဖို့အတွက် ကိုညီညီအောင်ဟာ ရန်ကုန်လေဆိပ်ကနေ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို ထွက်ခွာသွားခဲ့ပါတယ်။ ဒီအခြေအနေနဲ့ ပတ်သက်ပြီး ရန်ကုန်မှာရှိတဲ့ အမေရိကန်သံရုံး တာဝန်ရှိသူကလည်း ကိုညီညီအောင်ခေါ် ကိုကျော်ဇောလွင် လွတ်မြောက်လာတာနဲ့ ပတ်သက်လို့ အခုလို အတည်ပြု ပြောဆိုပါတယ်။

“ကိုကျော်ဇောလွင်ကို ဒီနေ့ အကျဉ်းထောင်က ပြန်လွှတ်ပေးခဲ့ပြီး မြန်မာပြည်ကနေ ထွက်ခွာသွားပါပြီ။ ဒီကိစ္စကို ကျနော်တို့ ကြိုဆိုပါတယ်။” လို့ ပြောသွားပါတယ်။

ကိုညီညီအောင်ရဲ့ အဒေါ်ဖြစ်သူ ဒေါ်ခင်ခင်ဆွေကလည်း ကိုညီညီအောင် လွတ်မြောက်လာပြီး ရန်ကုန်လေဆိပ်မှာ တွေ့ဆုံခဲ့တဲ့ အခြေအနေနဲ့ ပတ်သက်လို့ အခုလို ပြောပြပါတယ်။

“မနေ့က သူ့ကို ပြည်ကနေ ခေါ်ခဲ့တယ်။ မနေ့က ညနေ ၄ နာရီလောက် ဆိုက်ပါတယ်။ ဒီနေ့ အင်းစိန်ကနေ လွှတ်ပါတယ်။ အန်တီတို့ကို မနေ့က အမေရိကန်သံရုံးက ဖုန်းဆက်တယ်။ ညီညီအောင်ကို ဒီနေ့ လွှတ်မယ်လို့ သတင်းကောင်းပဲတဲ့၊ အဲဒီလိုကြားတော့ အန်တီတို့ အရမ်းဝမ်းသာပါတယ်။ အဲဒါနဲ့ အန်တီတို့ အကုန် အစီအစဉ်တွေဆွဲပြီး လက်မှတ်ဝယ်တာတွေ သူတို့ လုပ်ကြ၊ ပြီးတော့ သံရုံးက ပြန်ဖုန်းဆက်ပါတယ်။ ဒီနေ့ ၂ နာရီ ၄၀ လေယာဉ်နဲ့ ပြန်ရမယ်တဲ့။ သံရုံးကပဲ စီစဉ်ပါတယ်၊ လေယာဉ်လက်မှတ်ကို။

“အဲဒါနဲ့ မနက်ဖြန် သူ ၂ နာရီ ၄၀ မှာ ရတယ်တဲ့။ Bangkok transit ရတယ်။ ၉ နာရီလောက် လွှတ်လိုက်မယ်၊ လွှတ်ပြီးရင် ကိုညီညီအောင်ကို သံရုံးကို ခေါ်သွားမယ်ပေါ့။ ပြီးရင် အန်တီတို့နဲ့ တွေ့ကြမယ်။ ဒါပေမဲ့ အဲဒီအစီအစဉ်က ဖြစ်မသွားဘူး။ Immigration က သူတို့ ခွင့်မပြုနိုင်ဘူးတဲ့။ ၁၂ နာရီမှာ သူ့ကို ထုတ်လာပေးမယ်။ ၁ နာရီကျမှ လွှတ်မိန့်ယူပြီး သူတို့ လေယာဉ်ပျံကွင်းကို တန်းပို့မယ်ပေါ့။ Immigration ကလူတွေ တော်တော်များတယ်၊ လာတာ။”

ဒီနေ့ ပြန်လည်လွတ်မြောက်လာတဲ့ မြန်မာပြည်ဖွား၊ အမေရိကန် နိုင်ငံသား ကိုညီညီအောင်ရဲ့ အဒေါ်ဖြစ်သူ ဒေါ်ခင်ခင်ဆွေ ပြောပြခဲ့တာ ဖြစ်ပါတယ်။

တဆက်တည်းမှာပဲ ကိုညီညီအောင်ဟာ ညနေပိုင်းမှာ ဘန်ကောက်မြို့၊ သုဝဏ္ဏဘူမိလေဆိပ်ကို ရောက်ရှိလာတဲ့အချိန် သုဝဏ္ဏဘူမိလေဆိပ်မှာ ကြိုပြီးစောင့်နေတဲ့ ဗွီအိုအေ ဝိုင်းတော်သား ကိုသားညွန့်ဦးက ကိုညီညီအောင်နဲ့ တိုက်ရိုက်တွေ့ဆုံ မေးမြန်းနိုင်ခဲ့ပြီး အပြည့်အစုံ တင်ပြပေးထားပါတယ်။

ကိုညီညီအောင်ဟာ ဘန်ကောက် သုဝဏ္ဏဘူမိ နိုင်ငံတကာ လေဆိပ်ကို ထိုင်းစံတော်ချိန် ၅ နာရီလောက်မှာ ဆိုက်ပါတယ်။ သူထွက်လာတာတော့ တယောက်တည်းပါ။ ဒီမှာတော့ နိုင်ငံခြား သတင်းဌာန အသီးသီးကရော မြန်မာသတင်းဌာနတွေကပါ အတော်လေး စုံစုံလင်လင်နဲ့ စောင့်နေပါတယ်။ သူ ဝင်လာလာချင်းပဲ ကင်မရာ သမားတွေ၊ ဓာတ်ပုံသမားတွေက ဓာတ်ပုံတွေရိုက်ကြဆိုတော့ ဘန်ကောက်လေဆိပ်ထဲမှာတော့ အတော်လေး ရုတ်ရုတ် ရုတ်ရုတ် ဖြစ်သွားပါတယ်။

သူ့ရဲ့ပုံကတော့ တွေ့တွေ့ချင်းမှာ အတော်လေး နွမ်းနယ်နေတဲ့ပုံ ရှိပါတယ်။ နည်းနည်း ပိန်သွားပါတယ်။ ထောင်ထဲမှာနေရလို့ အသားအရည်က ပိုပြီး ခြောက်လာပါတယ်။ သူက စိတ်လှုပ်ရှားနေတဲ့ပုံလည်း ရပါတယ်။ လေဆိပ်က စောင့်ကြိုခန်းမထဲကို ရောက်ရောက်ချင်းပဲ ထောင်ကနေ အခုလို လွတ်မြောက်လာတဲ့ စိတ်ခံစားမှုလေး မေးတော့ သူက အခုလို ပြောပြပါတယ်။

“တဘက်မှာတော့ ဝမ်းသာပါတယ်။ တပိုင်းကျတော့လည်း မိသားစုတွေ အကုန်လုံးက ထောင်ထဲမှာပဲ ရှိနေသေးတယ်ဆိုတော့ အပြည့်အဝတော့ ကျနော် ဝမ်းမသာနိုင်သေးဘူး။ ကျနော့် သူငယ်ချင်းတွေ၊ မိတ်ဆွေတွေ အားလုံးကလည်း ထောင်ထဲမှာပဲ ရှိနေသေးတယ်ဆိုတော့။”

ခံဝန်တွေ ဘာတွေရော ထိုးခိုင်းသေးလား။

“ဟုတ်ကဲ့၊ ခံဝန်ဆိုတဲ့ အပိုင်းမှာတော့ ၄၀၁ လိုပေါ့၊ သူတို့ခေါ်တာတော့။ အဓိက ပြောချင်တာ သူတို့က လွှတ်ပေးလိုက်တယ်၊ သို့သော်လည်း နောင်တချိန်ကျရင် ကျနော် ဗမာပြည်နဲ့ ပတ်သက်ပြီး တခုခု အမှုဖြစ်ခဲ့မယ်ဆိုရင် အခု ကျန်ခဲ့တဲ့လ၊ ကျနော်က ၂ နှစ်ခွဲလောက် ကျန်သေးတယ်၊ အဲဒီ ၂ နှစ်ခွဲကို ပေါင်းခံရမယ်ဆိုတဲ့ အကြောင်းအရာတော့ ကျနော် ထိုးခဲ့ရပါတယ်။”

အခုက ၆ လကျော် နေခဲ့ရတာပေါ့။

“ဟုတ်ကဲ့၊ ၆ လကျော်၊ ၇ လနီးပါး။”

ဘယ်အချိန်လောက်မှာ လွတ်မယ်ဆိုတာ စပြီးသိလဲ။

“စပြီးသိတာတော့ လွန်ခဲ့တဲ့ ၃ ရက်လောက်ကတည်းက နည်းနည်း စပြီးသိရတာပေါ့။ ကျနော် ပြည်ထောင်မှာပဲ ကျနေသေးတယ်ဆိုတော့ ပြည်ထောင်မှာ နည်းနည်း စကားလာပြောတယ်။ ပြီးတော့ မလွတ်ခင် မနေ့တုန်းက ကျနော့်ကို ပြည်ကနေ ခေါ်တယ်၊ ခေါ်တဲ့အချိန်ကျတော့ ကျနော် နည်းနည်းသိရတယ်။ ညပိုင်းကတော့ သူတို့ လာပြောတဲ့အခါကျတော့ ဘယ်အချိန်လဲတော့ ကျနော် မသိရသေးဘူး။ နောက်ဆုံး သံတမန်တွေကို တွေ့တဲ့အချိန်ပေါ့။”

ဘယ်အချိန်က တွေ့တာလဲ၊ သံတမန်တွေကို။

“အခု ဒီနေ့ မလွတ်ခင် တွေ့တဲ့အချိန်ကျမှ လွတ်မယ်ဆိုတာ ပိုင်ပိုင်နိုင်နိုင် ပြောလို့ရတာပေါ့။”

ပြည်ကနေ ရန်ကုန်ကို ဘယ်နေ့က ပြောင်းပေးလဲ။

“မနေ့က ပြောင်းပေးပါတယ်။”

ဒီနေ့ ဘယ်အချိန် လွတ်တာလဲ။

“တကယ်လွတ်တာ စာရွက်ဖတ်ပြတဲ့ အချိန်ကတော့ မြန်မာစံတော်ချိန်နဲ့ တနာရီတိတိပေါ့။ ဝန်ကြီးကနေ ပြောပြီဆိုပြီးတော့။ ဒါပေမဲ့ သံတမန်တွေ အနေနဲ့ သူတို့ဘာသာ သူတို့ စောစောစီးစီးကတည်းက ပြောထား ဆိုထားတာတော့ ရှိပါတယ်။”

ကိုညီညီအောင် စသွားတုန်းက ဘယ်လိုရည်ရွယ်ချက်နဲ့ စသွားတာလဲ။

“ကျနော့်အနေနဲ့ စသွားတုန်းကတော့ ကျနော်က အမြဲတမ်း တိုင်းပြည်ထဲကို သွားနေကျပဲ။ ကျနော်တို့ နိုင်ငံသားတွေဟာ ပိုပြီး အသိတရားရှိမယ်၊ ပိုပြီးပွင့်လင်းတဲ့ အခင်းအကျင်း ဖြစ်နိုင်ဖို့အတွက် ကျနော်မြင်သလောက် မျှဝေမယ်၊ သူတို့ဆီက ရသမျှ ကျနော် လေ့လာမယ်၊ ပြီးသွားတဲ့အခါ ဘာတွေ ပိုပြီး ချဉ်းကပ်နိုင်မလဲဆိုတာ ကျနော် စဉ်းစားပါတယ်။”

အဲဒီတော့ မြန်မာပြည် ထပ်သွားဖို့ရော ရှိသေးလား။

“အခုအချိန်မှာတော့ မရှိသေးပါဘူး။”

ရန်ကုန်မှာတော့ သူ့ကို အမေရိကန်သံရုံး အရာရှိတဦးက လေဆိပ်အထိ လိုက်ပို့တယ်လို့ သိရပါတယ်။ ဒီမှာတော့ အမေရိကန်သံရုံးက သီးခြား လာစောင့်ကြိုတာတော့ မရှိပါဘူး။ အခု ဘန်ကောက်ကနေ ရက်ပိုင်းအတွင်း နေပြီး အမေရိကန် ပြည်ထောင်စုကို မကြာခင်မှာ ပြန်ဖို့ရှိတယ်လို့ သိရပါတယ်။

XS
SM
MD
LG