သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲဥပဒေ ပြင်ဆင်ရေး ဖိလစ်ပိုင် တောင်းဆိုချက် စစ်အစိုးရ လက်မခံ


မြန်မာစစ်အစိုးရက ကျင်းပဖို့ ရှိနေတဲ့ ရွေးကောက်ပွဲတွေမှာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်ခွင့် မရအောင် ဥပဒေတွေ ပြဋ္ဌာန်းထားတာကို ပြင်ဆင်ဖို့ ဖိလစ်ပိုင်နိုင်ငံက တောင်းဆိုခဲ့တာကို မြန်မာ နိုင်ငံခြားရေးဝန်ကြီးက လက်မခံ ပယ်ချလိုက်ပါတယ်။

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တော်မှာ ကျင်းပနေတဲ့ ဘက်မလိုက်နိုင်ငံများ အစည်းအဝေးပွဲ တခုအတွင်း ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး အယ်လ်ဘာတို ရိုမြူလို (Alberto Romulo) က မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းနဲ့ အလွတ်သဘော တွေ့ဆုံစဉ်မှာ တိုက်တွန်းခဲ့တာကို ငြင်းဆန်ခဲ့တာ ဖြစ်ပါတယ်။

မြန်မာ နိုင်ငံခြားရေးဝန်ကြီး အနေနဲ့ ဒီကိစ္စနဲ့ ပတ်သက်လို့ များများစားစား မပြောတဲ့ အတွက်လည်း စိတ်ပျက်မိတယ်လို့ ဖိလစ်ပိုင် နိုင်ငံခြားရေး ဝန်ကြီးရဲ့ ပြောဆိုချက်ကို DPA သတင်းတပုဒ်က ကိုးကား ဖော်ပြခဲ့တာပါ။ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေအရ ရာဇဝတ်ပြစ်မှုတွေနဲ့ အရေးယူ ခံရသူတွေကို ပါတီကနေ ထုတ်ပယ်ရမယ် ဆိုပြီး ပြဋ္ဌာန်းခဲ့တာမို့ နေအိမ်အကျယ်ချုပ် ဖောက်ဖျက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အပြစ်ပေးခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည် နိုင်ငံရေး လုပ်ငန်းစဉ်မှာ ပါဝင်ဖို့ မဖြစ်နိုင်တဲ့ အခြေအနေမျိုး ကြုံနေရတာပါ။

ဒီလိုပဲ ဒီဥပဒေက ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေး အကျဉ်းသား ၂,၀၀၀ ကျော်လောက်ကိုလည်း ဒီနှစ်ထဲ ကျင်းပမယ့် ရွေးကောက်ပွဲတွေမှာ ပါဝင်ခွင့်မရအောင် တားမြစ်ခဲ့တာ ဖြစ်ပါတယ်။ ဒီလို ပြဋ္ဌာန်းထားတဲ့ ဥပဒေတွေဟာ နိုင်ငံရေးမှာ ပါဝင်ပတ်သက်နိုင်တဲ့ အခန်းကဏ္ဍတွေကို ကန့်သတ်မှု ဖြစ်သလို လူပုဂ္ဂိုလ် တဦးတယောက်ကို ကန့်သတ်ဖို့ ရည်ရွယ်ထားတယ် ဆိုတာ ထင်ရှားနေတယ်ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ပါတယ်။

ဒီဥပဒေကပဲ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် တခဲနက် အနိုင်ရခဲ့တဲ့ ၁၉၉၀ ပြည့်နှစ်က ရွေးကောက်ပွဲ ရလဒ်တွေကိုလည်း ပယ်ဖျက်လိုက်တာပါ။ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွေကို ပြဋ္ဌာန်းခဲ့တဲ့ ဥပဒေတွေဟာ သက်ရောက်မှု မရှိတော့တာမို့ ဒီရွေးကောက်ပွဲက ထွက်ပေါ်လာတဲ့ ရလဒ်ဟာလည်း သက်ဝင်မှု မရှိတော့ဘူးလို့ ရွေးကောက်ပွဲ ဥပဒေတွေက ပြဋ္ဌာန်းခဲ့တာပါ။

မြန်မာစစ်အစိုးရက ရွေးကောက်ပွဲ ဥပဒေတွေ အပေါ်မှာတော့ မြန်မာနိုင်ငံတွင်းက နိုင်ငံရေး အင်အားစုတွေသာမက ကုလသမဂ္ဂနဲ့ အမေရိကန် ပြည်ထောင်စု အပါအဝင် နိုင်ငံတကာ အသိုင်းအဝန်းကလည်း စိုးရိမ်မကင်း ဖြစ်မှုတွေ၊ ဝေဖန်မှုတွေလည်း ပြည်တွင်းပြည်ပက ထွက်ပေါ်လာတာပါ။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG