သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ညီညီအောင် ဝါရှင်တန် ပြန်လည်ရောက်ရှိ


မြန်မာနိုင်ငံစစ်အစိုးရရဲ့ ဖမ်းဆီးထောင်ချမှုအောက်က လွတ်မြောက်လာခဲ့တဲ့ အမေရိကန်နိုင်ငံသားခံယူထားသူ ကိုညီညီအောင် ခေါ် ကိုကျော်ဇောလွင်ဟာ ဒီကနေ့မွန်းလွဲပိုင်းမှာပဲ သူ မူလနေထိုင်တဲ့ အမေရိကန်ပြည်ထောင်စုကို ပြန်လည်ဆိုက်ရောက်လာခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ အပြောင်းအလဲဖြစ်နိုင်ရေးအတွက် နိုင်ငံတကာ အသိုင်းအဝိုင်းနှင့်တကွ မြန်မာ့အရေးလှုပ်ရှားသူတွေ အားလုံးတို့ဟာ လက်ရှိ လုပ်ရပ်တွေကို ပြန်သုံးသပ်ပြီး ပိုပြီးတော့ ထိရောက်တဲ့နည်းလမ်းကို ရှာဖွေရလိမ့်မယ်လို့ ဗွီအိုအေ မြန်မာပိုင်းကို ကိုညီညီအောင်က အခုလို ပြောသွားခဲ့ပါတယ်။

"ကျနော်တို့ တိုင်းပြည်မှာ အာဏာရှင်စနစ် ရှိနေသ၍က ဒီအဖမ်းအဆီးတွေက ကျနော်တို့ ဖြတ်ကျော်နေရမှာပဲ။ အဲဒီအတွက် ကျနော်တို့ မြန်မာတပြည်လုံးရော၊ အပြင်မှာရှိနေတဲ့ အင်အားစုတွေအားလုံးရော နိုင်ငံတကာအဖွဲ့အစည်းတွေ၊ နိုင်ငံတကာ အစိုးရတွေရော ကျနော်တို့ပြောချင်တာက မြန်မာစစ်အစိုးရကို ဘယ်လိုပြောင်းလဲရမလဲဆိုတာ သိဖို့လိုပါတယ်။ ကျနော်တို့ သေသေချာချာ ချဉ်းကပ်နေတဲ့ နည်းနာတွေက မှန်ကန်လား၊ အခုထက်ပိုပြီး ထိရောက်အောင် ဘယ်လိုလုပ်မလဲ၊ ပြောနေလို့မရဘူး။ ရေးနေလို့မရဘူး။ ကြေညာချက်ထုတ်နေလို့တင် မရဘူး။ လက်တွေ့ထိရောက်တဲ့ လုပ်ငန်းနဲ့သာ ကျနော်တို့ မြန်မာစစ်အစိုးရ ဖိနှိပ်သူတွေကို ပြောင်းလဲပြီးတော့မှ ကျနော်တို့ အင်အားစုတွေအားလုံး၊ မြန်မာပြည်သူတွေ အားလုံး လွတ်မြောက်နိုင်မှာပါ။"

ကိုညီညီအောင်ကို စစ်ဆေးနေစဉ်မှာရော ကျနော်တို့ မတရားသဖြင့် နှိပ်စက်ညှင်းပမ်းတာမျိုး ရှိခဲ့ပါသေးသလား။ -

"ရှိပါတယ်။ စစ်ကြောရေးမှာတော့ ကျနော့်ကို ထိုးလည်း ထိုးတယ်။ လက်လည်း လိမ်ချိုးတယ်။ ဆိုတော့ ရုပ်ပိုင်းဆိုင်ရာအထိ ကျနော့်ကို လုပ်ပါတယ်။ စိတ်ပိုင်းဆိုင်ရာကတော့ ထောင်ထဲမှာလည်း ဖြစ်တယ်၊ အပြင်မှာလည်း ဖြစ်တယ်ပေါ့။ အပြင်မှာဆိုတာ စစ်ကြောရေးကာလမှာလည်း ရှိတယ်။ ဒါပေမဲ့ ရုပ်ပိုင်းဆိုင်ရာအရကတော့ စစ်ကြောရေးမှာ ကျနော့်ကို ထိုးပါတယ်။ လက် လိမ်ချိုးပါတယ်။"

အခု ကိုညီညီအောင် ရဲ့ ကျန်းမာရေး အခြေအနေ ဘယ်လိုရှိပါသလဲခင်ဗျ။ -

"ကျနော့် ကျန်းမာရေး အခြေအနေက သိပ်မကောင်းဘူး။ ကျနော် ညာဖက်ခြေထောက် သိပ်ပြီးတော့ လမ်းလျှောက်ရတာ အဆင်မပြေဘူးပေါ့လေ။ ဘာဖြစ်လို့လဲဆိုတော့ ခါးက မျက်ထားတဲ့ပုံစံမျိုး ရှိတယ်။"

အမေရိကန်ပြည်ထောင်စု ဒဲလက်စ် (Dulles) နိုင်ငံတကာလေဆိပ်မှာ ကိုညီညီအောင်ကို သွားရောက်တွေ့ဆုံ မေးမြန်းခဲ့သူကတော့ ဗွီအိုအေ ဝိုင်းတော်သား ဦးရော်နီညိမ်း ဖြစ်ပါတယ်။

ဒီကနေ့ ရောက်ရှိလာခဲ့တဲ့ ကိုညီညီအောင်ကို အမေရိကန်နိုင်ငံခြားရေးရုံးက တာဝန်ရှိ ပုဂ္ဂိုလ်တွေ၊ လူ့အခွင့်အရေး အဖွဲ့တွေက တာဝန်ရှိသူတွေနဲ့ သတင်းထောက်တွေ လာရောက် တွေ့ဆုံ မေးမြန်းခဲ့ကြတာပါ။

ကိုညီညီအောင်ဟာ ၈ လေးလုံး အရေးအခင်းမှာ တက်ကြွပါဝင်ခဲ့ပြီး ထိုင်းနယ်စပ်ကတဆင့် ဒုက္ခသည်အဖြစ်နဲ့ အမေရိကန်ပြည်ထောင်စုကို ရောက်ရှိလာတာ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံသားအဖြစ် ခံယူထားပြီး မြန်မာပြည်ထဲကို အရင်ကလည်း ပြန်သွားခဲ့ဖူးပေမဲ့ အခုအကြိမ်မှာမှ ဖမ်းဆီးခံရပြီးတော့ ထောင်ဒဏ် ၃ နှစ်ချမှတ်ခြင်း ခံခဲ့ရတာဖြစ်ပါတယ်။ မြန်မာနိုင်ငံအစိုးရ သတင်းစာတွေမှာတော့ ကိုညီညီအောင် ခေါ် ကျော်ဇောလွင်ကို အမေရိကန်နိုင်ငံခြားရေး ဌာနရဲ့ မေတ္တာရပ်ခံချက်အရ ပြစ်ဒဏ်က ကင်းလွတ်ခွင့်ပေးပြီးတော့ ပြည်နှင်ဒဏ်ပေးလိုက်တာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG