သုံးရလွယ်ကူစေသည့် Link များ

အမေရိကန် စစ်ဆန့်ကျင်ရေး ဆန္ဒပြပွဲ စစ်သင်္ချိုင်း သရုပ်ဖော်


မြို့တော် လမ်းမတလျှောက်မှာ ဆန္ဒပြကြသူတွေဟာ အခေါင်းပုံသဏ္ဌာန် သင်္ကေတတွေနဲ့ စီတန်းလမ်းလျှောက်ပြီး စစ်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကို ၀ါရှင်တန်ဒီစီမှာ စတင်ခဲ့ကြပါတယ်။ အခု စစ်ဆန့်ကျင်ရေး ဆန္ဒပြနေကြတဲ့သူ တော်တော်များများက ၂၀၀၈ ခုနှစ် ရွေးကောက်ပွဲမှာတုန်းက သမ္မတ အိုဘားမားကို ထောက်ခံခဲ့ကြသူတွေပါ။ ဒါပေမဲ့ အရင်မူဝါဒတွေကို ပြောင်းလဲနိုင်ခြင်း မရှိတဲ့အပေါ်မှာနဲ့ အီရတ်နဲ့ အာဖဂန်နစ္စတန်မှာ စစ်ပွဲတွေ ဆက်ပြီး ဆင်နွှဲနေတဲ့အပေါ် စိတ်ပျက်မိတယ်လို့ အခုတော့ ဆိုလာကြပြီ။ ဒီအကြောင်းကို ဗွီအိုအေ သတင်းထောက် နစ်ကိုး ကိုလုမ်ဘန့်တ် (Nico Colombant) က သတင်းပေးပို့ထားပါတယ်။ အပြည့်အစုံကို မနန္ဒာချမ်းက တင်ပြပေးထားပါတယ်။

နိုင်ငံရပ်ခြားမှာ အမေရိကန်တပ်တွေ အသုံးပြုနေတာ၊ စစ်ပွဲ ဆင်နွှဲနေတာတွေကို ရှုတ်ချဖို့ လာရောက်ကြတဲ့ ထောင်ပေါင်းများစွာသော ဆန္ဒပြသူတွေဟာ ဗုံသံတွေနဲ့အတူ မြို့လယ်တ၀ိုက်မှာ စုဝေးခဲ့ကြပြီးတော့ နိုင်ငံရပ်ခြား တိုင်းပြည်တွေမှာ အမေရိကန် စစ်သားတွေ ကျဆုံးနေတာကို ပြသတဲ့ သင်္ကေတ တရပ်အနေနဲ့ အခေါင်းတွေအပေါ်မှာ အလံတွေကို လွှမ်းခြုံထားကြပါတယ်။

သမ္မတ အိမ်ဖြူတော်ရှေ့မှာ ဆိုရင်လည်း စက်ဘီးစီး ဆန္ဒပြသူ တချို့နဲ့ စကိတ်စီး ဆန္ဒပြသူတချို့က ကတ်ထူစက္ကူတွေနဲ့ မောင်းသူမဲ့ လေယာဉ်တွေ ပြုလုပ်ပြီး အဲဒီလေယာဉ်တွေနဲ့ တိုက်ခိုက်တဲ့ ပုံစံတွေကိုလည်း လှောင်ပြောင် ပြသခဲ့ကြပါတယ်။ ကိုရီးယား၊ အမေရိကန် ငြိမ်းချမ်းရေးအဖွဲ့က အိပ်ခ်ျ.ကေ. ဆု (H.K. Suh) က ကိုရီးယားနှစ်နိုင်ငံ နယ်ခြားမှာ ရှိနေတဲ့ အမေရိကန်တပ်တွေ အပါအ၀င် နေရာတိုင်းက အမေရိကန် တပ်တွေကို အစိုးရက ပြန်ရုပ်သိမ်းမယ်လို့ သူ ယုံကြည်တဲ့အကြောင်း အခုလို ပြောခဲ့ပါတယ်။

“ဒီမှာ ခံစားနေကြရတဲ့ လူမှုရေး အစီအစဉ်တွေ၊ ပြည်တွင်းကိစ္စတွေအတွက် ခင်ဗျားတို့က စတေးပစ်နေတာပါ။ အလုပ်လက်မဲ့နှုန်း မြင့်နေတယ်၊ လူတွေမှာလည်း လိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့ ရုန်းကန်နေကြရပါတယ်။ ဒါကြောင့်မို့လို့ ပြည်ပမှာ ဖြစ်နေတဲ့ စစ်ပွဲတွေအစား ဒီမှာရှိတဲ့ ကိစ္စတွေကို အာရုံစိုက်ရမယ်ဆိုတာ သဘောပေါက်နေကြပါပြီ။”

ဟိုးဝါ့ဒ် (Howard) တက္ကသိုလ်က စက်မှုအင်ဂျင်နီယာ ကျောင်းသား ဘရိုင်ယန် မန်နာဖီး (Brian Menafee) ကလည်း ဒီဆန္ဒပြပွဲမှာ တဦး အပါအ၀င်ဖြစ်ပြီး သူက စစ်အသုံးစရိတ် လျှော့ချရေးနဲ့ ကျောင်းသားတွေအတွက် ထောက်ပံ့ကူညီမှုတွေ ရရှိရေး၊ ပြီးတော့ စစ်ဆန့်ကျင်ရေး ကပြ သရုပ်ဖော်မှုတွေကို စီစဉ်ဆောင်ရွက်ခဲ့ပါတယ်။

“အိုဘားမား အစိုးရနဲ့ ကျနော်တို့ကြား ဇာတ်လမ်းမကောင်းဘူးဆိုတာ ပြဖို့အတွက် ကျနော်တို့ ဒီမှာ ရောက်နေကြတာပါ။ ကျနော်တို့ဟာ ဒီတိုင်းပြည်ရဲ့ အနာဂတ် ဖြစ်တာမို့ ကျနော်တို့ အနာဂတ်အတွက် ရင်းနှီးမြှုပ်နှံသွားဖို့ လိုတယ်ဆိုတာ ကျောင်းသားတွေက ပြသဖို့ ဒီကိုလာကြတာပါ။”

ဝါရှင်တန် ကျောက်တိုင်ရှေ့မှာ ဆိုရင်လည်း ဆန္ဒပြသူတွေက မကြာသေးခင်က အမေရိကန် စစ်ပွဲတွေမှာ ကျဆုံးသွားကြတဲ့ အရပ်သားတွေနဲ့ စစ်သားတွေကို ဂုဏ်ပြုတဲ့ အနေနဲ့ အာလင်တန် စစ်သင်္ချိုင်းနဲ့ ပုံစံတူ တပုံစံထဲ အုတ်ဂူငယ်လေးတွေကို မြက်ခင်းပြင်ကြီးပေါ်မှာ ညီနေအောင် စီတန်း စိုက်ထူထားကြပါတယ်။

အဲဒီဆန္ဒပြပွဲကို တက်ရောက်လာတဲ့ အီရတ်စစ်ပြန် ဂျို့ရှ် စတီးဘား (Josh Stieber) ကလည်း သူ့အနေနဲ့ စစ်သားဘ၀ကနေ ဆန္ဒပြသူတယောက် အဖြစ် ပြောင်းလဲလာရတဲ့ အကြောင်းကို အခုလို ရှင်းပြခဲ့ပါသေးတယ်။

“ကျနော် တကယ်တမ်း ဘာလုပ်နေလဲ ဆိုတာကို သတိရလာအောင်လုပ်တဲ့ ကိစ္စလို့ ကျနော် ယူဆပါတယ်။ ဒီမှာ အမှတ်တရ မှတ်တိုင်လေးတွေ စိုက်တဲ့နေရာမှာ ကျနော် ကူပေးနေတာပါ။ အီရတ်စစ်ပွဲကို သွားမတိုက်ခင်မှာကိုပဲ ကျနော်တို့ ဘ၀တွေမှာ နေ့စဉ် လွှမ်းမိုးခဲ့တဲ့ ကိစ္စတွေကို ပြန်ပြောင်း အမှတ်ရစေပါတယ်။ ကျနော်တို့ရဲ့ တိုက်ပွဲခေါ်သံတွေက ဒီလူတွေအားလုံးကို ဘယ်လို သတ်လိုက်သလဲ ဆိုတာမျိုးပါ။”

အခုလို စစ်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ အမေရိကန် ပြည်ထောင်စုမှာ ပြန်လည်စတင်လာခဲ့ပေမဲ့ အမေရိကန် အရာရှိတွေကတော့ သူတို့အနေနဲ့ အာဖဂန်နစ္စတန် မြောက်ပိုင်းမှာရှိတဲ့ တာလီဘန် အစွန်းရောက်တွေကို ဆန့်ကျင်ဖို့ နောက်ထပ် တပ်အင်အား ၂,၅၀၀ ထပ်မံ စေလွှတ်ဖို့ရာ စဉ်းစားနေတယ်လို့ မကြာသေးခင်က ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ တပတ်တုန်းကတော့ အီရတ်စစ်ပွဲ စတင်ခဲ့တဲ့ ၇ နှစ်ပြည့် အထိမ်းအမှတ်ကို ပြုလုပ်ခဲ့ကြပြီးတော့ ဒီနှစ် စက်တင်ဘာလ နောက်ဆုံးထားပြီး အီရတ်မှာ ရှိနေတဲ့ အမေရိကန် တပ်သား ၅၀,၀၀၀ အထိကို လျှော့ချဖို့ မျှော်လင့်ထားတဲ့ အကြောင်းကိုလည်း အမေရိကန် အရာရှိတွေက ပြောဆိုခဲ့ပါတယ်။

စစ်ဆန့်ကျင်ရေး လှုပ်ရှားသူတွေကတော့ အခုလို ဆန့်ကျင် ဆန္ဒပြမှုတွေဟာ မစ္စတာ အိုဘားမား သမ္မတ မဖြစ်ခင်ကနဲ့ စာရင် အများကြီး နည်းပါတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့လို့လည်း အမေရိကန် အစိုးရရဲ့ နိုင်ငံခြားရေး မူဝါဒတွေအပေါ် စိတ်ပျက်မှုတွေကတော့ ထပ်မံ ကြီးထွားလာနေပြီလို့ သူတို့က ပြောဆိုခဲ့ကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG