သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲ ဥပဒေ လက်မခံရေး မြန်မာ့ဒီမိုကရေစီ အင်အားစုတွေ ဘန်ကီမွန်းကို တိုက်တွန်း


မြန်မာစစ်အစိုးရ ထုတ်ပြန်လိုက်တဲ့ ၂၀၁၀ ရွေးကောက်ပွဲ ဥပဒေဟာ တဖက်သတ်ဆန်တဲ့ ဥပဒေ ဖြစ်တာမို့ ကုလသမဂ္ဂ အဖွဲ့ကြီး အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေက လက်မခံကြဖို့နဲ့ မြန်မာ့အရေးကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ အမြန်ဆွေးနွေးပေးဖို့ မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု၊ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့နဲ့အတူ ABFSU ခေါ် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်တို့က ပူးပေါင်းပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) ဆီကို စာရေးသား ပေးပို့ခဲ့ကြပါတယ်။ ဒီအကြောင်း အပြည့်အစုံကို မသင်းသီရိက တင်ပြပေးထားပါတယ်။

ဒီအဖွဲ့ ၃ ခုပေါင်းပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းဆီကို ပေးပို့တဲ့ စာထဲမှာ ၂၀၁၀ ရွေးကောက်ပွဲဟာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားတွေ ပါဝင်ခွင့်ကို ကန့်သတ်ထားတာမို့ ဒါဟာ ဘယ်နည်းနဲ့မှ လွတ်လပ်ပြီး တရားမျှတဲ့ ရွေးကောက်ပွဲတရပ် မဖြစ်နိုင်ဘူး ဆိုတာကို အဓိက ထောက်ပြကြတာပါ။

တခါ နိုင်ငံမှာ ထိပ်တန်းခေါင်းဆောင်ပိုင်းတွေ ကိုယ်တိုင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အကြီးအကျယ် ကျူးလွန်နေတာ ဖြစ်သလို မြန်မာစစ်ခေါင်းဆောင်တွေက အတိုက်အခံ နိုင်ငံရေး အင်အားစုတွေနဲ့ရော၊ တိုင်းရင်းသား အဖွဲ့တွေနဲ့ပါ တွေ့ဆုံဆွေးနွေးတာတွေ အမြန်လုပ်ဖို့ ဖိအားပေးနိုင်အောင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ မြန်မာ့အရေး အမြန်ဆွေးနွေးဖို့အတွက် မစ္စတာ ဘန်ကီမွန်းကို စာရေးတောင်းဆိုထားတာ ဖြစ်တယ်လို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တဦးဖြစ်တဲ့ ကိုထွန်းမြင့်အောင်က ပြောပါတယ်။

“အဓိကပြောချင်တာတော့ ၉၀ ရွေးကောက်ပွဲ ရလဒ်ကို တဖက်သတ် ဖျက်သိမ်းပစ်ရုံ မကဘူး၊ နိုင်ငံရေး အကျဉ်းသားတွေကိုလည်း ဖမ်းပြီး ယနေ့ထက်ထိ ထောင်သွင်း အကျဉ်းချထားတယ်၊ ပြီးတော့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုတာကို စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ဖို့အတွက် တဖက်သတ် ရေးဆွဲတယ်။

“ပြီးတော့ ဒီဥပဒေကို အသက်သွင်းဖို့အတွက် ရွေးကောက်ပွဲ ဥပဒေ ထုတ်ပြန်တဲ့ အခါမှာလည်း ပါတီမှတ်ပုံတင်တဲ့ ဥပဒေကအစ အင်မတန် တင်းကျပ်လွန်းပြီး လူ့အခွင့်အရေး မပြောနဲ့ နိုင်ငံသားတယောက်ရဲ့ အခွင့်အရေးကိုပင် လွန်လွန်ကျူးကျူး ချိုးဖောက်နေတာကို တွေ့ရတယ်။ အဲတော့ အဆိုးဆုံး အခြေအနေကို ရောက်နေပြီ။ ကျနော်တို့တိုင်းပြည်နဲ့ ပတ်သက်ပြီးတော့ လုံခြုံရေးကောင်စီ အရေးပေါ် အစည်းအဝေးကို အမြန်ဆုံး ခေါ်ယူပေးဖို့ ကျနော်တို့က မစ္စတာ ဘန်ကီမွန်းကို ပြောချင်တာပါ။”

တကယ်တော့ မြန်မာ့အရေးကို လုံခြုံရေးကောင်စီမှာ ဆွေးနွေးကြတဲ့အခါတိုင်း တရုတ်နဲ့ ရုရှားတို့က ဗီတိုအာဏာသုံးပြီး ပယ်ချခဲ့တာပါ။ ဒါ့ကြောင့်ဒီနှစ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံရဲ့ ပြဿနာဟာ ပြည်တွင်းရေးပြဿနာ သက်သက် မဟုတ်ဘဲ ဒေသတွင်းကိုပါ ခြိမ်းခြောက်နေတယ် ဆိုတာကို မြင်ကြဖို့ လိုသလို မစ္စတာ ဘန်ကီမွန်း အနေနဲ့လည်း လုပ်ပိုင်ခွင့်အာဏာ အပြည့်အဝသုံးပြီး ကိုင်တွယ်ပေးဖို့ကိုလည်း မေတ္တာရပ်ခံ ထားပါတယ်လို့ သူက ဆက်ပြောပါတယ်။

“တရုတ်နဲ့ ရုရှားက ကန့်သတ်မှုတွေ မပြုအောင်လည်း စည်းရုံးသင့်ပါတယ်။ ပြီးတော့ ဘန်ကီမွန်းရဲ့ အခွင့်အာဏာ မှန်သမျှကို အပြည့်အ၀ အသုံးချပြီးတော့ ၂၀၁၀ ရွေးကောက်ပွဲကို ဒီလိုနည်းနဲ့ ဆက်သွားရင် ကုလသမဂ္ဂက အသိအမှတ်ပြုမှာ မဟုတ်ဘူး၊ မစ္စတာ ဘန်ကီမွန်း အနေနဲ့ အသိအမှတ် မပြုနိုင်ဘူး ဆိုတာကို အခုကတည်းက ပြတ်ပြတ်သားသား ကြိုတင်ပြီးတော့ ကြေညာချက်ထုတ်ဖို့ လိုပြီလို့ ကျနော်တို့ ပြောချင်ပါတယ်။”

အထူးသဖြင့် မြန်မာစစ်အစိုးရဟာ သူတို့ပြောထားတဲ့အတိုင်း ၂၀၁၀ ရွေးကောက်ပွဲကို မဖြစ်မနေ ဆက်လုပ်မယ့် သဘော ရှိနေတာမို့ ကုလသမဂ္ဂ အဖွဲ့ကြီး အပါအဝင် ကမ္ဘာ့နိုင်ငံ အဖွဲ့အစည်းတွေက လက်မခံဘဲ ကန့်ကွက်ကြဖို့ကိုလည်း တောင်းဆိုထားပါတယ်လို့ ကိုထွန်းမြင့်အောင်က ဆက်ပြောပြပါတယ်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံဟာ အများပြည်သူ လက်မခံနိုင်တဲ့ အချက်တွေ ပါဝင်ပေမဲ့ တချို့ နိုင်ငံရေး အင်အားစုတွေက ရွေးကောက်ပွဲ မဝင်ရင် စစ်အာဏာရှင် သက်တမ်းရှည်စေရာကို ရောက်မှာမို့ ရတဲ့အခွင့်အရေးကို အသုံးချပြီး ရွေးကောက်ပွဲ ဝင်ပြိုင်ကာ ပါလီမန်ထဲမှ ဒီဖွဲ့စည်းပုံကို ပြင်မယ်ဆိုတဲ့ ထောက်ပြချက်တွေလည်း ရှိနေပါတယ်။ ဒီအပေါ်မှာ ကိုထွန်းမြင့်အောင်ရဲ့ သုံးသပ်ချက်ကတော့…

“ဒီနေရာမှာလည်း ကျနော်တို့ သမိုင်းသင်ခန်းစာတွေ ရှိခဲ့ပြီးပါပြီ။ ဗိုလ်နေဝင်း တပါတီ အာဏာရှင်စနစ်ကို ထူထောင်ကာစတုန်းကလည်း ဒီလိုပဲ၊ ဆိုရှယ်လစ်စနစ်ကို သွားဖို့အတွက် ဘယ်နေရာကနေ ဝင်လုပ်ရ၊ ဝင်လုပ်ရဆိုပြီး လုပ်ခဲ့တဲ့ နိုင်ငံရေးသမားတွေ ရှိပါတယ်။ နောက်ဆုံးမှာတော့ အဲဒီ နိုင်ငံရေးသမားကြီးတွေသာလျှင် ဘေးကန်ထုတ်ခံလိုက်ရပြီး ဗိုလ်နေဝင်းကတော့ တပါတီ အာဏာရှင်စနစ်နဲ့ တိုင်းပြည်ကို မွဲပြာကျတဲ့ အဆင့်အထိကို ဆွဲခေါ်သွားတာပါပဲ။

“အခုလည်း အဲဒီ သမိုင်းသင်ခန်းစာကို အထူးသတိထားဖို့ လိုပါတယ်။ လွှတ်တော်ထဲကိုဝင်ပြီး ပြင်မယ်ဆိုတဲ့ နေရာမှာလည်း ဘယ်လိုမှ ပြင်လို့ဆင်လို့ မရအောင် တင်းတင်းကျပ်ကျပ်နဲ့ ရေးထားတဲ့ ဖွဲ့စည်းပုံကြီးမှာ စိတ်ကူးယဉ်ပြီး ပါလီမန်ထဲက ဝင်ပြင်မယ် ဆိုတာဟာ ပြည်သူလူထုကိုလည်း လှည့်စားရာ ရောက်ပါတယ်။”

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုထွန်းမြင့်အောင် ပြောပြခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၈ ရက်နေ့က မြန်မာစစ်အစိုးရ ထုတ်ပြန်လိုက်တဲ့ ရွေးကောက်ပွဲ ဥပဒေဟာ နိုင်ငံရေးမှာ ပါဝင်နိုင်မှုကို ကန့်သတ်ထားတာ ဖြစ်သလို လူပုဂ္ဂိုလ် တဦးတယောက်ကို ရည်ရွယ်ပြီး ပြဋ္ဌာန်းထားတာမို့ ဥပဒေဆိုတာ ဒီလို မဖြစ်သင့်တဲ့အကြောင်း ဒေါ်အောင်ဆန်းစုကြည်ကလည်း ထောက်ပြသလို ဗြိတိန်ဝန်ကြီးချုပ် ဂေါ်ဒွန် ဘရောင်း (Gordon Brown) ကလည်း ဒီပြဋ္ဌာန်းချက်တွေနဲ့ ပတ်သက်လို့ ကုလသမဂ္ဂမှာ အရေးပေါ် အစည်းအဝေးတရပ် အမြန်ကျင်းပဖို့ မစ္စတာ ဘန်ကီမွန်းကို စာရေးသား ပေးပို့ တောင်းဆိုထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG