သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်ပြည်မမှာ Google ဆင်ဆာမဖြတ်တော့


တရုတ်နိုင်ငံက Google ဝက်ဘ်ဆိုက် အသုံးပြုသူတွေအတွက် ရှာဖွေပေးတဲ့ သတင်းအချက်အလက်တွေကို ဆင်ဆာဖြတ်ရမယ်ဆိုတဲ့ တရုတ်အစိုးရရဲ့ တောင်းဆိုချက်ကြောင့် Goolge ရဲ့ သတင်းအချက်အလက် ရှာဖွေပေးတဲ့ ဝန်ဆောင်မှုကို ဆင်ဆာမဖြတ်တဲ့ ဟောင်ကောင်က ကွန်ပျူတာ ဆာဗာကနေ ပြောင်းပြီး ဝန်ဆောင်မှု ပေးတော့မယ်လို့ Google ကုမ္ပဏီက ကြေညာလိုက်ပါတယ်။

Google အနေနဲ့ သူပေးနေတဲ့ ဝန်ဆောင်မှုတွေကို ပိတ်ဆို့ ဆင်ဆာမဖြတ်နိုင်တော့သလို Face Book တို့ You Tube တို့လိုမျိုး ဝက်ဘ်ဆိုက်တွေကို တောက်လျှောက် ပိတ်ထားရတာမျိုး မလုပ်နိုင်တော့ဘူးလို့ ကုမ္ပဏီရဲ့ တရားဝင် ဘလော့ဂ် စာမျက်နှာပေါ်မှာ တနင်္လာနေ့တုန်းက ရေးသားဖော်ပြထားပါတယ်။

အွန်လိုင်းပေါ်မှာ အချက်အလက်တွေကို ရှာဖွေပေးတဲ့ Google အင်တာနက် စာမျက်နှာကို ပြည်မကြီးကလူတွေ အနေနဲ့ တပိုင်းတစ ကိုယ်ပိုင်အုပ်ချုပ်ရေး ရထားတဲ့ ဟောင်ကောင်ကနေ တဆင့်ခံ ဝင်ကြည့်နိုင်မယ့် ကိစ္စဟာ လုံး၀ တရားဝင်တယ်လို့ Google အမှုဆောင်အရာရှိတွေကပြောပါတယ်။

တရုတ် လူ့အခွင့်အရေး လှုပ်ရှားသူ တယောက်ရဲ့ အီးမေးလ်ကို ဖတ်နိုင်ဖို့အတွက် Google ဝက်ဘ်ဆိုက်ကိုလည်း ဇန်နဝါရီလတုန်းက တစုံတယောက်က ဝင်ရောက် တိုက်ခိုက်တာကို ခံခဲ့ရတယ်လို့ Google က ပြောပါတယ်။

ဒီ Google ရဲ့ ကြေညာချက် ထွက်ပေါ်လာပြီး မကြာခင်မှာပဲ တရုတ်အစိုးရက ချက်ချင်းဆိုသလို တုံ့ပြန် ကြေညာချက် ထုတ်တာမှာ Google ရဲ့ လုပ်ငန်းတွေ ဟောင်ကောင်ကို ပြောင်းမှာဟာ လုံး၀ မှားယွင်းပြီး လက်မှတ်ရေးထိုးထားတဲ့ သဘောတူညီချက်တွေကို ဖောက်ဖျက်တာ ဖြစ်တယ်လို့ ပြောပါတယ်။

တရုတ်အစိုးရနဲ့ Google ကြားမှာ အပေးအယူလုပ်ပြီး ညှိနှိုင်းမှု မလုပ်နိုင်တော့တဲ့ အပေါ်မှာ အမေရိကန် အစိုးရက စိတ်ပျက်တယ်လို့ အိမ်ဖြူတော်က တနင်္လာနေ့မှာပဲ ပြောပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG