သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NLD တရားစွဲဆိုချက် ဗဟိုတရားရုံးချုပ် ပယ်ချ


ရွေးကောက်ပွဲ ဥပဒေတွေမှာ ပါရှိတဲ့ အချက်တွေဟာ တရားမျှတမှု မရှိတာကြောင့် ဆိုပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ တရားစွဲဆိုချက်ကို ဗဟိုတရားရုံးချုပ်က လက်မခံ ပယ်ချခဲ့ပါတယ်။ ဒါပေမဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကတော့ ဒီအပေါ်မှာ ဘာကြောင့် လက်မခံသလဲ ဆိုတဲ့ အကြောင်းပြချက်ရဖို့ ဆက်ကြိုးပမ်းသွားမယ်လို့ ပြောပါတယ်။ အပြည့်အစုံကို စုံစမ်းမေးမြန်းထားတဲ့ ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

ရွေးကောက်ပွဲ ဥပဒေပါ အချက်တွေထဲမှာ နစ်နာချက်တွေရှိတယ် ဆိုပြီးတော့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဆုံးဖြတ်ချက်နဲ့ ဥက္ကဋ္ဌ ဦးအောင်ရွှေ လက်မှတ်ထိုးပြီး ဒီဥပဒေ ထုတ်ပြန်တဲ့ အာဏာပိုင်တွေကို တိုက်ရိုက် တရားစွဲဆိုတာ ဖြစ်ပါတယ်။ ဒါပေမဲ့ တရားရုံးချုပ်ကတော့ အကြောင်းပြချက် မပေးဘဲ လက်မခံခဲ့ဘူးလို့ ကိုယ်တိုင် သွားရောက် တရားစွဲဖို့ ကြိုးပမ်းခဲ့တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌ ဦးတင်ဦးက ရှင်းပြပါတယ်။

“ရွေးကောက်ပွဲ ကော်မရှင် ဥပဒေတို့၊ မှတ်ပုံတင်ရေး ဥပဒေတို့ စသည်ဖြင့်ပေါ့၊ ဒီဥပဒေတွေဟာ တရားမျှတမှု မရှိဘူး၊ အားလုံး အများအပေါ်မှာ မူတည်ပြီး လုပ်တာ မဟုတ်ဘဲနဲ့ တစု၊ တယောက်တည်း ပုဂ္ဂိုလ်၊ တဖွဲ့သော အဖွဲ့အစည်း စသဖြင့် အဲဒီအပေါ်မှာ မူတည်ပြီး အတားအဆီး၊ အကန့်အသတ်တွေရှိတာ ဖြစ်တဲ့အတွက် ဒါဟာ မမှန်ကန်ဘူး၊ မတရားဘူး၊ စသဖြင့်ပေါ့၊ အဲဒီအပေါ်မှာ မူတည်ပြီး သပ်သပ်မွေး ဥပဒေပေါ့ဗျာ၊ အဲဒီဟာနဲ့ မျှတမှုအပေါ်မှာ ကုစားဖို့အတွက် ကုစားခွင့် ရပါရစေဆိုတဲ့ဟာနဲ့ ပို့တဲ့ ဥပဒေကို ပြဋ္ဌာန်းပြီးတော့ တရားရုံး တင်တာပါ။”

ဒါက လက်ရှိ တည်ဆဲဥပဒေထဲမှာ အကျုံးဝင်တဲ့ သဘောလား။

“ဟုတ်တယ်ဗျ၊ တည်ဆဲဥပဒေပဲလေ။ ဒီနေ့ ကျနော်တို့ သွားတဲ့အခါမှာ ခေါင်းဆောင်ပြီး သွားတာက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ကြီးရဲ့ ဥက္ကဋ္ဌ ဦးအောင်ရွှေ၊ ကျနော်ကတော့ အဖွဲ့ချုပ်ရဲ့ ဗဟိုဥပဒေ အထောက်အကူပြု အဖွဲ့ ဥက္ကဋ္ဌ၊ နောက် ဗဟိုဥပဒေ အထောက်အကူပြု အဖွဲ့ဝင် ဦးဉာဏ်ဝင်း၊ နောက် ချောင်းဆုံမြို့နယ် လွှတ်တော်ကိုယ်စားလှယ်ဖြစ်ပြီး ဗဟိုတရားရုံး ရှေ့နေကြီးဖြစ်တဲ့ ဒေါ်ခင်ဌေးကြွယ်၊ သူတို့ ပါပါတယ်။ ပြီးတော့ ရှေ့နေမလေးတယောက် ပါပါတယ်။ အဲဒါ ကျနော်တို့ တရားရုံးကိုသွားပြီး ဝန်ထမ်းရုံးကို သွားတင်ပါတယ်။”

အဲဒါ သူတို့ လက်မခံလိုက်ဘူးလို့ ကြားပါတယ်၊ ဟုတ်ပါသလား။

“ကျနော်တို့ ရောက်တဲ့အခါ သူတို့က ထိုင်နေပါ၊ သက်ဆိုင်ရာသွားပြီး တင်ပြမယ်ဆိုပြီး ထွက်သွားတော့ ကျနော်တို့ အဲဒီမှာ နာရီဝက်လောက် စောင့်တယ်။ ကျနော်တို့ကို နေ့လယ် ၁၂ နာရီခွဲ၊ တနာရီလောက်မှာ ပြန်လာပါဆိုတော့ ခဏနားပြီး ပြန်သွားတယ်။ ပြန်သွားတော့ အဲဒီမှာရှိနေတဲ့ တရားရေး ဝန်ထမ်းကပဲ ဒါနဲ့ပတ်သက်လို့ တင်ပြတာကို သူတို့ လက်မခံနိုင်ပါဘူး ဆိုပြီးတော့ ပြန်ပေးပါတယ်။ ပြန်ပေးတော့ ကျနော့်အနေနဲ့ ပြန်မေးတယ်၊ ဒီ့ထက်ပိုပြီး လက်ခံနိုင်တဲ့ တရားရုံးကို ညွှန်ပါ၊ ကျနော်တို့ အဲဒီမှာ သွားပြီး ဆောင်ရွက်ပါမယ်ဆိုတော့ သူတို့ ဒီအတွက်နဲ့ ပတ်သက်လို့ ပြောပိုင်ခွင့် မရှိဘူးတဲ့။”

တရားရေး လုပ်ငန်းစဉ်အရ၊ တရားရေး လုပ်ထုံးလုပ်နည်း သဘောအရဆိုရင် အခုလို တရားစွဲဆိုတဲ့ဟာကို လက်မခံရဘူး ဆိုတဲ့ဟာမျိုး ရှိလား၊ လက်မခံပိုင်ခွင့် ရှိလား။

“ဘယ်ရှိမလဲဗျ။ အမှန် အဲဒါနဲ့ ပတ်သက်လို့ အခု တရားရုံးအနေနဲ့ လက်ခံဖို့ဟာ ရှာဖွေတယ်။ နောက်ပြီးတော့ ဒီဟာနဲ့ ပတ်သက်လို့ လက်မခံနိုင်ဘူး ဆိုရင်လည်း ဘာကြောင့် လက်မခံနိုင်ဘူးဆိုတဲ့ အကြောင်းပြချက်တွေကို ပြပြီးတော့ အဲဒီဟာနဲ့ ပတ်သက်တဲ့ အချက်အလက် ပေးရမယ် ဆိုတဲ့ဟာကို တရားရေးအရ အကြောင်းချင်းရာ ရှိတယ်။”

အဲတော့ အခု ပယ်လိုက်ပြီဆိုတော့ အန်ကယ်တို့ ဘာစဉ်းစားထားလဲ၊ ထပ်ပြီးတော့။

“ထပ်တက်မယ်၊ ထပ်တက်တဲ့နေရာ ရှိတယ်။ ဒါနဲ့ပတ်သက်လို့ ဘာကြောင့် လက်မခံဘူးဆိုတာကို အကြောင်းပြရမယ့်ဟာတွေ ရှိတယ်။ အဲဒါကိုရှာပြီးတော့ ထပ်တင်မယ်ဆိုတဲ့ သဘောတော့ ကျနော်တို့ ကြိုးစားနေကြတယ်။”

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ စာရင်းအရဆိုရင် နိုင်ငံရေး လှုပ်ရှားမှုကြောင့် ဖမ်းဆီးထိန်းသိမ်း ခံနေရသူ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင် ၅၀၀ နီးပါးရှိပြီး အဓိက ခေါင်းဆောင်ပိုင်းဆိုရင် ၃၀ ကျော်ရှိမယ်လို့ သိရပါတယ်။ အခု ရွေးကောက်ပွဲ ဥပဒေအရ ဆိုရင် ဒီလူတွေရော အခြား နိုင်ငံရေး အကျဉ်းသားတွေပါ သူတို့ရဲ့ မူလ ရပိုင်ခွင့်ကို ထိပါးစေတဲ့အတွက် အခုလို နစ်နာမှုအပေါ် တရားစွဲဆိုတာ ဖြစ်တယ်လို့ NLD တာဝန်ရှိသူတွေက ရှင်းပြခဲ့ပါတယ်။

အခု စစ်အစိုးရ ထုတ်ပြန်ထားတဲ့ ရွေးကောက်ပွဲ ဥပဒေတွေမှာ မျှတမှု မရှိတာကြောင့် ဒါကို အားလုံး ညီညီညွတ်ညွတ် ရင်ဆိုင်ကြဖို့ ဆိုပြီးတော့ အထိန်းသိမ်းခံ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း တိုက်တွန်းထားပါတယ်။ ဒီတိုက်တွန်းချက်အရ အခုလို တရားစွဲဆိုမှု လုပ်ခဲ့တာ ဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးဝင်းတင်ကလည်း ဗွီအိုအေ မြန်မာပိုင်းကို ရှင်းပြခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG