သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လုံခြုံရေးကောင်စီ မြန်မာ့အရေး ဆွေးနွေး


မြန်မာနိုင်ငံမှာ စစ်မှန်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ပေါ်ရေးအတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အနေနဲ့ စိတ်ဝင်စားမှုရှိတယ် ဆိုတာကို ပြသဖို့အတွက် လုံခြုံရေးကောင်စီ စည်းဝေးပွဲ ခေါ်ယူကျင်းပပေးဖို့ ဗြိတိန်နဲ့ ပြင်သစ်နိုင်ငံတို့က ဦးဆောင် တောင်းဆိုခဲ့ကြတဲ့အတွက် မြန်မာ့အရေး လုံခြုံရေးကောင်စီမှာ ဆွေးနွေး သင့်မသင့် ဒီကနေ့ အလွတ်သဘော တွေ့ဆုံဆွေးနွေးကြဖို့ ရှိပါတယ်။ ဒါဟာဆိုရင် အတွင်းရေးမှူးချုပ်ရဲ့ မြန်မာ့မိတ်ဆွေနိုင်ငံများ စည်းဝေးပွဲ မကျင်းပခင် တရက်အလိုမှာ အခုလို ကျင်းပမှာ ဖြစ်ပါတယ်။ အပြည့်အစုံကို ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တကွ အတိုက်အခံ အင်အားစုတွေ ပါဝင်ခွင့် မရအောင် ချုပ်ချယ် ကန့်သတ်ထားတဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေ မြန်မာစစ်အစိုးရ ထုတ်ပြန်လိုက်တဲ့အတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အနေနဲ့ မြန်မာ့အရေးကို အမြန်ဆုံး စည်းဝေးပွဲ ခေါ်ယူ ကျင်းပပေးဖို့ ဗြိတိန်၊ ပြင်သစ်၊ သြစတြီးယားနဲ့ အမေရိကန် ပြည်ထောင်စုတို့က လိုလားနေကြတာပါ။

မြန်မာ့အရေးကို လုံခြုံရေးကောင်စီမှာ ဆွေးနွေးဖို့အတွက် ဗြိတိသျှ အစိုးရက စတင် အဆိုတင်သွင်းလာတာ ဖြစ်ပြီး မကြာခင် နာရီပိုင်းအတွင်း ဆွေးနွေးဖြစ်ကြတော့မယ့် အကြောင်း ကုလသမဂ္ဂဆိုင်ရာ ဗြိတိသျှအစိုးရ ကိုယ်စားလှယ်ရုံးက သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဟားရီးယက်တ် ခရော့စ် (Harriet Cross) က ဗွီအိုအေကို ပြောပါတယ်။

“ဒီစည်းဝေးပွဲ ကျင်းပဖို့အတွက် ဗြိတိသျှ အစိုးရက အဆိုတင်သွင်းခဲ့တာဖြစ်ပြီး နောက် ၂ နာရီလောက် အကြာမှာ စကြပါတော့မယ်။ ဒါဟာ လုံခြုံရေးကောင်စီရဲ့ တရားဝင် တိုင်ပင် ညှိနှိုင်းတဲ့ စည်းဝေးပွဲပါ။”

ပြီးခဲ့တဲ့ သီတင်းပတ် အတွင်းမှာပဲ မြန်မာစစ်အစိုးရအပေါ် နိုင်ငံတကာက လက်နက်ရောင်းဝယ်မှု ပိတ်ဆို့ရေး လုပ်ဆောင်ကြဖို့ ဗြိတိသျှအစိုးရ အနေနဲ့ အစွမ်းကုန် ကြိုးစား ဆောင်ရွက်သွားမယ့်အကြောင်း ဗြိတိသျှ ပါလီမန်မှာ နိုင်ငံခြားရေး ဝန်ကြီးက အဆို တင်သွင်းခဲ့ပါတယ်။ ဝန်ကြီးချုပ် ဂေါ်ဒွန် ဘရောင်း (Gordon Brown) ကိုယ်တိုင်က ဒီကိစ္စကို လိုလိုလားလား ရှိတဲ့အကြောင်း ဟားရီးယက်တ် ခရော့စ်က ဆက်ပြောပါတယ်။

“ဟုတ်ပါတယ်၊ မြန်မာစစ်အစိုးရအပေါ် ကမ္ဘာလုံးဆိုင်ရာ လက်နက်ရောင်းဝယ်မှု ပိတ်ဆို့ရေး လုပ်ဆောင်ဖို့ လိုလားတဲ့အကြောင်း ဝန်ကြီးချုပ် ကိုယ်တိုင်က ပွင့်ပွင့်လင်းလင်း ပြောထားပြီးသားပါ။”

ဗြိတိသျှအစိုးရရဲ့ ဒီ ကမ္ဘာလုံးဆိုင်ရာ လက်နက်ရောင်းဝယ်မှု ပိတ်ဆို့ အရေးယူရေး အဆိုပြုချက်ကို ထောက်ခံတဲ့အကြောင်း ပြင်သစ်နိုင်ငံကလည်း အစောပိုင်းမှာ အလွတ်သဘော ပြောထားပြီး ဖြစ်ပါတယ်။

မနက်ဖြန် ကြာသပတေးနေ့မှာတော့ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) အနေနဲ့ မြန်မာ့မိတ်ဆွေနိုင်ငံများ စည်းဝေးပွဲကို ကုလသမဂ္ဂမှာ ခေါ်ယူကျင်းပဖို့ စီစဉ်ထားတယ်လို့ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် မာတင် နီဆားစ်ကီး (Martin Nesirky) က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

“ရွေးကောက်ပွဲနဲ့ဆိုင်တဲ့ ဥပဒေ စည်းမျဉ်းတွေ စစ်အစိုးရက ထုတ်ပြန်ခဲ့တာ အပါအဝင် မြန်မာနိုင်ငံ အတွင်းမှာ ပြောင်းလဲမှုတွေ အတော်လေး ဖြစ်ပေါ်နေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်လို့လည်း မြန်မာနိုင်ငံအတွင်းမှာ ပြောဆို ဆွေးနွေးမှုတွေ အများအပြား ထွက်ပေါ်လာနေတာကြောင့် အခုချိန်ဟာ မြန်မာ့အရေး ဆွေးနွေးဖို့ သင့်တော်တဲ့ အချိန်ကောင်း ဖြစ်ပါတယ်။”

အတွင်းရေးမှူးချုပ်ရဲ့ မြန်မာ့မိတ်ဆွေ နိုင်ငံများ အဖွဲ့ထဲမှာ လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် ၅ နိုင်ငံ အပါအဝင် အာရှနဲ့ ဥရောပတိုက်က နိုင်ငံပေါင်း ၁၅ နိုင်ငံ ပါဝင်ပါတယ်။

ဒီကနေ့ အလွတ်သဘော ကျင်းပမယ့် မြန်မာပြည်ဆိုင်ရာ လုံခြုံရေးကောင်စီ စည်းဝေးပွဲက မြန်မာ့အရေးကို လုံခြုံရေးကောင်စီမှာ တရားဝင် ထည့်သွင်း ဆွေးနွေးဖြစ်ဖို့အတွက် ဆုံးဖြတ်ချက် ကျမယ်၊ မကျဘူး ဆိုတာတော့ အတိအကျ မသိနိုင်သေးပါဘူး။

ဒါပေမဲ့ မြန်မာ့အရေးကို လုံခြုံရေးကောင်စီမှာ အာဂျင်ဒါတခု၊ ဆွေးနွေးမယ့် အကြောင်းအရာတခု အနေနဲ့ တရားဝင် ထည့်သွင်းဆွေးနွေးမှာကို တရုတ်နိုင်ငံက မလိုလားဘူးဆိုတဲ့ သတင်းတွေကတော့ ထွက်နေပါတယ်။ ဒီအလွတ်သဘော ဆွေးနွေးပွဲကနေ မြန်မာပြည်နဲ့ဆိုင်တဲ့ ဆုံးဖြတ်ချက် တစုံတရာ မချကြဘူး ဆိုရင်တော့ သူ့အနေနဲ့ မကန့်ကွက်ဘူးလို့ တရုတ်ဘက်က ပြောလာတဲ့အတွက် ဒီကနေ့ ကျင်းပမယ့် အလွတ်သဘော စည်းဝေးပွဲ ဖြစ်ပေါ်ခဲ့တာပါ။

မြန်မာပြည်အရေးဟာ နိုင်ငံတကာ လုံခြုံရေးကို ထိခိုက်ခြင်း မရှိဘူး၊ ပြည်တွင်းရေး သက်သက်သာ ဖြစ်တယ်လို့ တရုတ်တို့ဘက်က လက်ခံထားဆဲပါ။ ဒါကြောင့်လည်း မြန်မာစစ်အစိုးရအပေါ် နိုင်ငံတကာက ပိတ်ဆို့ အရေးယူမယ့်ကိစ္စ မှန်သမျှကို တရုတ်နိုင်ငံက ကန့်ကွက်နေတာ ဖြစ်ပါတယ်။

ဒါပေမယ့် ပြီးခဲ့တဲ့နှစ် စက်တင်ဘာလအတွင်း တရုတ်၊ မြန်မာ နယ်စပ်မှာ မတည်ငြိမ်မှုတွေ ဖြစ်ပေါ်ပြီး တရုတ်နိုင်ငံထဲ မြန်မာပြည်ဘက်က ဝဒုက္ခသည်တွေ ထွက်ပြေးသွားခဲ့ကြတဲ့ သာဓက ရှိခဲ့တာကြောင့် အလားတူ မတည်ငြိမ်မှုတွေ ဖြစ်ပေါ်လာမှာကို တရုတ်ဘက်က စိုးရိမ်ပြီး လုံခြုံရေးကောင်စီမှာ စစ်အစိုးရအပေါ် ထားတဲ့ တရုတ်နိုင်ငံရဲ့ သဘောထား ပြောင်းလဲလာမလားဆိုတဲ့ ထင်မြင် ယူဆမှုတွေလည်း ထွက်ပေါ်နေပါတယ်။

အခုလည်း တရုတ်၊ မြန်မာ နယ်စပ်နဲ့ ထိုင်း၊ မြန်မာ နယ်စပ်ဒေသတွေမှာ ရှိနေတဲ့ အပစ်ရပ်အဖွဲ့တွေက နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး စစ်အစိုးရရဲ့ ဖိအားပေး တောင်းဆိုမှုအပေါ် သဘောတူညီမှု မရနိုင်တဲ့အတွက် မြန်မာစစ်အစိုးရတပ်တွေ နယ်စပ်ဒေသတွေမှာ တိုးချဲ့ချထားဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာနေပါတယ်။

အခုနှစ်အတွင်း ကျင်းပမယ်ဆိုတဲ့ ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ နိုင်ငံရေး အကျဉ်းသားတွေ ပါဝင်ခွင့် မရနိုင်တဲ့ ကန့်သတ် ချုပ်ချယ်တဲ့ ဥပဒေတွေကို စစ်အစိုးရက ထုတ်ပြန်လိုက်တဲ့အပေါ် ပြည်တွင်း ပြည်ပက ဝေဖန် ကန့်ကွက်မှုတွေ အရှိန်အဟုန် မြင့်လာချိန်မှာ လုံခြုံရေးကောင်စီ အနေနဲ့ မြန်မာ့အရေးကို စည်းဝေးပွဲ ခေါ်ယူကျင်းပတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG