သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၀နယ်မြေရှိ အမှုထမ်းတွေ အမြန်ဆုံး ထွက်ခွာဖို့ မြန်မာအစိုးရ ညွှန်ကြား


တိုင်းရင်းသား လက်နက်ကိုင် အပစ်အခတ် ရပ်စဲရေး အဖွဲ့တခုဖြစ်တဲ့ ဝတပ်ဖွဲ့က ရွေးကောက်ပွဲတွေ မကျင်းပမီ နယ်ခြားစောင့်တပ်အသွင် ပြောင်းလဲ ဖွဲ့စည်းဖို့ စစ်အစိုးရက တောင်းဆိုထားတာကို လက်မခံတာကြောင့် တင်းမာမှုတွေ ကြီးထွားလာနေတာနဲ့အမျှ ဒေသတွင်းမှာရှိတဲ့ ဝန်ထမ်းတွေကို အာဏာပိုင်တွေက အမြန်ဆုံး ထွက်ခွာဖို့ ညွှန်ကြားလာတယ်လို့ ဒေသခံတွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။ တင်းမာမှုတွေကြောင့် စစ်ပွဲတွေ ဖြစ်တော့မလားဆိုပြီး ဒေသခံတွေကြား စိုးရိမ်ပူပန်တာတွေ ရှိသလို ဒါဟာ မြန်မာအာဏာပိုင်တွေက ခြိမ်းခြောက်မှုတခု အဖြစ်နဲ့လည်း အကဲခတ်တွေက သုံးသပ်နေကြပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြပေးထားပါတယ်။

မြန်မာစစ်အစိုးရဘက်က ဒီရက်ပိုင်းအတွင်းမှာ ဝနယ်မြေမှာရှိတဲ့ အစိုးရ ဝန်ထမ်းတွေကို အမြန်ဆုံး ထွက်ခွာသွားဖို့အတွက် ထူးထူးခြားခြား ညွှန်ကြားလာပါတယ်။ ဒါဟာ ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော် ခေါ် ဝတပ်ဖွဲ့နဲ့ အပစ်အခတ် ရပ်စဲပြီး နှစ်၂၀ အတွင်းမှာ ပထမဆုံး အကြိမ်အဖြစ် ညွှန်ကြားလာတာဖြစ်ပြီး ဒေသခံတွေက စစ်ပွဲဖြစ်မှာကို စိုးရိမ်နေကြတယ်လို့ ပန်ဆန်းနဲ့ နီးစပ်တဲ့ ရှမ်းသံတော်ဆင့် သတင်းဌာနက ဦးစိန်ကြည်က ပြောပါတယ်။

“တမြန်နေ့ ၂၂ ရက်နေ့ ည ၁၁ နာရီလောက်မှာ စပြီးတော့ ကြားတယ်တဲ့။ အဲဒီအချိန်က လားရှိုး၊ တန့်ယန်းက ညွှန်ကြားချက်တွေ၊ အမိန့်တွေ လာတယ်တဲ့။ အဲဒါက ပန်ဆန်းထဲမှာရှိတဲ့ နအဖရဲ့ ဌာနဆိုင်ရာ ဝန်ထမ်းတွေ အားလုံး ၂ ရက်အတွင်း အကုန်လုံး ပြန်ရမယ်ပေါ့။ အဲဒါကြောင့် မနေ့က ၂၃ ရက်လည်း တချို့တဝက် ပြန်ပြီ။ ဒီနေ့ ၂၄ ရက် အပြီးအစီး ပြန်ရမယ်။ နောက်ပြီးတော့ NGO တွေလည်း ပြန်ရမယ်။ NGO တွေရော UN အဖွဲ့အစည်းတွေရော အကုန်လုံးပေါ့။ အဲလိုမျိုး တရက်နှစ်ရက်အတွင်း အပြီးပြန်ရမယ်ဆိုတဲ့ ပုံစံမျိုးက အရင် ဒီအနှစ် ၂၀ ကာလပေါ့ တခါမှ မရှိခဲ့ဖူးဘူးလေ။ တချို့ပြောတာတော့ အခြေအနေ သိပ်မကောင်းဘူး၊ တိုက်ပွဲတွေ ဘာတွေ ဖြစ်လေမလား စိုးရိမ်တာတွေ ရှိတာပေါ့။”

ဒီလိုပြန်ခိုင်းရာမှာလည်း သင်္ကြန်ကာလအတွင်း တလခွင့်ပေးပြီး ပြန်ခိုင်းတာလို့ ပြောဆိုသူတွေ ရှိသလို အပြီးပြန်ခိုင်းတာလို့ ပြောဆိုသူတွေလည်း ရှိနေတယ်လို့ ဦးစိန်ကြည်က ဆက်ပြောပါတယ်။

တရုတ်၊ မြန်မာ နယ်စပ်က စစ်ရေး၊ နိုင်ငံရေး လေ့လာသူ ဦးအောင်ကျော်ဇောကတော့ ဝဒေသ အားလုံးက ပညာရေး ဝန်ထမ်းတွေကို လစာအပြည့်နဲ့ ခွင့် ၃ လ၊ ကျန်းမာရေးဌာနနဲ့ အခြား ဝန်ထမ်းတွေကိုတော့ လစာအပြည့်နဲ့ ခွင့် ၁ လပေးပြီး နှစ်ပတ်အတွင်း ဝဒေသက ထွက်ခွာခိုင်းတယ်လို့ ကြားရကြောင်း ပြောပါတယ်။

အခုလို ဝန်ထမ်းတွေကို ထွက်ခွာခိုင်းနေချိန်မှာ စစ်ရေးအရ ပြင်ဆင်မှုတွေလည်း ရှိနေတယ်လို့ ဦးစိန်ကြည်က ပြောပါတယ်။

“နောက်တခုက သံလွင်မြစ် တလျှောက်မှာ ဝထိန်းချုပ်နယ်မြေနဲ့ မျက်နှာချင်းဆိုင် အနောက်ဘက်ကမ်းမှာ ဆိုရင် ပြည်သူ့စစ် ၇ ဖွဲ့၊ ၈ ဖွဲ့ကို နအဖတပ်က တပ်စခန်းတွေ ဘာတွေ လုပ်ခိုင်းတယ်။ ခံကတုတ်ကျင်းတွေ ဘာတွေ တူးခိုင်းတယ်။ အသင့်အနေအထားမှာ နေဖို့ စောင့်ကြည့်ခိုင်းတာတွေ ဘာတွေ လုပ်တယ်တဲ့။”

တဆက်တည်းမှာပဲ မြန်မာစစ်အစိုးရဘက်က လားရှိုးမှာ ပေါ်တာဆွဲနေတယ်၊ KIA ကချင်လွတ်မြောက်ရေး တပ်မတော် ဌာနချုပ်ဘက်မှာ လက်နက်ကြီးတပ်တွေ စေလွှတ်နေတယ်၊ ကျိုင်းတုံမြို့မှာ ရုရှားလုပ် MIG-29 တိုက်လေယာဉ်တွေ လေ့ကျင့် ပျံသန်းနေတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။

ဦးအောင်ကျော်ဇောကတော့ ဒီလို ဝန်ထမ်းတွေ ပြောင်းရွှေ့ခိုင်းတာနဲ့ စစ်ရေးအရ လှုပ်ရှားပြင်ဆင်နေတဲ့ သတင်းတွေဟာ အပစ်ရပ် တိုင်းရင်းသား တပ်ဖွဲ့တွေ အတွင်းမှာ တည်ငြိမ်မှု မရှိအောင် စိတ်ဓာတ်စစ်ဆင်ရေး လုပ်နေတာ ဖြစ်တယ်လို့ သုံးသပ်ပါတယ်။

“ဗမာအစိုးရက သူတို့တိုက်မယ်ဆို ကိုးကန့်တိုက်သလိုပါပဲ၊ ဘာမှပြောစရာ မလိုဘူး၊ ဘာဝန်ထမ်းတွေမှ ဖယ်ပေးစရာ မလိုဘူး၊ သူတို့ ဝင်တိုက်လို့ ရတယ်။ နည်းနာကတော့ ခြိမ်းခြောက် ထိန်းချုပ်ပေါ့ဗျာ။ ခြိမ်းခြောက်တဲ့အတွက် ကိုယ့်ဒေသ ကာကွယ်ရေးစစ်ကို ပြင်ဆင်ရတယ်။ အဲတော့ ကြာရှည်ပြင်ဆင်ရတဲ့ အခါမှာ ဒေသပိုင်းရဲ့ စားဝတ်နေရေး ဖူလုံမှုကလည်း အကန့်အသတ်ရှိတဲ့ အခါကျတော့ တစုံတရာ အခက်အခဲ ဖြစ်လာနိုင်အောင် သူ ဖန်တီးတာ ဖြစ်တယ်။

“နောက် ဝနယ်စပ်ကြားမှာ ရှိတဲ့ ကုန်သွယ်မှုတွေ တော်တော်များများကိုလည်း ပျက်စီးအောင် ကြိုးစားတာ ဖြစ်တယ်။ သူက သတင်းတွေ မျိုးစုံလွှင့်မယ်။ သူ့ရဲ့ ရည်မှန်းချက်ကတော့ နယ်စပ်ဒေသမှာရှိတဲ့ သူတို့ပြောတဲ့ Border Guard ကို ယာယီ လက်မခံသေးတဲ့ အဖွဲ့အားလုံးရဲ့ နေထိုင်မှုဘဝ၊ လူမှုရေးဘဝ၊ စီးပွားရေးဘ၀ အားလုံးကို ပျက်ပြားအောင် လုပ်ဆောင်နေတဲ့ ဆိုက်ဝါး (Psy-war) ပါပဲ။”

မြန်မာစစ်အစိုးရဘက်က စစ်ရေးအရ ပြင်ဆင်တာတွေ ရှိနေချိန်မှာ ဝတပ်ဖွဲ့ဘက်ကလည်း သူတို့ တပ်ဖွဲ့ဝင်တွေအပြင် ပြည်သူ့စစ်တွေကိုပါ ဖွဲ့စည်း လေ့ကျင်တာတွေ လုပ်နေတယ်လို့ ဝတပ်ဖွဲ့နဲ့ နီးစပ်သူတွေက ပြောပါတယ်။ မြန်မာစစ်အစိုးရဘက်ကတော့ ဒီလို စစ်ရေးအရ တင်းမာမှုတွေ ရှိနေတယ် ဆိုတာကို တစုံတရာ သတင်းထုတ်ပြန်တာတော့ မရှိပါဘူး။

ဝတပ်ဖွဲ့ကို နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးအတွက် ဝတပ်ဖွဲ့ခေါင်းဆောင် ဦးပေါက်ယူချန်းနဲ့ မြန်မာစစ်အစိုးရ ကိုယ်စားလှယ် ဒု-ဗိုလ်ချုပ်ကြီးရဲမြင့်တို့ ဖေဖော်ဝါရီ နောက်ဆုံးပတ် အတွင်းက တန့်ယန်းမြို့မှာ နောက်ဆုံး ဆွေးနွေးခဲ့ကြပြီး အခုချိန်ထိ ပြီးပြတ်တဲ့ သဘောတူညီချက်တော့ မရသေးပါဘူး။

ဒီလို နှစ်ဘက် တင်းမာမှုတွေ ရှိနေချိန်မှာ တရုတ် ဗဟိုလုံခြုံရေးဌာနက ကိုယ်စားလှယ်အဖွဲ့ဟာ နယ်စပ်ဒေသ တည်ငြိမ်ရေးအတွက် ယခုအပတ်အတွင်း နေပြည်တော်မှာ ဆွေးနွေးခဲ့တယ်လို့ ရှမ်းသံတော်ဆင့် သတင်းဌာနက သတင်းထုတ်ပြန်ထားပါတယ်။

ဝတပ်ဖွဲ့နဲ့ နီးစပ်သူတွေကတော့ ဒီလအကုန်လောက်မှာ ဝတပ်ဖွဲ့နဲ့ မြန်မာစစ်အစိုးရအကြား ထပ်မံဆွေးနွေးမယ်လို့ သတင်းရထားကြောင်း ပြောကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG