သုံးရလွယ်ကူစေသည့် Link များ

နိုင်ငံရေးပါတီတွေ မှတ်ပုံတင်ကြပြီ


ဒီနှစ်အတွင်းမှာ ပြုလုပ်ဖို့ လျာထားတဲ့ ရွေးကောက်ပွဲမှာ ၀င်ဖို့ နိုင်ငံရေးပါတီပေါင်း ၁၅ ခုနီးပါး မှတ်ပုံတင်ထားပြီးပြီလို့ သိရပါတယ်။ နိုင်ငံရေးပါတီအဖြစ် နောက်ထပ် မှတ်ပုံတင်ဖို့ ပြင်ဆင်နေသူတွေလည်း ရှိပါတယ်။ လာမယ့် ရွေးကောက်ပွဲဟာ မြန်မာ့နိုင်ငံရေးရဲ့ အလှည့်အပြောင်းတခုမို့ ပါဝင်ဖြတ်သန်းဖို့ ဆုံးဖြတ်ရတာ ဖြစ်တယ်လို့ ရွေးကောက်ပွဲဝင်ဖို့ လိုလားသူတွေက ပြောပါတယ်။ အကြောင်းစုံကို စုံစမ်းမေးမြန်းထားတဲ့ ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

အခု တင်းကျပ်တဲ့ ရွေးကောက်ပွဲ ဥပဒေ အောက်မှာ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်သင့်၊ မသင့် အငြင်းအခုံ ရှိနေချိန်မှာပဲ ပါတီပေါင်း ၁၅ ခုလောက်ကတော့ ကော်မရှင်ကို မှတ်ပုံတင်စာ ပေးပို့ထားပြီလို့ သိရပါတယ်။ ဒါပေမဲ့ နေပြည်တော်မှာရှိတဲ့ ပြည်ထောင်စု ကော်မရှင်က စိစစ်ပြီး နိုင်ငံရေးပါတီအဖြစ် အသိအမှတ်ပြု အတည်မပြုသေးတာကြောင့် စည်းရုံးရေး လုပ်ငန်းတွေတော့ သူတို့ မစနိုင်သေးပါဘူး။

၈၈ လှုပ်ရှားမှု ကာလတွေတုန်းက ကျောင်းသားခေါင်းဆောင် တဦးလည်းဖြစ်ခဲ့၊ နောက် နှစ်ရှည် နိုင်ငံရေး အကျဉ်းသားဟောင်းလည်း ဖြစ်ခဲ့တဲ့ ကိုညိုထွန်းကတော့ လူထု ဒီမိုကရေစီပါတီ ဆိုပြီး မှတ်ပုံတင်ဖို့ စပြင်ဆင်နေပါပြီ။ ဒီရွေးကောက်ပွဲဟာ အလှည့်အပြောင်း တခုလို့ သူက ယူဆပါတယ်။

“၂၀၁၀ ရွေးကောက်ပွဲကြီးဟာ တိုင်းပြည်ရဲ့ အနှစ် ၂၀ ကျော်အတွင်းမှာ တကယ့်ကို အလှည့်အပြောင်းကြီး တခုပါ။ အဲဒီအတွက် ကျနော်တို့ကတော့ ရွေးကောက်ပွဲ ဥပဒေကို ပြစ်တင် ဝေဖန်နေတယ် ဆိုတာထက် စွန့်စားကြည့်ရမယ်ပေါ့ဗျာ၊ ဖြတ်သန်းကြည့်ရမှာပေါ့။”

ရွေးကောက်ပွဲ ၀င်ရေး၊ မ၀င်ရေးမှာ အတိုက်အခံ ဒီမိုကရေစီ အင်အားစုတွေမှာ သဘောထားကတော့ အမျိုးမျိုး ရှိကြပါတယ်။ ဒါနဲ့ပတ်သက်လို့ ကိုညိုထွန်း ဘယ်လိုမြင်လဲဗျ။ ကိုညိုထွန်းက တချိန်က ကျောင်းသားခေါင်းဆောင် တဦးလည်း ဖြစ်ခဲ့တော့ ဒါနဲ့ပတ်သက်ပြီး စိုးရိမ်စိတ် မရှိဘူးလား။

“ရှိတော့ ရှိတာပေါ့ဗျာ၊ သို့သော် ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ ကျနော်တို့ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ အတည်ပြုပြီးသွားပြီ။ အဲဒီအတွက် ကျနော်တို့ ၀င်ပြီးတော့ တတ်နိုင်သလောက် ၀င်တိုးကြည့်တဲ့ သဘောပါပဲ။ ပျော့ပြောင်း ညင်သာတဲ့ နည်းနဲ့ပေါ့ဗျာ။ ဒီတပ်မတော် အစိုးရကို ပြောတဲ့အခါမှာလည်း ရနိုင်တာလေးတွေ၊ ရနိုင်တာလေးတွေပေါ့၊ တစတစနဲ့ ၀င်တိုးတိုးပြီး ပြောရမှာပေါ့ဗျာ။ မရနိုင်တာကြီးကို ၀င်ပြီး အော်ဟစ်နေလို့ကတော့ တပ်မတော် အစိုးရကလည်း ပေးမှာမဟုတ်ပါဘူး။”

ရှိပြီးသား အင်အားတောင့်တင်းတဲ့ တရားဝင် နိုင်ငံရေးပါတီတွေ ထဲမှာတော့ အရင် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ တဖြစ်လည်း တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီက နိုင်ငံရေးပါတီအဖြစ် မှတ်ပုံ ပြန်တင်မှာ ဖြစ်ပါတယ်။ လက်ရှိ ထုတ်ပြန်ထားတဲ့ ဥပဒေတွေအတိုင်း ဆောင်ရွက်သွားမယ် ဆိုရင်တော့ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲ ဖြစ်မှာပဲလို့ တစည ပြောခွင့်ရသူ ဦးဟန်ရွှေက ပြောပါတယ်။

“ဖွဲ့စည်းပုံ အခြေခံဥပဒေလည်း ရှိနေပြီ။ နောက် ဒီဥပဒေတွေလည်း ရှိနေပြီဆိုတော့ ဒီဥပဒေတွေနဲ့အညီ သက်ဆိုင်ရာ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေက ကျင်းပသွားဖို့ပဲ ဖြစ်ပါတယ်။ ဒီဟာတွေနဲ့ ကိုက်ညီအောင် ကျင်းပသွားနိုင်ရင်တော့၊ ဒီလိုပဲ ကိုက်ညီအောင် ကျင်းပသွားနိုင်လိမ့်မယ်လို့ ကျနော်တို့ မျှော်မှန်းထားပါတယ်။”

၁၉၉၀ ခုနှစ်တုန်းက ဆိုရင်တော့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီက ဒုတိယအများဆုံး အနိုင်ရခဲ့တဲ့ပါတီ ဖြစ်ခဲ့ပါတယ်။ အဲတော့ အခုလာမယ့် ရွေးကောက်ပွဲမှာရော ပါလီမန်ထဲမှာ ဘယ်လောက်အထိ အန်ကယ်တို့ သြဇာ နေရာရနိုင်မယ်လို့ မှန်းထားပါလဲ။

“ကျနော်တို့ကတော့ တတ်နိုင်သမျှ ရအောင် မျှော်မှန်းထားပါတယ်။ ၉၀ ခုနှစ် ရွေးကောက်ပွဲတုန်းက Result ကိုကြည့်ရင် ကျနော်တို့က မဲပေါင်း ၃,၀၀၀,၀၀၀ ကျော် ရပါတယ်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ၇,၀၀၀,၀၀၀ ကျော် ရပါတယ်။ အဲဒီတုန်းက ကျနော်တို့ပါတီက တော်တော် အခြေအနေဆိုးတဲ့ ပါတီပါ။ ၈၈ ဒီဘက် တနှစ်ပဲခြားပြီး ၉၀ ခုနှစ် ရွေးကောက်ပွဲ လုပ်တဲ့အခါကျတော့ အခြေအနေ ဆိုးပါတယ်။ သို့သော် ပြည်သူတွေ အနေနဲ့က ကျနော်တို့ကို ၃,၀၀၀,၀၀၀ ကျော်အထိ မဲပေးတာ ရှိပါတယ်။

“ဒါကြောင့် နှစ်ကြာလာတဲ့အတွက် ကျနော်တို့လည်းပဲ စည်းရုံးလှုပ်ရှားတဲ့ အပေါ်မှာ မူတည်ပြီးတော့ အခြေအနေ ပိုပြီး ကောင်းလာလိမ့်မယ်လို့ မျှော်မှန်းထားပါတယ်။”

လက်ရှိ အန်ကယ်တို့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီမှာ ပါတီဝင် အင်အားရော ဘယ်လောက်လောက် ရှိပါလဲ။

“လောလောဆယ် ၅၀၀,၀၀၀ လောက် ရှိပါတယ်။ ကျနော်တို့မှာ လမ်းစဉ်ပါတီကနေ ဒီဘက် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီကို ပါဝင်လာတဲ့ ပါတီဝင်တွေ ရှိပါတယ်။ အဲဒီတုန်းက ကော်မရှင်က ၁၉၉၁ ခုနှစ်က စပြီးတော့ တိုးချဲ့စည်းရုံးတာ မလုပ်ရဘူးဆိုပြီးတော့ ကန့်သတ်လိုက်တာ ရှိပါတယ်။ ရှိတဲ့အတွက် ပါတီဝင်တွေ တိုးချဲ့လို့ မရဘူး။ သို့သော် ကျနော်တို့ ပါတီမှာလည်း ပါတီလိုလားသူတွေ ရှိတဲ့အခါကျတော့ ဒါတွေကိုတော့ ကျနော်တို့က Mark လုပ်ထားပါတယ်။

“အခု ကျနော်တို့ မှတ်ပုံတင်တဲ့ ဥပဒေအရ ကျနော်တို့ပါတီ မှတ်ပုံတင်ဖြစ်ပြီ၊ ပါတီဝင်တွေ စည်းရုံးလို့ရပြီ ဆိုရင်တော့ ခုန ပါတီလိုလားသူ ကျနော်တို့ Mark လုပ်ထားတဲ့ ပုဂ္ဂိုလ်တွေက ပါတီဝင်တွေ ဖြစ်လာမယ်လို့ တွက်ထားပါတယ်။”

ဒါပေမဲ့လည်း တချိန်က မဲ ၃,၀၀၀,၀၀၀ ရခဲ့ပြီး လက်ရှိ ပါတီဝင်အင်အား ၅၀၀,၀၀၀ ရှိတဲ့ တစည ပါတီမှာတောင် လွှတ်တော် သုံးရပ်စလုံးအတွက် တနိုင်ငံလုံး ကိုယ်စားလှယ်ပေါင်း ၁,၀၀၀ ကျော် နေရာ အရွေးခံနိုင်ဖို့တော့ အခက်အခဲ ရှိနေတယ်လို့ ပြောပါတယ်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ဖို့တော့ အချိန်အားဖြင့် ရက် ၆၀ ပေးထားပါတယ်။ ဒါပြီးရင်တော့ ပါတီစည်းရုံးရေး လုပ်ငန်းတွေနဲ့ ကိုယ်စားလှယ်လောင်း အမည်တင်သွင်းမှုတွေကို လုပ်ရမှာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG