သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲ ဝင်ခွင့်ပြုဖို့ ဘန်ကီမွန်း တိုက်တွန်း


မြန်မာစစ်အစိုးရက ကျင်းပမယ်လို့ ကြေညာထားတဲ့ ရွေးကောက်ပွဲတွေမှာ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် သက်ဆိုင်သူတွေ အားလုံးကို ပါဝင်ခွင့်ပေးဖို့နဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတွေ ဖြစ်နိုင်မယ့် အခြေအနေတွေကို ဖန်တီးပေးဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) က မြန်မာစစ်အစိုးရကို တိုက်တွန်းလိုက်ပါတယ်။ အပြည့်အစုံကို ကိုကျော်ကျော်သိန်းက တင်ပြပေးထားပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာ့အရေး မိတ်ဆွေနိုင်ငံများ အဖွဲ့ အစည်းအဝေးကို နယူးယောက်မြို့၊ ကုလသမဂ္ဂ ဌာနချုပ်မှာ ကျင်းပပြီးတဲ့နောက် အတွင်းရေးမှူးချုပ်က အဲဒီလို တိုက်တွန်းလိုက်တာပါ။ မြန်မာလူထု တရပ်လုံးအတွက် တည်ငြိမ်မှု၊ ဒီမိုကရေစီနဲ့ ဖွံ့ဖြိုးတိုးတက်ရေး အလားအလာတွေ ဖြစ်ပေါ်လာစေဖို့ရာ ရွေးကောက်ပွဲတွေမှာ အားလုံး ပါဝင်နိုင်ဖို့နဲ့ ပွင့်လင်း မြင်သာမှုရှိဖို့ လိုအပ်တယ်ဆိုတာ မြန်မာ့အရေး မိတ်ဆွေနိုင်ငံများ အဖွဲ့က အလေးအနက် ပြောဆိုခဲ့တယ်လို့ မစ္စတာ ဘန်ကီမွန်းက ပြောပါတယ်။ အမျိုးသား အကျိုးစီးပွားကို ရှေးရှု လုပ်ဆောင်ကြဖို့ သက်ဆိုင်သူ အားလုံးကို ဒီအဖွဲ့က တိုက်တွန်းလိုက်ပါတယ်။

“ရွေးကောက်ပွဲတွေမှာ သက်ဆိုင်သူတွေ အားလုံး လွတ်လွတ်လပ်လပ် ပါဝင်ခွင့်ရမယ့် အခြေအနေတွေကို အစိုးရက ဖန်တီးပေးရပါမယ်။ ဒီအခြေအနေတွေထဲမှာ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားတွေ အားလုံးကို လွှတ်ပေးဖို့နဲ့ အခြေခံ လွတ်လပ်ခွင့်တွေကို လေးစားလိုက်နာဖို့ ဆိုတာတွေ ပါဝင်ပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်က သူ့သဘောအရ ဆိုရင်တော့ သူ ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အနေနဲ့ ပါတီမှတ်ပုံတင်ရေး ကိစ္စကို စဉ်းစားမှာ မဟုတ်ဘူးလို့ ပြောထားပါတယ်။ တနည်းအားဖြင့် ရွေးကောက်ပွဲဝင်ဖို့ စဉ်းစားမှာ မဟုတ်ဘူးလို့ ပြောထားတာပါ။ ဒါပေမယ့်လည်း ပါတီက ဆုံးဖြတ်ချက်ချတဲ့အတိုင်း လိုက်နာမယ်လို့လည်း ဆိုထားပါတယ်။

လက်ရှိ အခြေအနေတွေပေါ်မှာ အခြေခံပြီး၊ သူ့ရဲ့ စစ်မှန်တဲ့ ယုံကြည်မှုပေါ်မှာ အခြေခံပြီး ပြောတာဆိုရင်တော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆုံးဖြတ်ချက်ကို မိမိတို့ လေးစားပါမယ်လို့ မစ္စတာ ဘန်ကီမွန်းက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ပါဝင်ခွင့်မရဘူး ဆိုရင်တော့ ရွေးကောက်ပွဲတွေဟာ လက်ခံနိုင်စရာရှိမှာ မဟုတ်ဘူးဆိုတဲ့ အချက်ကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ထပ်ပြောသွားခဲ့ပါတယ်။

“နိုင်ငံရေး အကျဉ်းသားတွေ၊ အထူးသဖြင့်တော့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ အပြည့်အ၀ ပါဝင်ခွင့်မရဘူး ဆိုရင် ရွေးကောက်ပွဲတွေဟာ ယုံကြည် လက်ခံနိုင်လောက်တဲ့၊ အားလုံးပါဝင်တဲ့ ရွေးကောက်ပွဲတွေအဖြစ် ယူဆနိုင်မှာ မဟုတ်ဘူးဆိုတာ မြန်မာခေါင်းဆောင်တွေကို ကျနော် ပြောခဲ့ပါတယ်။ ဒါကြောင့် လုပ်ငန်းစဉ်အားလုံး၊ ဖြစ်ပေါ်တိုးတက်မှု အားလုံးကို ကျနော်တို့ ဂရုတစိုက် စောင့်ကြည့်သွားရပါလိမ့်မယ်။”

မြန်မာစစ်အစိုးရက ထုတ်ပြန်ကြေညာထားတဲ့ ရွေးကောက်ပွဲ ဥပဒေတွေနဲ့ ရွေးကောက်ပွဲ ကျင်းပမယ့် ဝန်းကျင် အခြေအနေ တခုလုံးဟာ အားလုံးပါဝင်တဲ့ နိုင်ငံရေးလုပ်ငန်းစဉ် တခုအတွက် လိုအပ်တဲ့ အခြေအနေကို အခုချိန်ထိ အပြည့်အ၀ မရောက်သေးဘူးလို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောပါတယ်။

မြန်မာလူထုအတွက် ပိုပြီး ကောင်းမွန်တဲ့ လူနေမှု အဆင့်အတန်း ရလာရေး လုပ်ဆောင်သွားဖို့ လိုအပ်တယ် ဆိုတာကိုလည်း အတွင်းရေးမှူးချုပ်ရဲ့ မြန်မာ့မိတ်ဆွေနိုင်ငံများ အဖွဲ့က အလေးအနက် ပြောဆိုခဲ့ကြတယ်လို့ မစ္စတာဘန်က ပြောပါတယ်။ မြန်မာ့မိတ်ဆွေနိုင်ငံများ အဖွဲ့ကို ၂၀၀၇ ခုနှစ်၊ ဒီဇင်ဘာလက စတင်ဖွဲ့စည်းခဲ့တာပါ။ ဒီအဖွဲ့ထဲမှာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အမြဲတမ်း အဖွဲ့ဝင် ၅ နိုင်ငံနဲ့ အရှေ့တောင်အာရှ နိုင်ငံများ အဖွဲ့ဝင် ASEAN နိုင်ငံတွေလည်း ပါဝင်ပါတယ်။

ဒီအဖွဲ့ရဲ့ ကြာသပတေးနေ့က ကျင်းပတဲ့ အစည်းအဝေး မတိုင်ခင် ဗုဒ္ဓဟူးနေ့က ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ မြန်မာနိုင်ငံ လက်ရှိ အခြေအနေ အရပ်ရပ်ကို အတွင်းရေးမှူးချုပ်ရဲ့ မြန်မာ့အရေး ယာယီ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာ ဗီဂျေး နမ်ဘီယာ (Vijay Nambiar) က တင်ပြခဲ့ပါသေးတယ်။

ဧပြီလကျရင် ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့မှာ ကျင်းပဖို့ရှိတဲ့ အာဆီယံ ထိပ်သီးအစည်းအဝေး အတွင်းမှာလည်း မြန်မာနိုင်ငံမှာ ကျင်းပမယ်ဆိုတဲ့ ရွေးကောက်ပွဲတွေ ကိစ္စဟာ အဓိက ဆွေးနွေးမယ့် အကြောင်းအရာတခု ဖြစ်လိမ့်မယ်လို့ အင်ဒိုနီးရှားနိုင်ငံထုတ်၊ ဂျကာတာပို့စ် သတင်းစာမှာ ဖော်ပြထားပါတယ်။ အာဆီယံ ထိပ်သီး အစည်းအဝေးကို ဧပြီလ ၈ ရက်နဲ့ ၉ ရက်နေ့တွေမှာ ကျင်းပမှာ ဖြစ်ပါတယ်။ ဂျကာတာပို့စ် သတင်းအရ ဆိုရင်တော့ ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲမှာ ပါဝင်ခွင့်ပြုရေး အာဆီယံအဖွဲ့ဝင် နိုင်ငံတွေက မြန်မာစစ်အစိုးရကို စည်းရုံး နားချကြဖို့ ရှိပါတယ်။

ဗီယက်နမ်နိုင်ငံဟာ အာဆီယံအဖွဲ့ရဲ့ လက်ရှိ အလှည့်ကျဥက္ကဋ္ဌ ဖြစ်ပါတယ်။ ဗီယက်နမ် ဝန်ကြီးချုပ် ငုယင် တန် ဒန်း (Nguyen Tan Dung) ဟာ ဧပြီလအတွင်း မြန်မာနိုင်ငံကို သွားရောက်ဖို့ စီစဉ်ထားပြီး သူ့ရဲ့ခရီးစဉ်အတွင်း မြန်မာစစ်ခေါင်းဆောင်တွေနဲ့ ရွေးကောက်ပွဲကိစ္စ ဆွေးနွေးမယ်လို့ ခန့်မှန်းရကြောင်း AFP သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။

အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မာတီ နာတာလ်ဂါဝါ (Marty Natalegawa) ဟာလည်း မတ်လ ၃၀ ရက်နေ့မှာ မြန်မာနိုင်ငံကို သွားရောက်ဖို့ စီစဉ်ထားပြီး ရွေးကောက်ပွဲ ဥပဒေတွေနဲ့ သက်ရောက်မှုတွေကို ဆွေးနွေးဖို့ရှိတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG