သုံးရလွယ်ကူစေသည့် Link များ

ပျောက်ဆုံး တောင်ကိုရီးယား သင်္ဘောသား ကယ်ဆယ်ရေး ရာသီဥတုကြောင့် နှောင့်နှေး


ပင်လယ်ဝါဒေသထဲက မြောက်ကိုရီးယားနဲ့ နယ်နိမိတ်ပြဿနာဖြစ်နေတဲ့ နေရာနားမှာ နစ်မြှုပ်ခဲ့တဲ့ တောင်ကိုရီးယား ရေတပ်သင်္ဘောက သင်္ဘောသား ၅၆ ယောက်ကို ကယ်တင်နိုင်ဖို့အတွက် ကြိုးစားနေကြပေမဲ့ ဆိုးရွားတဲ့ ရာသီဥတုကြောင့် ကြီးမားတဲ့ ပင်လယ်လှိုင်းလုံးတွေ ဖြစ်ပေါ်နေပြီး အခက်အခဲတွေ တွေ့နေရပါတယ်။ တန်ချိန် ၁,၂၀၀ ရှိတဲ့ ရေတပ် သင်္ဘောဟာ သောင်္ကြာနေ့က နစ်မြှုပ်ခဲ့ပြီး နစ်မြှုပ်ချိန်မှာ သင်္ဘောသား ၁၀၄ ဦး ရှိခဲ့ပေမဲ့ ၅၈ ဦးကိုပဲ ကယ်တင်နိုင် ခဲ့ပါတယ်။

အကြောင်းရင်းကိုမသိရသေးတဲ့ ပေါက်ကွဲမှုကြောင့် သင်္ဘောနောက်ပိုင်း အောက်ဖက်မှာ အပေါက်ဖြစ်သွားပြီး နစ်မြှုပ်ခဲ့တာပါ။ တောင်ကိုရီးယား သမ္မတ လီမျောင်ဘတ် က စနေနေ့မှာ ထိပ်တန်းလုံခြုံရေးအရာရှိတွေကို ဒုတိယတကြိမ်မြောက် အရေးပေါ်အစည်းအဝေး ခေါ်ယူပြီး အမြန် စုံစမ်းစစ်ဆေးဖို့ ပြောကြားခဲ့ပါတယ်။ ခုချိန်ထိ ဒီသင်္ဘောနစ်မြှုပ်မှုမှာ မြောက်ကိုရီးယားဘက်က ပါဝင်ပတ်သက်မှု တစုံတရာမတွေ့ရသေးပါဘူး။

သင်္ဘောဟာ ဘေဂရောင်း ကျွန်းအနောက်ဘက် တောင်ကိုရီးယားပိုင် ရေနက်ပိုင်းမှာ နစ်မြှုပ်သွားတာတွေ့ရတယ်လို့ တာဝန်ခံတွေက ပြောပါတယ်။ ခုချိန်ထိ မြောက်ကိုရီးယားဘက်က ဒီသင်္ဘော နစ်မြှုပ်မှုနဲ့ပတ်သက်ပြီး တစုံတရာ မပြောဆိုသေးပါဘူး။ ပျောက်ဆုံးနေဆဲဖြစ်တဲ့ သင်္ဘောသား ၄၆ ဦးကို ရှာဖွေနေတာကိုလည်း တိုးမြှင့်ခဲ့ပါတယ်။

ပေါက်ကွဲမှုကြောင့် ဖြစ်ပွားချိန်က သင်္ဘောပေါ်မှာ ရေတပ်သား ၁၀၄ ဦး ပါဝင်ခဲ့ပြီး ၅၈ ဦးကို ကယ်တင်နိုင်ခဲ့တယ်လို့ တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်က ပြောပါတယ်။ ဒီ တောင်ကိုရီးယား ရေတပ်သင်္ဘော ချိုနန် နစ်မြှုပ်မှုဟာ မြောက်ကိုရီးယားဘက် တစုံတရာ ပါဝင်ပတ်သက်နေတာမျိုး မတွေ့ရဘူးလို့ လုံခြုံရေးအရာရှိတွေက ပြောပါတယ်။ ဒါဟာ သင်္ဘောတွင်း ပေါက်ကွဲမှုတခုခုကြောင့် ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG