သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲ ဒေါ်စုပါဝင်ခွင့် မရှိရင် ဂျပန်က စီးပွားရေးကူညီမှု ရပ်ဆိုင်းမည်


ဒေါ်အောင်ဆန်းစုကြည်နဲ့ တခြား ပါဝင်ယှဉ်ပြိုင်ထိုက်တဲ့ သူတွေ ပါဝင်ခွင့် မပေးဘူးဆိုရင် မြန်မာနိုင်ငံကို ပေးနေတဲ့ အကူအညီငွေတွေ ထပ်ပေးတော့မှာ မဟုတ်ဘူးလို့ ဂျပန် နိုင်ငံခြားရေးဝန်ကြီး ကတ်ဆုယာ အိုကာဒါ (Katsuya Okada) က ပြောခဲ့ပါတယ်။ ဂျပန်အစိုးရက မြန်မာစစ်အစိုးရနဲ့ ဆက်ဆံရာမှာ အကူအညီပေးမယ်၊ မပေးဘူးဆိုပြီး ချော့တလှည့်၊ ခြောက်တလှည့် ဆက်ဆံလေ့ ရှိတာမို့ အခုလို ပြောလိုက်တာဟာ ပြီးခဲ့တဲ့ ဩဂုတ်လကမှ အာဏာရလာတဲ့ လက်ရှိ ဂျပန်အစိုးရ အနေနဲ့ မြန်မာ့ဒီမိုကရေစီ အရေးအတွက် တကယ်ပဲ အလေးအနက်ထား ပြောဆိုတယ်လို့ ပြောနိုင်ပါသလား။ အကြောင်းစုံကို နော်ရှိုးက တင်ပြပေးထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အပါအဝင် တခြား ပါသင့်ပါထိုက်သူတွေကို ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခွင့် မပေးဘူးဆိုရင် လက်ရှိ မြန်မာနိုင်ငံကို ပေးနေတဲ့ အကူအညီတွေကို ဆက်ပေးတော့မှာ မဟုတ်ဘူးလို့ ဂျပန် နိုင်ငံခြားရေးဝန်ကြီး ကတ်ဆုယာ အိုကာဒါက ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးလှမြင့် အပြင် တခြား သတင်းထောက်တွေကို ပြီးခဲ့တဲ့ သောကြာနေ့က ပြောခဲ့တယ်လို့ ကျိုတို သတင်းဌာနမှာ ရေးသားထားတာပါ။ နောက်အပတ် ကနေဒါနိုင်ငံမှာ ကျင်းပမယ့် G-8 စက်မှုအင်အားကြီး ၈ နိုင်ငံ အစည်းအဝေးမှာလည်း မြန်မာ့အရေးကို တင်ပြ ဆွေးနွေးသွားမယ်လို့ ပြောခဲ့ပါတယ်။

အရင်နှစ် နိုဝင်ဘာတုန်းကလည်း လက်ရှိ ဂျပန်ဝန်ကြီးချုပ် အာကီယို ဟတိုယာမ (Akio Hatoyama) က အာဏာရပြီး ၂ လ အကြာမှာပဲ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ မတိုင်မီ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသားတွေ အားလုံးကို ပြန်လွှတ်ပေးမယ်ဆိုရင် မြန်မာနိုင်ငံကို အကူအညီတွေ ပိုပေးမယ်လို့ ပြောခဲ့ဖူးပါတယ်။ ၂၀၀၇ ခုနှစ် သံဃာ့လှုပ်ရှားမှုတုန်းကလည်း ဂျပန် သတင်းထောက်တဦး နအဖ စစ်သားတွေရဲ့ ပစ်သတ်ခြင်းကို ခံခဲ့ရပြီးနောက် ဂျပန် အစိုးရက မြန်မာနိုင်ငံကို အကူအညီ ပေးတာတွေ ရပ်ဆိုင်းမယ်ဆိုပြီး ခြိမ်းခြောက်ခဲ့ဖူးပါတယ်။

ဒီတော့ အာဏာရ ဂျပန်အစိုးရ အဆက်ဆက် အနေနဲ့ ပြီးခဲ့တဲ့ ၁၀ နှစ်တာ ကာလတွင်းမှာ အခုလို မြန်မာစစ်ခေါင်းဆောင်တွေနဲ့ ဆက်ဆံတဲ့အခါမှာ အကူအညီတွေ တိုးပေးမယ်၊ မတိုးပေးတော့ဘူးဆိုပြီး ချော့တလှည့်၊ ခြောက်တလှည့် ပြောလာတာကတော့ အဆန်းမဟုတ်ပါဘူး။ ဒါပေမဲ့ လက်ရှိ အစိုးရသစ်တွင်းမှာ ဦးဆောင်နေသူတွေက အရင်ကတည်းက မြန်မာ့ဒီမိုကရေစီ အရေးအတွက် စိတ်အားထက်သန်သူတွေ ဖြစ်တာကြောင့် မြန်မာစစ်ခေါင်းဆောင်တွေနဲ့ ဆက်ဆံတဲ့နေရာမှာ အရင် ဂျပန်အစိုးရတွေထက် ပိုပြီး ပြတ်ပြတ်သားသား ရှိလိမ့်မယ်လို့ မျှော်လင့်ကြောင်း ဂျပန်နိုင်ငံ အခြေစိုက် NCUB ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားကောင်စီက ဒေါက်တာမင်းညိုက သုံးသပ်ပါတယ်။

“အခု လက်ရှိ အစိုးရက ဒီမိုကရက်ပါတီက တက်လာတာကြောင့်မို့ အရင်တုန်းက လစ်ဘရယ် ဒီမိုကရက်ပါတီထက် စာရင် ပိုပြီးတော့ ပြတ်ပြတ်သားသား ရှိလာလိမ့်မယ်လို့ မျှော်လင့်ပြီး တောင့်တနေခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အခု ကျနော်တို့တွေ လုပ်ကိုင်နေတဲ့ ဂျပန်မှာရှိတဲ့ ဂျပန် အလုပ်သမားသမဂ္ဂများက နေပြီး အဓိက ကူညီထောက်ပံ့တဲ့ ဒီမိုကရက်ပါတီက အာဏာရလာတာကြောင့်၊ ပြောရရင် လက်ရှိဝန်ကြီးချုပ် မစ္စတာ ဟတိုယာမ ဆိုတာက မြန်မာပြည် ဒီမိုကရေစီ ရရှိရေးကို အကူအညီပေးတဲ့ အမတ်သမဂ္ဂများမှာ သူက ဒုတိယဥက္ကဋ္ဌလည်း လုပ်ခဲ့တယ်၊ နောက်တခါ နာယကလည်း လုပ်ခဲ့ဖူးပါတယ်။ ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တယ်လီဖုန်းနဲ့ စကားပြောဆိုခဲ့ဖူးတာ ရှိတာကြောင့်မို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ကို အပြည့်အ၀ ထောက်ခံတဲ့ ဝန်ကြီးချုပ် ဖြစ်တယ်။

“ပြီးတော့ သူတို့တွေက မနှစ် သြဂုတ်လမှာ တက်လာပြီးနောက်ပိုင်း မြန်မာပြည်က ဝန်ကြီးချုပ်နဲ့ တွေ့ကြတဲ့အချိန်မှာ အရင်တုန်းက ဝန်ကြီးချုပ်တွေ ပြောတဲ့ စကားနဲ့စာရင် တော်တော် ပြင်းပြင်းထန်ထန် ပြောတယ်လို့ ကျနော်တို့ ယူဆတယ်။ ဘာဖြစ်လို့လဲဆိုတော့ အရင်တုန်းကတော့ ဒီမိုကရေစီ လုပ်ပါ၊ ဒီမိုကရေစီ လုပ်တယ်ဆိုရင် ခင်ဗျားတို့ကို အကူအညီပေးမယ်၊ မလုပ်ဘူးဆိုရင်တော့ ကျနော်တို့ ဖြတ်လိမ့်မယ်။ ဖြတ်လိမ့်မယ်လို့ပဲ ပြောတယ်။ မပေးနိုင်ဘူးဆိုတာ မပြောကြဘူး။

“နောက်ပြီးတော့လည်း မြန်မာပြည်မှာ ဖြစ်တဲ့ အတွင်းရေး ကိစ္စတွေကို သူတို့မှာ ပြောဆိုပိုင်ခွင့် မရှိဘူး ဆိုပြီးတော့၊ ပြောရင်တော့ နှုတ်ဆိတ်ပြီး နေတဲ့ ဓလေ့ရှိတယ်။ ဒါပေမဲ့ အခု မစ္စတာ ဟတိုယာမ တက်လာပြီး နောက်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့ ပြောတာတင် မကဘဲနဲ့ နယ်မှာရှိတဲ့ NLD ရုံးအဖွဲ့တွေကို ဖွင့်ပေးဖို့၊ ဒီမိုကရေစီ နည်းကျကျ လုပ်ကိုင်ပေးဖို့ တောင်းဆိုခဲ့တာ တွေ့သလို အခု နိုင်ငံခြားရေးဝန်ကြီး ဖြစ်တာလည်း သူက အရင်တုန်းက ဒီမိုကရက်ပါတီက ဥက္ကဋ္ဌဟောင်းလည်း ဖြစ်ခဲ့ဖူးတဲ့ ပုဂ္ဂိုလ်ဖြစ်တယ်၊ ပြီးတော့ ထင်ရှားတဲ့ ခေါင်းဆောင်တဦးလည်း ဖြစ်တာကြောင့်မို့ သူကလည်း ဒီမိုကရေစီနဲ့ ပတ်သက်ရင် ပွင့်ပွင့်လင်းလင်း မြန်မာပြည် အရေးကို ထောက်ခံတဲ့ပုဂ္ဂိုလ် ဖြစ်နေတာကြောင့် ပြောရရင်တော့ ပိုပြီးတော့ ပွင့်ပွင့်လင်းလင်း လုပ်လိမ့်မယ်လို့ ကျနော်တို့ ထင်တယ်။”

မြန်မာစစ်အစိုးရရဲ့ ရွေးကောက်ပွဲ ဥပဒေ ထွက်မလာခင်တုန်းကလည်း လက်ရှိဝန်ကြီးချုပ် ဟတိုယာမက မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ထားရှိတဲ့ ဂျပန်အစိုးရရဲ့ မူကို လိုအပ်ရင် ပြန်လည် သုံးသပ်ရလိမ့်မယ်လို့ ပြောခဲ့တဲ့အကြောင်းကိုလည်း ဒေါက်တာမင်းညိုက ထောက်ပြပါတယ်။

“ရွေးကောက်ပွဲ ဥပဒေ ထွက်မလာခင်ကလေးမှာ အဆာဟိ သတင်းစာနဲ့ အင်တာဗျူးလုပ်တဲ့ အချိန်မှာ သူက ဘယ်လိုပြောခဲ့လဲဆိုတော့ အားလုံးပါလို့ မပါနိုင်တဲ့ အနေအထားမျိုး ရောက်မယ်၊ ဒေါ်အောင်ဆန်းစုကြည်ကို မပါနိုင်အောင် လုပ်မယ်ဆိုရင်တော့ သူတို့တွေ အခုလက်ရှိ လုပ်ကိုင်နေတဲ့ မြန်မာပြည်အပေါ်မှာ ထားခဲ့တဲ့ ပေါ်လစီကို သူတို့ စဉ်းစားရလိမ့်မယ်ဆိုပြီး သတင်းစာထဲမှာ တရားဝင် ပါထားတယ်။ ပါထားတာကို သောကြာနေ့မှာ သူက ဒါကို ပိုပြီးတော့ တရားဝင် ပြောလိုက်တာပဲ။”

ဒေါက်တာမင်းညို ပြောပြသွားတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၀၃ ခုနှစ် ဒီပဲယင်း အရေးအခင်းအပြီး ဂျပန်အစိုးရက မြန်မာနိုင်ငံကို ပေးနေတဲ့ စီးပွားရေး အကူအညီတွေကို ရပ်ဆိုင်းခဲ့ပြီး လူသားချင်း စာနာထောက်ထားတဲ့ အကူအညီတွေကိုပဲ ဆက်ပေးနေခဲ့တာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG