သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မလေးရှား လူဝင်မှု စစ်ဆင်ရေးအတွင်း မြန်မာအများစု အဖမ်းခံရ


လူမှောင်ခိုကူးခံရသူ မြန်မာနိုင်ငံသား ၄ ယောက်ဟာ မနေ့က မလေးရှားနိုင်ငံ ကွာလာလမ်ပူ နိုင်ငံတကာလေဆိပ် လူဝင်မှု ထိန်းသိမ်းရေးဌာနကနေ ထွက်ပြေးသွားတယ်လို့ မလေးရှား လူဝင်မှု ကြီးကြပ်ရေးဌာနက ပြောဆိုလိုက်ပါတယ်။ တချိန်တည်းမှာပဲ မလေးရှား အာဏာပိုင်တွေက မလေးရှားမှာ လာရောက် အလုပ်လုပ်ကိုင်ကြတဲ့ နိုင်ငံခြားသား အလုပ်သမားတွေအပေါ် မနေ့ကစလို့ ဖမ်းဆီးမှုတွေ အကြီးအကျယ် စလာနေပြီး မြန်မာနိုင်ငံသား တော်တော်များများ ဖမ်းဆီးခံခဲ့ရတယ်လို့ ဆိုပါတယ်။ အပြည့်အစုံကို မနန္ဒာချမ်းက တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံသား ၄ ယောက် အပါအဝင် လူမှောင်ခိုကူး ခံရတဲ့ နိုင်ငံခြားသား ၁၆ ယောက်ဟာ မလေးရှားနိုင်ငံ ကွာလာလမ်ပူ နိုင်ငံတကာလေဆိပ်က လူဝင်မှု ကြီးကြပ်ရေး ထိန်းသိမ်းရေး ဌာနကနေ ထွက်ပြေးသွားခဲ့တာလို့ လူဝင်မှု ကြီးကြပ်ရေးဌာနရဲ့ ညွှန်ကြားရေးမှူးချုပ် ဒါတု အက်ဘ်ဒူ ရာမန် အော့မန်က ဒီကနေ့မှာ ပြောဆိုလိုက်တာပါ။ သူတို့အားလုံးဟာ အသက် ၂၂ နှစ်ကနေ ၄၈ နှစ်အကြား အရွယ်တွေ ဖြစ်ပြီးတော့ မနေ့မနက် စောစောက ထွက်ပြေးခဲ့ကြတာ ဖြစ်တယ်လို့ အာဏာပိုင်တွေက ယူဆပါတယ်။ မြန်မာနိုင်ငံသား ၄ ယောက်ရဲ့ အမည်တွေကတော့ ကိုကျော်၊ ကိုသို၊ အတာနဲ့ အီပိုတို့ ဖြစ်တယ်လို့ သိရပါတယ်။

ဒီကနေ့ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲအတွင်း မစ္စတာ အက်ဘ်ဒူ ရာမန်က အခု ထွက်ပြေးသွားသူတွေနဲ့ ပတ်သက်လို့ သတင်းပေးကြဖို့နဲ့ သူတို့ကို လက်ခံထားတဲ့သူတွေ ဆိုရင်လည်း ထောင်ဒဏ် ၁၅ နှစ်နဲ့ မလေးရှား ရင်းဂစ်ငွေ ၅၀,၀၀၀ အထိ အမြင့်ဆုံး ခံရမယ်လို့ သတိပေးထားပါတယ်။

တချိန်တည်းမှာပဲ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ နိုင်ငံခြားသား အလုပ်သမားတွေအပေါ် ပစ်မှတ်ထားတဲ့ အဖမ်းအဆီးဟာ အရင်ကထက် ပိုဆိုးလာပြီး မနေ့ကဆိုရင် လူ ၄၀၀ လောက် ဖမ်းဆီးခံခဲ့ရပါတယ်။ ဒီအထဲမှာ အများစုက မြန်မာနိုင်ငံသားတွေ ဖြစ်ကြပါတယ်။ ဒီအခြေအနေနဲ့ ပတ်သက်ပြီးတော့ မလေးရှားရောက် ရွှေ့ပြောင်း အလုပ်သမားတွေအရေး လိုက်ပါ ဆောင်ရွက်နေသူ ကိုကျော်မျိုးအောင်က အခုလို ပြောပြပါတယ်။

“မနေ့က ၁၁ နာရီ ပတ်ဝန်းကျင်လောက်မှာ ကျနော်တို့ သတင်းစရတယ်။ Breakfast အတွက် ကျနော်တို့ ဆင်းသွားတဲ့ အချိန်မှာပဲ ဖမ်းလို့ဆီးလို့ အားလုံး ပြီးသွားပြီး ရဲကားတွေတောင် စထွက်သွားကြပြီ။ ကား ၆ စီးလောက်ရှိမယ်။ လူအားလုံး ၄၀၀ ပတ်ဝန်းကျင်လောက် ရှိမယ် အဖမ်းခံရတာ။ အဓိက Target ထားတာကတော့ အဲဒီဧရိယာမှာ ရွှေဆိုင်တွေ ရှိတာကိုး၊ မြန်မာပြည်သားတွေ ဖွင့်ထားတဲ့ဆိုင်တွေ ရှိတော့ အဲဒီဆိုင်တွေကို အဓိကထားပြီး လမ်းသွားလမ်းလာတွေရော ဆိုင်ပေါ်အထိတက်ပြီး အကုန်လုံး ဖမ်းသွားတာ။ အစစ်အဆေး၊ အမေးအမြန်း ဘာမှ မရှိဘူး။ နိုင်ငံခြားသားဆိုရင် တခါတည်း ဖမ်းသွားတာ။

“ဘာလက်မှတ်ပဲရှိရှိ၊ UNHCR Refugee ကတ် ရထားရင်လည်း ဖမ်းတာပဲ။ အလုပ်ရှင်တွေက ခိုင်လုံတဲ့ သက်သေ အထောက်အထားပေါ့၊ အဓိကတော့ ပါ့စ်ပို့တ် (Passport) ကို ပေးမထားဘူး။ Photostat ပဲ ကိုင်ပြီး သုံးရတဲ့သူတွေ ရှိတယ်။ အဲဒီလိုလူတွေလည်း သူတို့ ဖမ်းသွားတယ်။ ပါ့စ်ပို့တ် လက်ဝယ်ရှိနေတဲ့ သူတွေကိုပါ သူတို့ ဖမ်းသွားတာ။ နိုင်ငံခြားသားဆိုရင် အကုန်လုံး အပေါ်တင်၊ အပေါ်တက်၊ ရဲစခန်း ရောက်တော့မှပဲ သူတို့ စစ်ဆေးကြည့်ပြီး တချို့လူတွေ ပြန်လွှတ်ပေးတယ်။”

မလေးရှား အာဏာပိုင်တွေက အခုအခါ မြို့လယ်ကောင်က မြန်မာဆိုင် တော်တော်များများကို ပစ်မှတ်ထားလာပြီး လာရောက် ဈေးဝယ်သူ မှန်သမျှ ဖမ်းဆီးတာ ဖြစ်တယ်လို့လည်း ကိုကျော်မျိုးအောင်က ပြောပါတယ်။ ဒါ့အပြင် မလေးရှားနိုင်ငံမှာ နိုင်ငံခြားသား အလုပ်သမားတွေအပေါ် ဖမ်းဆီးတာမျိုးတွေဟာ မကြာခဏဆိုသလို ဖြစ်လေ့ရှိပေမဲ့ မနေ့ကလိုမျိုး တပြိုင်တည်း ရာနဲ့ချီ သိမ်းကျုံးဖမ်းတာကတော့ ဒါ ပထမဆုံးအကြိမ် ဖြစ်တယ်လို့ သူက အခုလို ဆက်ပြောပြပါတယ်။

“မလေးရှား ထုံးစံအရတော့ အဲဒီလိုပဲ အမြဲတမ်း ဖြစ်နေကြတာပဲ။ ဒါပေမဲ့ မနေ့ကလိုမျိုးကျတော့ အဖမ်းအဆီး အရမ်းကြမ်းတယ်လို့ ဆိုလိုတာပေါ့။ ပြီးတော့ ရွှေဆိုင်တွေအပေါ်ထိ တက်ပြီး ဖမ်းတယ်ဆိုတော့ ဒါ တော်တော် ဆိုးတယ်လို့ ပြောလို့ရတယ်။ အရင့်အရင် အဖမ်းခံရတုန်းက အဲဒီလောက် လူဦးရေ မများဘူး။ အဲဒီလိုမျိုး ဆိုင်ပေါ်တွေထိ တက်ပြီး ဖမ်းတာမျိုး မဟုတ်ဘူး။ လမ်းမပေါ်မှာတွေ့တဲ့ လူလောက်ပဲ သူတို့ နည်းနည်းပါးပါး စစ်ဆေးပြီးတော့ ဖမ်းသွားတာမျိုးပဲ ရှိတယ်။

“ကျနော်တို့ မြန်မာပြည်သား အများစုက ဒီ အားလပ်ရက်၊ စနေ တနင်္ဂနွေလောက်ပဲ အဓိကထားပြီးတော့ ဝယ်စရာရှိတာ ဝယ်ကြမယ်၊ ငွေလွှဲတာကအစ၊ အစစအရာရာ အဲဒီနေ့ရက် တခုတည်းမှာပဲ ရွှေဆိုင်တွေလည်း ရှိတဲ့အခါကျတော့ ဝင်တာ ထွက်တာ သွားတာ လာတာ ဆွေးနွေးတာတွေ ရှိနေတယ်လေ။ အဲဒီမှာဖမ်းတယ်ဆိုတာ မြန်မာပြည်သား အများစုကို အဓိက Target ထားပြီး ဖမ်းတာပေါ့။ ဒီလထဲမှာ ဖမ်းတာ ဆီးတာ နည်းနည်းပိုပြီး စိပ်လာတယ်။”

မနေ့က ဖမ်းဆီးခံရသူ မြန်မာနိုင်ငံသားတွေ အပါအဝင် နိုင်ငံခြားသား အလုပ်သမားတွေထဲက တချို့ကို ပြန်လွှတ်ပေးခဲ့ပေမဲ့ ဆက်ပြီး ဖမ်းဆီးခံရသူတွေကိုတော့ နိုင်ငံခြားသား သီးသန့် ထိန်းသိမ်းရေးစခန်းဖြစ်တဲ့ KIA Camp ကို တိုက်ရိုက်ပို့ဆောင်မှာ ဖြစ်ပြီး အဲဒီနောက်မှ မလေးရှား လူဝင်မှုကြီးကြပ်ရေး ဥပဒေအရ အရေးယူ ထောင်ချသွားမှာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG