သုံးရလွယ်ကူစေသည့် Link များ

မော်စကို ရထားဗုံးကွဲ၊ ၃၈ ဦး သေဆုံး


ရုရှားနိုင်ငံ မော်စကိုမြို့တော်က မြေအောက် ရထားလိုင်းတွေအပေါ် တနင်္လာနေ့တုန်းက တိုက်ခိုက်မှုမှာ တာဝန်ရှိသူတွေကို ရှာဖွေ ချေမှုန်းသွားမယ်လို့ ရုရှား ခေါင်းဆောင်တွေက ပြောလိုက်ပါတယ်။

တနင်္လာနေ့ မနက်ဖက် ရုံးသွား ရုံးလာတွေ များချိန်မှာ အမျိုးသမီး ၂ ယောက်က အသေခံ ဖောက်ခွဲမှုတွေ ပြုလုပ်ခဲ့ကြလို့ လူ ၃၈ ယောက်ထက်မနည်း သေဆုံးပြီး အများအပြား ပြင်းထန်တဲ့ ဒဏ်ရာတွေ ရသွားကြပါတယ်။

ပထမ ပေါက်ကွဲမှု ဖြစ်ခဲ့တဲ့ လူဗျန်ကာ (Lubyanka) မြေအောက် ဘူတာရုံကို ရုရှားသမ္မတ ဒီမီထရီ မက်ဗီဒက်ဗ် (Dmitry Medvedev) သွားပြီးတော့ လွမ်းသူ့ပန်းစည်း ချခဲ့ပါတယ်။ တာဝန်ရှိသူတွေကို ကြမ်းတမ်းတဲ့ တိရစ္ဆာန်တွေအဖြစ် သမ္မတက ရည်ညွှန်းပြောခဲ့ပြီး ချေမှုန်းမယ်လို့ ဆိုပါတယ်။

ဆိုက်ဘေးရီးယား ခရီးစဉ် တ၀က်ကနေ မော်စကိုမြို့တော်ကို ပြန်လာတဲ့ ၀န်ကြီးချုပ် ဗလာဒီမီယာ ပူတင် (Vladimir Putin) ကလည်း ရာဇ၀တ်မှု ကျူးလွန်သူတွေကို ရှာဖွေ အပြစ်ပေးသွားမယ်လို့ ပြောပါတယ်။

တိုက်ခိုက်မှုတွေကို လုပ်တယ်လို့ ဘယ်အဖွဲ့ကမှ အခုအချိန်ထိ မပြောသေးပါဘူး။ ဒါပေမဲ့ ရုရှား အာဏာပိုင်တွေကတော့ ချက်ရှ်နီးယားဒေသ အပါအ၀င် မြောက်ပိုင်း ကော့ကေးဆပ်က မွတ်ဆလင် စစ်သွေးကြွတွေကို လက်ညှိုးထိုးနေပါတယ်။

ဒီတိုက်ခိုက်မှုတွေ လုပ်တဲ့သူတွေကို ဥပဒေအတိုင်း ဆောင်ရွက်နိုင်ဖို့အတွက် ရုရှားနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အသင့်ပဲလို့ အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) ကလည်း ရုရှားသမ္မတ မက်ဗီဒက်ဗ်ကို တယ်လီဖုန်းနဲ့ ဆက်သွယ်ပြီး ပြောကြားခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG