သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စု ဗဟိုကော်မတီထံ ပေးပို့သည့် အချက် ၆ ချက် NLD သံတမန်တွေကို ရှင်းပြ


မြန်မာစစ်အစိုးရ ထုတ်ပြန်ခဲ့တဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေဟာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) နဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ ပါဝင်ဖို့ မဖြစ်နိုင်တာမို့ ဒီရွေးကောက်ပွဲဟာ တရားမျှတမှု ရှိမှာမဟုတ်ဘူးလို့ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး စတီဖင် စမစ်သ် (Stephen Smith) က ဒီနေ့ ABC အသံလွှင့်ဌာနကို ပြောကြားလိုက်တာနဲ့ တချိန်တည်းမှာပဲ NLD ရုံးချုပ်ကို ဒီနေ့ သြစတြေးလျ သံအမတ်ကြီး မစ်ရှဲလ်ချမ်းနဲ့ အမေရိကန်သံရုံး နိုင်ငံရေးနဲ့ စီးပွားရေးဆိုင်ရာ တာဝန်ခံ ဂျနီဖာ ဟာဟိုက်တို့ သွားရောက် တွေ့ဆုံခဲ့ကြပါတယ်။ NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းကို ဒေါ်ခင်မျိုးသက်က ဆက်သွယ် မေးမြန်းတဲ့အခါ ဦးဉာဏ်ဝင်းက အခုလို စပြောပြပါတယ်။

“သြစတြေးလျ သံအမတ်ကြီး မစ်ရှဲလ်ချမ်း၊ US Embassy က ဂျနီဖာ၊ သူတို့ ၂ ယောက်က မနက်ကတည်းက Appointment တောင်းပြီး ၂ နာရီမှာ လာတွေ့ပါတယ်။ NLD ကတော့ ဒုတိယဥက္ကဋ္ဌ ဦးတင်ဦးရယ်၊ ဦးညွန့်ဝေရယ်၊ ဦးဝင်းတင်ရယ် လက်ခံ တွေ့ဆုံပါတယ်။ မနေ့က ဆုံးဖြတ်ချက်အကြောင်း လာမေးတယ်။ နောက်ပြီးတော့ NLD ရဲ့ နိုင်ငံရေး ဆောင်ရွက်မယ့် ရည်မှန်းချက်တွေကို မေးတယ်လို့ ကျနော် သိရပါတယ်။ ကျနော်က ဒုတိယပိုင်းလောက်ကျမှ ဝင်တယ်လေ။ မနေ့က ဒေါ်အောင်ဆန်းစုကြည်က CC ကော်မတီကို ပေးပို့တဲ့ အမှာစကားကို မေးလို့ ကျနော် သူတို့ကို ပြောပြပါတယ်။ အဲဒါပါပဲ။”

အန်တီစုနဲ့ နောက်ထပ် ထပ်တွေ့ပါသေးလား။

“ကျနော်တို့ ထပ်မတွေ့ပါဘူး။ ၂၃ ရက်နေ့ တွေ့ကတည်းက ပေးလိုက်ပါတယ်။ ဒါပေမဲ့ သူက ၂၉ ရက်နေ့ အစည်းအဝေးမှာ ကိုယ်တိုင် ဖတ်ကြားပြဖို့ ကျနော့်ကို မှာကြားလိုက်ပါတယ်။ အဲဒီအတိုင်း ဆောင်ရွက်ခဲ့တာပါ။”

CC ကော်မတီကို ပေးပို့တဲ့ အမှာစာဆိုတာ ဘာပါလဲ အန်ကယ်။

“အချက် ၆ ချက်ပါ။ နံပါတ် ၁- ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လုံး၀ လက်မခံနိုင်၊ အဖွဲ့ချုပ်၏ ရွှေဂုံတိုင် ကြေညာချက်ကို ကိုင်စွဲထားရမည်။ နံပါတ် ၂- တရားမျှတမှု မရှိ၊ တဖက်သတ် ရေးဆွဲထားသည့် ဥပဒေအရ မှတ်ပုံတင်ခြင်းကို လုံး၀ လက်မခံနိုင်ပါ၊ ဥပဒေပါ စည်းကမ်းချက်များမှာ ဒီမိုကရေစီနည်း မကျပါ။ နံပါတ် ၃- အဖွဲ့ချုပ်သည် ကျမ၏ ကိုယ်ပိုင်ပစ္စည်းမဟုတ်၊ မည်သူတဦးတယောက်၏ ကိုယ်ပိုင်ပစ္စည်းလည်း မဟုတ်ပါ။ နံပါတ် ၄- အဖွဲ့ချုပ်အတွင်း လူမွေးသည့်အလုပ်၊ လူမွေးသည်ဟု ယူဆနိုင်သည့် အလုပ်များ လုံးဝမကြိုက်၊ လက်မခံပါ။ နံပါတ် ၅- ပြည်သူလူထုကို ပြောကြားလိုတာက မိမိတတ်နိုင်သလောက် ဒီမိုကရေစီ ရရှိရေး ကြိုးပမ်းမှုကို ဆက်လက် ဆောင်ရွက်သွားမည်။ နံပါတ် ၆- အဖွဲ့ချုပ် ဖျက်သိမ်းခံရလျှင် အဖွဲ့ချုပ် ပျက်စီးသည်ဟု မယူဆ၊ ပျက်စီးခြင်းမဟုတ်။”

ဒီအချက် ၆ ချက်၊ ဒေါ်အောင်ဆန်းစုကြည်က CC ကော်မတီကိုပေးတဲ့ အမှာစာကို သြစတြေးလျနဲ့ အမေရိကန်က သံအမတ်တွေကို ပြောတော့ သူတို့ဘက်က တုံ့ပြန်မှု ဘာရှိပါလဲ အန်ကယ်။

“သူတို့က တုံ့ပြန်မှု မရှိပါဘူး။ ဒီအချက်ထဲမှာ သူတို့ မရှင်းလင်းတာကိုပဲ မေးတာပါ။ ဘယ်တုန်းက ရတာလဲ၊ အဲဒီနေ့ ရတာလားပေါ့ဗျာ။ အဲဒါတွေကို မေးပါတယ်။”

ဝေဖန်ချက် တစုံတရာများ ပေးသွားပါသေးလား။

“မပေးပါဘူး။”

မနေ့တုန်းက ဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး ဒီနေ့ ကြေညာချက် ထုတ်တယ်လို့ သိရပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီး နည်းနည်းပြောပြပေးပါ။

“ဒီနေ့ ကြေညာချက်ကတော့ မနေ့က ဆွေးနွေးပွဲမှာ ဆုံးဖြတ်တဲ့ ဆုံးဖြတ်ချက် ၂ ခုကို ဖော်ပြပြီး အဲဒါကို ကြေညာချက်အဖြစ် ထုတ်တာပါ။ ပထမတချက်ကတော့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအရ မှတ်ပုံမတင်ဘို့ ဆုံးဖြတ်တယ်ဆိုတဲ့ အချက်ရယ်၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသား အားလုံး အမြန်ဆုံး လွှတ်ပေးပါဆိုတဲ့ တောင်းဆိုကြောင်း ဆုံးဖြတ်ချက်ရယ်၊ အဲဒီဆုံးဖြတ်ချက် ၂ ခုကို ကြေညာချက် ထုတ်တာပါပဲ။”

ဆက်စပ်သတင်းများ ...

XS
SM
MD
LG