သုံးရလွယ်ကူစေသည့် Link များ

အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ၂ ရက်ကြာ မြန်မာနိုင်ငံခရီး စတင်


အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မာတီ နာတာလီဂါဝါ (Marty Natalegawa) ဟာ ဒီကနေ့ ညနေပိုင်းမှာ မြန်မာနိုင်ငံကို နှစ်ရက်ကြာခရီး ရောက်ရှိပြီ ဖြစ်ပါတယ်။ နှစ်နိုင်ငံ အပြန်အလှန်ဆိုင်ရာ ကိစ္စတွေအပြင် လက်ရှိ မြန်မာ့နိုင်ငံရေး အခြေအနေနဲ့ ပတ်သက်လို့ မေးမြန်းစုံစမ်းမှုတွေ လုပ်သွားမယ်လို့ သိရပါတယ်။ အပြည့်အစုံကို စုံစမ်းမေးမြန်းထားတဲ့ ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

အင်ဒိုနီးရှားနိုင်ငံ အနေနဲ့ မြန်မာ့နိုင်ငံရေး အခြေအနေကို စိတ်ဝင်စားပြီး လွတ်လပ် မျှတတဲ့ ရွေးကောက်ပွဲတရပ် ဖြစ်ဖို့ မြန်မာအစိုးရဘက်က ဘယ်လောက်အထိ လက်တွေ့ကျကျ ဆောင်ရွက်နေသလဲ ဆိုတာတွေကို သိရှိလိုတယ် ဆိုပြီးတော့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မာတီ နာတာလီဂါဝါ ကိုယ်တိုင်ကတော့ မသွားခင်ကတည်းက ပြောထားပါတယ်။ အာဆီယံထဲမှာ သြဇာကြီးတဲ့ အင်ဒိုနီးရှားနိုင်ငံ အနေနဲ့ မြန်မာ့ဒီမိုကရေစီရေးကို တွန်းတွန်းတိုက်တိုက် ပြောဆိုဖို့ လူ့အခွင့်အရေး အဖွဲ့အစည်းတွေကတော့ လိုလားနေပါတယ်။

အင်ဒိုနီးရှား နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရသူ တီကူး ဖိုင်ဇာရှား (Teuku Faiza Syah) ကတော့ ဒီခရီးစဉ်ဟာ တကယ်တော့ နိုင်ငံခြားရေး ၀န်ကြီးသစ် အနေနဲ့ မြန်မာနိုင်ငံနဲ့ ကနဦး မိတ်ဆက်တဲ့ သဘောပါပဲလို့ ပြောပါတယ်။

“ခရီးစဉ်ကတော့ နိုင်ငံခြားရေး ၀န်ကြီးသစ် အနေနဲ့ အာဆီယံနိုင်ငံတွင်းမှာ ထုံးစံလို လှည့်လည်မိတ်ဆက်တဲ့ အစီအစဉ်ပါ။ ဒီအတွက် မြန်မာနိုင်ငံခြားရေး ၀န်ကြီးနဲ့ တွေ့ဆုံနိုင်ဖို့ ဖြစ်ပါတယ်။ ခရီးစဉ်အတွင်းမှာ နှစ်နိုင်ငံစလုံးနဲ့ဆိုင်တဲ့၊ နှစ်နိုင်ငံ အပြန်အလှန်ဆိုင်ရာ ကိစ္စတွေ၊ နောက်ပြီး ဒေသတွင်း ကိစ္စတွေကို ပြောဆိုဆွေးနွေးကြဖို့ ရှိပါတယ်။”

မြန်မာ့နိုင်ငံရေးနဲ့ ပတ်သက်လို့လည်း အရင်ပြောထားသလိုပဲ နိုင်ငံခြားရေးဝန်ကြီး အနေနဲ့ မေးမြန်းဆွေးနွေးသွားဖို့ ရှိတယ်လို့လည်း ပြောခွင့်ရသူ မစ္စတာ ဖိုင်ဇာရှားက ပြောပါတယ်။

“သက်တောင့်သက်သာ ရှိပြီးတော့ အခွင့်အရေးပေးတဲ့ အချိန်မှာ ရွေးကောက်ပွဲကိစ္စ ပြင်ဆင်မှုတွေ အပါအ၀င် မြန်မာ့နိုင်ငံရေး တိုးတက်မှု အခြေအနေတွေကို မေးမြန်းစုံစမ်းသွားဖို့ ရှိတာ အသေအချာပါ။”

ဒါပေမဲ့လည်း မျှော်လင့်အားထားကြသလို အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ဘက်ကတော့ မြန်မာ့နိုင်ငံရေးနဲ့ ပတ်သက်လို့ မြန်မာစစ်အစိုးရကို တွန်းတွန်းတိုက်တိုက် ပြောသွားမယ့် လက္ခဏာတော့ မပြပါဘူး။

နိုင်ငံတကာက လေ့လာသူတွေ၊ လူ့အခွင့်အရေး လှုပ်ရှားသူ အချို့ကတော့ အင်ဒိုနီးရှားနိုင်ငံဟာ တချိန် အာဏာရှင် လက်အောက်မှာ နေခဲ့ရပြီး ဒီမိုကရေစီ အသွင်ကူးပြောင်းရေးမှာလည်း စစ်ခေါင်းဆောင်ဟောင်းတွေ ပါဝင်နေတာမို့ ဒါဟာ မြန်မာနိုင်ငံအတွက် လေ့လာစရာ၊ သင်ခန်းစာ ယူစရာအဖြစ် မြင်ကြပါတယ်။ ဒီလို ကူးပြောင်းလာတဲ့ အင်ဒိုနီးရှားနိုင်ငံဟာ မြန်မာအစိုးရအပေါ် သြဇာသက်ရောက်နိုင်တယ်လို့ ယူဆမှုတွေလည်း ရှိပါတယ်။

ထိုင်းနိုင်ငံ ဇင်းမယ် ဖရက် တက္ကသိုလ်က မြန်မာ့အရေး လေ့လာသူ ဦးဝင်းမင်းကတော့ တစုံတရာ အတိုင်းအတာလောက်ပဲ သြဇာ သက်ရောက်နိုင်တာပါလို့ ယူဆပါတယ်။

“တစုံတရာတော့ ရှိပါတယ်။ ဒါပေမဲ့ အရမ်းကြီး၊ အများကြီးတော့ မရှိဘူးလို့ ပြောရမှာပေါ့။ ဥပမာ လက်ရှိလုပ်မယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အခုထက်တော့ နည်းနည်းလေး ပိုပြီး ကြည့်ကောင်းအောင် လုပ်ဖို့တော့ သူ ပြောကောင်းပြောမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ အားလုံး လိုလားတဲ့၊ တရားမျှတပြီး လွတ်လပ်တဲ့ ရွေးကောက်ပွဲတွေ ဖြစ်လာဖို့ အတွက်တော့၊ အားလုံးပါဝင်နိုင်တဲ့ ရွေးကောက်ပွဲ ဖြစ်ဖို့အတွက်ပေါ့၊ အဲဒီလို အနေအထားလောက်တော့ ပြောနိုင်မယ့် အလားအလာ မတွေ့ရဘူး။”

အခု မကြာခင် ဧပြီ ၆ ရက်၊ ၇ ရက်မှာ အာဆီယံ ဆန်းမစ် (ASEAN Summit) ဗီယက်နမ်မှာ လုပ်ဖို့ ရှိပါတယ်။ အာဆီယံအနေနဲ့ မြန်မာနိုင်ငံ အခု အခြေအနေမျိုးပေါ့၊ တကယ်တမ်း ပြောရရင် NLD က ဒီလို ဆုံးဖြတ်လိုက်တဲ့ အတွက် နိုင်ငံရေး တင်းမာမှုကတော့ တစုံတရာ အတိုင်းအတာထိ ရောက်သွားတယ်လို့တော့ ပြောလို့ရမှာပေါ့။ အဲဒီလို အခြေအနေကို ပြေလျော့သွားအောင် အာဆီယံ အနေနဲ့ရော တစုံတရာ လုပ်နိုင်မယ်၊ ပြောင်းနိုင်မယ်လို့ ယူဆရမလားခင်ဗျ။

“အများကြီးတော့ အာဆီယံ အနေနဲ့ လုပ်မယ်လို့ မမျှော်လင့်ဘူး။ ဒါပေမဲ့ တစုံတရာတော့ အာဆီယံက ပြောနိုင်မယ့် အနေအထားမျိုးတော့ ရှိမှာပါ။ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အရမ်း ရွေးကောက်ပွဲ လုပ်တဲ့နေ့မှာ လွန်လွန်ကျူးကျူး၊ ဆိုးဆိုးဝါးဝါး ခြိမ်းခြောက်တာ၊ အဲဒီလို အနေအထားတွေ မဖြစ်အောင်မျိုး လောက်အထိတော့ အာဆီယံ အနေနဲ့ ကြိုးစားပြီး ပြောကောင်း ပြောနိုင်မယ်လို့ ယူဆရပါတယ်။ ဒါပေမဲ့ အာဆီယံက တောက်လျှောက် တောင်းဆိုထားခဲ့တဲ့ အားလုံးပါဝင်နိုင်တဲ့ ရွေးကောက်ပွဲတခု ဖြစ်ဖို့အတွက်၊ အဲဒီအနေအထားကို ပြောနိုင်တဲ့ အလားအလာက နည်းသွားပြီလို့ ပြောရမှာ ဖြစ်ပါတယ်။”

အခု အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးရဲ့ တရားဝင် ခရီးစဉ်ကို မြန်မာအစိုးရဘက်က စီစဉ်ပေးထားတာ ဖြစ်ပြီးတော့ အတိုက်အခံတွေနဲ့ တွေ့ဆုံဖို့တော့ အချိန်လုံလောက်မှု ရှိမှာမဟုတ်ဘူးလို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဌာန ပြောခွင့်ရသူက ပြောခဲ့ပါတယ်။

အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မာတီ နာတာလီဂါဝါဟာ မြန်မာနိုင်ငံမှာ နှစ်ရက်ကြာရှိပြီး မနက်ဖြန်ကျမှ ပြန်မှာပါ။ ခရီးစဉ်အတွင်း မြန်မာနိုင်ငံခြားရေး ၀န်ကြီးအပြင် မြန်မာဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်နဲ့လည်း တွေ့ဆုံဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG