သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မော်စကို အသေခံဗုံးခွဲမှု သေဆုံးသူ ဝမ်းနည်းခြင်း အထိမ်းအမှတ် သတ်မှတ်


ရုရှားနိုင်ငံ မော်စကိုမြို့တော်မှာ မနေ့က အသေခံ ဗုံးခွဲသူ ၂ ဦးကြောင့် ၃၉ ဦး သေဆုံးခဲ့ရတဲ့အတွက် ဒီနေ့ တရားဝင် ဝမ်းနည်းခြင်း အထိမ်းအမှတ် သတ်မှတ်ထားပါတယ်။ မော်စကိုမြို့တော်ရဲ့ မနက်ခင်း အလုပ်သွားတဲ့ လူစည်ကားတဲ့ မြေအောက်ရထား ဘူတာရုံ ၂ ခုမှာ အမျိုးသမီး အသေခံ ဗုံးခွဲသူ ၂ ယောက်က ဗုံးဖောက်ခွဲခဲ့ကြတာ ဖြစ်ပါတယ်။

ဒီနေ့မှာတော့ မော်စကိုမြို့တော်တခွင် ဝမ်းနည်းခြင်း အထိမ်းအမှတ် နိုင်ငံတော်အလံ တဝက် လွှင့်ထူထားသလို ရုပ်မြင်သံကြား ဌာနတွေကလည်း ဖျော်ဖြေရေး အစီအစဉ်တွေကို မပြသတော့ဘဲ ရပ်ဆိုင်းထားပါတယ်။

ရုရှားသမ္မတ ဒီမီထရီ မက်ဗီဒက်ဗ် (Dmitry Medvedev) ကလည်း ပထမ ဗုံးပေါက်ကွဲတဲ့ လူဗျန်ကာ (Lubyanka) ဘူတာရုံကို သွားရောက်ပြီး ဘူတာရုံ ပလက်ဖောင်းမှာ ပန်းစည်းတွေချ မေတ္တာပို့ခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုမှာ တာဝန်ရှိသူတွေဟာ ဘီလူး သူရဲတွေပဲလို့ ပြောဆိုလိုက်ပြီး အပြတ် ချေမှုန်းသွားမယ်လို့လည်း ဆိုပါတယ်။

ဆိုက်ဘေးရီးယား ပြည်နယ်ကို ရောက်ရှိနေတဲ့ ရုရှားဝန်ကြီးချုပ် ဗလာဒီမီယာ ပူတင် (Vladimir Putin) ကတော့ သတင်းကြားကြားခြင်းပဲ ခရီးစဉ်ကို ဖျက်ပြီး မော်စကိုမြို့တော်ကို ပြန်လာခဲ့ပါတယ်။ ဒီရာဇဝတ်သားတွေကို ဖြစ်နိုင်တဲ့ ဘက်ပေါင်းစုံကနေ ရှာဖွေပြီး အပြစ်ပေးမယ်လို့ ပြောဆိုထားပါတယ်။

အခုချိန်ထိတော့ ဘယ်သူ့လက်ချက်လဲဆိုတာ မသိရသေးပါဘူး။ မြောက်ပိုင်း ကော့ကေးဆပ် ဒေသက ချက်ရှ်နီးယား မွတ်ဆလင် စစ်သွေးကြွတွေရဲ့ လက်ချက်ပဲလို့ ရုရှားအာဏာပိုင်တွေက ယူဆနေကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG