သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံ နွေခေါင်ခေါင် မီးပြတ် ရေပြတ်ဒုက္ခ ပိုဆိုး


မြန်မာနိုင်ငံ ရန်ကုန်မြို့မှာ နွေရာသီ ပူပြင်းတဲ့ ရာသီဥတုဒဏ် အပြင် မီးမလာ၊ ရေမလာတာကြောင့် မြို့ခံတွေ အတော်လေး ဒုက္ခရောက်နေကြပါတယ်။ ဒီလိုကြုံနေရပေမဲ့လည်း ဒေသခံ အာဏာပိုင်တွေက မြို့ခံတွေရဲ့ မကျေနပ်ချက်တွေကို ကျကျနန ဖြေရှင်းမပေးနိုင်ဘဲ ဖြစ်နေရတယ်လို့လည်း မြို့ခံတွေက ပြောကြပါတယ်။ အကြောင်းစုံကို စုံစမ်းမေးမြန်းထားတဲ့ ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံမှာ လျှပ်စစ်မီး ပြဿနာတွေက နှစ်အတန်ကြာ ကတည်းက မဖြေရှင်းနိုင်တဲ့ ပြဿနာပါ။ လာပြန်တော့လည်း မီးအားမပြည့်တာကြောင့် ရန်ကုန် အိမ်တိုင်းလိုလိုမှာ မီးအားမြှင့်စက်တွေ သုံးရပါတယ်။ ဒါပေမဲ့ အခုလပိုင်း ရက်ပိုင်း အတွင်းမှာတော့ လျှပ်စစ်မီး ပြတ်တောက်တာ အရင်ကထက် ပိုပြီး ဆိုးလာတယ်လို့ မြို့ခံတွေက ပြောပါတယ်။ ရာသီဥတုက ပူတဲ့အပြင် မီးက မလာတော့ ရေပါပြတ်ပြီး အတော့်ကို ဒုက္ခရောက်နေတယ်လို့ တောင်ဒဂုံမြို့သစ်မှာ နေထိုင်သူတဦးက ပြောပြပါတယ်။

“အိမ်တော်တော်များများက မရှိမဲ့ ရှိမဲ့လေးတွေနဲ့ အင်ဗာတာလေးတွေနဲ့ မီးထွန်းကြတယ်။ အင်ဗာတာသုံးတယ် ဆိုတာလည်း မီးက ပုံမှန်မဟုတ်ရင်တောင် တရက်ကို အနည်းဆုံး ၂ နာရီလောက် လာမယ်ဆိုရင် အဆင်ပြေသေးတယ်။ အခုက ၂ နာရီမဟုတ်ဘူး၊ လုံး၀ မလာတာက ပိုများနေတယ်။ ဘယ်လိုပြောမလဲဆိုတော့ မီးက လာတယ်၊ ဟေးဟေး ဆိုပြီး ထအော်ကြတယ်။ ပြီးလည်းပြီးရော ဟေးလို့ အော်တာတောင် မဆုံးသေးဘူး၊ ဖတ်ခနဲ မီးက ပြန်ပြတ်သွားတယ်။ အဲဒီလို အနေအထားတွေ ဖြစ်နေတယ်။

“မီးပြတ်တော့ ရေပါ မလာတော့ဘူး။ ကျနော်တို့ ဒဂုံမှာဆို၊ ဒဂုံတင်မဟုတ်ပါဘူး၊ ရန်ကုန်တမြို့လုံး ပြောလို့ရပါတယ်၊ အထူးသဖြင့်တော့ မြို့သစ်တွေပေါ့၊ တောင်ဒဂုံတို့ ဘာတို့ပေါ့၊ မီးမလာတော့ ရေပါပြတ်တယ်။”

ရာသီဥတု ပူပြင်းနေတဲ့ အချိန်မှာ အထူးသဖြင့် ရေပြတ်တာကြောင့် မြို့ခံတွေ အတော်များများကတော့ မကျေမနပ် ဖြစ်နေကြပါတယ်။ မြို့နယ်အလိုက် ပုံမှန် အလှည့်ကျ မီးဖြတ်နေတာတွေဟာလည်း အခု ပိုပြီး မီးဖြတ်ချိန် ကြာလာတယ်လို့ ရန်ကုန်မြို့ခံ တဦးကလည်း မကျေမနပ် ညည်းတွားပါတယ်။

“မနေ့က အလုံဘက်မှာဆို မီးလာဖြတ်တဲ့ကောင်တောင် အရိုက်ခံရတယ်။ ရေကမလာ၊ ရာသီဥတုကပူ၊ မီးကပြတ်၊ မီးပြတ်ရင် ရေတင်လို့မှ မရတာ။ ပုံမှန်လာရမယ့်အချိန် မလာဘဲနဲ့ ပုံမှန်ဖြတ်ရမယ့်အချိန် လာဖြတ်တော့ ရိုက်တာတောင် နည်းသေးတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က မီးဖြတ်တာ ဆိုင်ကယ်နဲ့ လိုက်ဖြတ်တာလေ။ ကျမတို့လည်း သိနေတယ်၊ ဒီကောင်ဖြတ်သွားပြီး ခဏနေရင် မီးပြတ်တော့မှာပဲ။ အဲလိုသိနေရတာကိုး။”

သူက ဘာလို့လာဖြတ်တာလဲ။

“အဲဒီလိုပဲ မီးပိတ်တာပေါ့၊ မိန်းဆွစ်ချ် လာပိတ်တာပေါ့။ ရန်ကုန်မှာရှိတဲ့ တိုက်ခန်း တော်တော်များများက မီးလာမှ အောက်ကို ရေတင်၊ အောက်ကို ရေရောက်မှ အပေါ်ကို တင်၊ ဒါ အဝီစိနော်။ ဂျိုးဖြူဆို ပိုဆိုးသေး။ ဂျိုးဖြူက ရေတွန်းဖို့ မီးမရှိရင် မီးစက်နဲ့ ဘယ်သူက တွန်းမှာလဲ။ အစိုးရ ဝန်ထမ်းတွေက။”

အဲတော့ မီးမရှိ၊ ရေမရှိနဲ့ ရန်ကုန်မြို့ခံတွေ အခြေအနေက အခု ဘယ်လိုနေကြလဲခင်ဗျ။

“အခြေအနေက ယပ်တောင်လေး တဖျပ်ဖျပ်ပေါ့၊ မီးကို ဆဲလိုက်ပေါ့။ တို့က ခန္တီစလေ၊ ခန္တီစဆိုတဲ့ လက်နက်က အရမ်းပြည့်တာကိုး။ ခေါင်းဆောင်ကအစ ခန္တီစရမယ်ဆိုလို့ ခန္တီစနေကြတာ။ မနေ့ကဆို ပုံမှန်လာရမယ့်နေ့မှာ တနေ့လုံး မလာဘူး။ မနေ့က ဒီနားကလူတွေ ကြည့်လိုက်ရင် အကုန် မည်းသည်း ဖုံတွေနဲ့ လူး၊ ရေက မရှိ။”

အခုလို မီးဖြတ်တဲ့အပေါ်မှာ ဆိုင်ရာ အာဏာပိုင်တွေကို မေးမြန်းစုံစမ်းကြပေမဲ့ အာဏာပိုင်တွေဘက်က အသေအချာ ရှင်းလင်းနိုင်တာ မရှိသလို မေးမြန်းတဲ့ ပြည်သူတွေကို ပြန်ပြီး မချေမငံ ဆက်ဆံတာကြောင့် ဒေါသပိုဖြစ်ရတဲ့ နယ်ခံတွေလည်း ရှိပါတယ်။

“ရေမလာတာ ဒီနေ့ပါနဲ့ဆို ၅ ရက် ကျော်ကျော်လောက် ရှိပြီပေါ့။ အဓိကအားဖြင့်တော့ မီးပဲ ပြောရတော့မှာပေါ့။ မီးမလာတဲ့အတွက် ရေမှာလည်း အခက်အခဲဖြစ်တယ်။ မီးနဲ့ပတ်သက်လို့လည်း လှမ်းပြီးတော့ မေးကြည့်တာပေါ့၊ EPC ရုံးကို၊ ဘာလို့ မီးပြတ်တာလဲပေါ့။ အဲလိုမေးတဲ့အခါ တခါတရံကျတော့ ဘယ်နေရာက ဂက်စ်ပိုက် ပေါက်လို့ပါ။ သာကေတက မလွှတ်လို့ပါပေါ့။

“တခါတရံကျတော့လည်း ဘာပြောလဲဆိုတော့ ဆက်နေတာ ဘယ်ကပါလဲပေါ့၊ ကျနော် EPC ကို ဆက်နေတာပါဆိုတော့ ခင်ဗျားတို့ ဆက်နေတာ EPC မဟုတ်ဘူး၊ အရေးပေါ် ၅/၆ ကို ရောက်နေတယ်ပေါ့၊ ဆေးရုံကြီးကို ရောက်နေတယ်ပေါ့။ မဟုတ်ပါဘူး၊ ဒီဖုန်းနံပါတ်က EPC ဖုန်းနံပါတ်ပါဆိုတော့ မဟုတ်ဘူးတဲ့ အရေးပေါ်ရောက်နေတာပါ ဆိုပြီး အဲဒီလိုမျိုးတွေလည်း ပြန်လည်ဖြေကြားတာကို ကျနော်တို့ ခံရတယ်။

“အဲဒါနဲ့ ကျနော်တို့ ကိုယ်တိုင် သွားလိုက်တာပေါ့၊ ကျနော်တို့တော့ ဒီလို ဒီလိုရှိတယ်၊ ခုဏ ကျနော်တို့ ဆက်တယ်၊ အရေးပေါ်တွေ ဘာတွေ ပြောတယ်ပေါ့။ ကျနော်တို့ ပြောချင်တဲ့ အကြောင်းရင်းကတော့ ရေက တော်တော်ကြီးကို အခြေအနေ ဆိုးနေပြီ၊ အဲဒါ ကြံ့ခိုင်ရေးရုံးကို သွားမေးတော့လည်း မီးမလာလို့ ရေမလာဘူးပေါ့။ အဲဒါ ကျနော်တို့ကို ကြည့်လုပ်ပေးပါဦး ဆိုတော့လည်း မချေမငံ ပြောဆိုခြင်းတွေကို ခံရတယ်ပေါ့။”

အချို့ မြို့သစ်တွေမှာတော့ ရေဖြန့်ဝေပေးတာ ရှိပေမဲ့လည်း ရှိတဲ့လူနဲ့ ရေကားနဲ့ လုံလောက်မှု မရှိဘူးလို့ သိရပါတယ်။ မြန်မာအာဏာပိုင်တွေကတော့ လျှပ်စစ်မီးကို ချွေတာ သုံးစွဲဖို့ နှိုးဆော်ထားပါတယ်။ ဒါပေမဲ့ လျှပ်စစ်မီး အလုံအလောက် ရရေးဆိုပြီး စီမံချက်တွေ အမြောက်အမြား အစိုးရ မီဒီယာတွေမှာ ကြေညာ ဖော်ပြပေမဲ့ တကယ်တမ်း လက်တွေ့မှာတော့ လျှပ်စစ်မီး ရရှိမှုက အရင်ကထက် ဆိုးသထက် ဆိုးလာနေတယ်လို့ မြို့ခံတွေက ပြောကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG