သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဆီယံ ခေါင်းဆောင်တွေ မြန်မာ့ ရွေးကောက်ပွဲအရေး ဆွေးနွေးဖွယ်ရှိ


မြန်မာစစ်အစိုးရက ဒီနှစ်ထဲ ရွေးကောက်ပွဲတွေ ကျင်းပပေးဖို့ ရှိနေတယ် ဆိုပေမဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အတိုက်အခံ နိုင်ငံရေး အင်အားစုတွေ ပါဝင်ခွင့်မရှိ ဖြစ်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) နိုင်ငံခြားရေး ဝန်ကြီးတွေ ဆွေးနွေးကြဖို့ ရှိနေပါတယ်။

ရှေ့လာမယ့် သီတင်းပတ်ထဲ ဗီယက်နမ်နိုင်ငံ ဟနွိုင်မြို့မှာ အာဆီယံ ဝန်ကြီးတွေ တွေ့ဆုံပြီး ဒေသတွင်း ကိစ္စတွေ ဆွေးနွေးရာမှာ မြန်မာနိုင်ငံ အခြေအနေတွေကိုပါ ထည့်သွင်း ပြောဆိုဖို့ ရှိနေတဲ့အကြောင်း အသင်းကြီးရဲ့ နိုင်ငံခြားရေးရာဌာန ညွှန်ကြားရေးမှူးချုပ်ကို ကိုးကားပြီး ထိုင်းနိုင်ငံထုတ် ဘန်ကောက်ပို့စ် သတင်းစာက ဒီကနေ့ပဲ ဖော်ပြလိုက်တာပါ။

ဒီဆွေးနွေးမှုတွေကနေ မြန်မာနိုင်ငံဆိုင်ရာ ထုတ်ပြန် ကြေညာချက်တစောင် ထွက်ပေါ်လာနိုင်မယ်လို့ မျှော်လင့်ရကြောင်းလည်း သတင်းက ဖော်ပြခဲ့တာပါ။

မြန်မာစစ်အစိုးရက ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေ ထုတ်ပြန်ရာမှာ ပြစ်ဒဏ် စီရင်ခံနေရသူတွေ နိုင်ငံရေးပါတီတွေမှာ ပါဝင်ခွင့်ကို တားမြစ်ခဲ့တာမို့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသား ၂,၀၀၀ ကျော်လောက် နိုင်ငံရေး လုပ်ငန်းစဉ်တွေမှာ ပါဝင်ခွင့် မရှိနိုင်တဲ့ အခြေအနေမျိုးနဲ့ ကြုံနေရတာပါ။

ဒီအတွက်လည်း အဓိက နိုင်ငံရေး ပါတီကြီး တခုဖြစ်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ရွေးကောက်ပွဲအတွက် ပါတီ မှတ်ပုံတင်ခြင်း မပြုဘို့ တနင်္လာနေ့တုန်းကပဲ တခဲနက် ဆုံးဖြတ်ခဲ့တာလည်း ဖြစ်ပါတယ်။

ဒီလို အခြေအနေတွေအောက် ကျင်းပဖို့ ရှိနေတဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ အာဆီယံအသင်းဝင် နိုင်ငံတခုဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံက တချိန်က အာဏာရှင် လက်အောက်က ရုန်းထွက်လာတဲ့ နိုင်ငံတခုအဖြစ် စိုးရိမ်မကင်း ဖြစ်ရကြောင်း ပြသမှုတွေ ရှိနေပါတယ်။

ဒါပေမဲ့လည်း အင်ဒိုနီးရှားနဲ့ မြန်မာနိုင်ငံကြား တူညီမှုတချို့ ရှိပေမဲ့ ကွဲလွဲတဲ့ သဘာဝတွေလည်း ရှိနေတာမို့ မြန်မာစစ်အစိုးရ အနေနဲ့ ဘာတွေလုပ်သင့်တယ်၊ ကိုင်သင့်တယ် ဆိုတာမျိုး ပြောဆိုလိုတဲ့ ဆန္ဒတော့ မရှိဘူးလို့ ၂ ရက်ကြာ မြန်မာနိုင်ငံ ခရီးစဉ်က ပြန်ရောက်လာတဲ့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မာတီ နာတာလီဂါဝါ (Marty Natalegawa) က ဂျကာတာမြို့မှာ သတင်းထောက်တွေကို ဒီကနေ့ပဲ ပြောဆိုလိုက်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG