သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲကို ဆန့်ကျင်ပေမဲ့ ဝင်ပြိုင်မယ့် တိုင်းရင်းသား ပါတီတွေကို ENC မကန့်ကွက်


မကြာခင် စစ်အစိုးရ ကျင်းပပေးမယ့် ရွေးကောက်ပွဲကနေ ဒီမိုကရေစီစနစ် ထွန်းကားရေးနဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် အာမခံချက် မပေးနိုင်တဲ့အတွက် ၂၀၀၈ ဖွဲ့စည်းပုံကိုရော ၂၀၁၀ ရွေးကောက်ပွဲကိုပါ အသိအမှတ် မပြုဘူးလို့ ENC တိုင်းရင်းသား လူမျိုးများ ကောင်စီက ပြောပေမဲ့ ENC တိုင်းရင်းသား လူမျိုးများ ကောင်စီရဲ့ အကြံပေးပုဂ္ဂိုလ် ဦးဟန်ယောင်ဝေကတော့ မြန်မာနိုင်ငံထဲမှာ ရွေးကောက်ပွဲဝင်ဖို့ ပြင်ဆင်နေကြတဲ့ တိုင်းရင်းသား ပါတီတွေကိုလည်း ကန့်ကွက်ဟန့်တားလိုခြင်း မရှိဘူးလို့ ဆိုပါတယ်။ ရွေးကောက်ပွဲဆိုင်ရာ ENC ထုတ်ပြန်တဲ့ ကြေညာချက်နဲ့ ပတ်သက်ပြီးတော့ မစုမြတ်မွန်က ဆက်သွယ်မေးမြန်းတဲ့အခါ ဦးဟန်ယောင်ဝေက အခုလို စပြောခဲ့ပါတယ်။

“တကယ် အသေးစိတ် ပြန်ကြည့်ရင် ဆုံးဖြတ်ချက်မှာ ၁၉၉၀ နိုင်ထားတဲ့ ပါတီတွေ၊ NLD အပါအဝင် တိုင်းရင်းသား ပါတီတွေ နအဖလုပ်နေတဲ့ဟာကို ငြင်းပယ်မယ်ဆိုရင် မူအရ မှန်တယ်၊ ငြင်းသင့်တယ်ဆိုတာ ထောက်ခံတယ်။ ဒါပေမဲ့ တဘက်မှာလည်း ENC ပြောနေတာက လက်တွေ့မှာ ပြည်တွင်းမှာရှိတဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေက ရွေးစရာ မရှိဘူး၊ နအဖက ရွေးကောက်ပွဲလုပ်မယ်၊ ရွေးကောက်ပွဲလုပ်တဲ့ အချိန်မှာ တိုင်းရင်းသား ပါတီတွေက မပါဘူးဆိုရင် လူထုအနေနဲ့ ရွေးစရာ မရှိဘဲနဲ့ နအဖ ပါတီကိုပဲ မဲပေးရမယ့်သဘော ဖြစ်သွားတယ်။

“အဲဒါကြောင့် ပြည်တွင်းမှာကတော့ တိုင်းရင်းသားပါတီ ဖွဲ့မယ်ဆိုရင်လည်း ဖွဲ့ပါ၊ ဒါပေမဲ့ လူထုရဲ့ မဲဆန္ဒကို ယူပါ ဆိုတဲ့သဘောနဲ့ ပြောတာ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် နအဖ အခွင့်အရေးပေးမှ လုပ်မယ်ဆိုရင်တော့ ဘယ်တော့မှ ဒီမိုကရေစီရမှာ မဟုတ်ဘူး။ ဆိုတော့ ENC အနေနဲ့က အဲဒီပါတီတွေ လုပ်မယ်ဆိုရင် လုပ်ပါဆိုတဲ့သဘော ဖြစ်ပါတယ်။”

ဒီကြေညာချက်ထဲမှာ ဖတ်ရသလိုဆိုရင် ၂၀၁၀ ရွေးကောက်ပွဲဟာ နအဖရဲ့ လမ်းပြမြေပုံကို တစိတ်တပိုင်း အကောင်အထည်ဖော်တာ ဖြစ်တဲ့အတွက် ဒါကို ဆက်လက် ကန့်ကွက်သွားဖို့ လိုတယ်လို့လည်း ညီလာခံက သုံးသပ်တယ်လို့ ပြောပါတယ်။ ဆိုတော့ စောစောက ပြောခဲ့သလို ပြည်တွင်းမှာရှိနေတဲ့ ပါတီတွေ၊ အဖွဲ့အစည်းတွေက သူတို့ ဝင်ချင်ရင်လည်း ENC က မကန့်ကွက်ဘူး ပြောတယ်ဆိုတော့ ဒီဟာနှစ်ခုက နည်းနည်းလေး ဆန့်ကျင်သလို ဖြစ်မနေဘူးလား။

“ဒီမှာကတော့ ဒီလိုပေါ့။ တဘက်မှာကတော့ မူအရပြောရင် နအဖလုပ်နေတဲ့ပုံစံ လမ်းပြမြေပုံက ဒီမိုကရေစီရောက်ဖို့ လမ်းကြောင်း မဟုတ်ဘူး ဆိုတာကတော့ လူတိုင်း မြင်ပါတယ်။ ဒါပေမဲ့ နအဖက ဒီမိုကရေစီရောက်ဖို့ လုပ်နေတာ မဟုတ်ဘူး ဆိုပေမဲ့ သူက အခုအချိန်မှာ ရွေးကောက်ပွဲ လုပ်ပြီးတော့ လူထု မဲဆန္ဒယူမယ်၊ လူထုရဲ့ အမြင်ကို ယူမယ်ဆိုတဲ့ သဘောတရားကတော့ ထွက်လာတယ်ဆိုတော့ အဲဒီနေရာမှာ တိုင်းရင်းသားတွေ အနေနဲ့ တခြားပါတီတွေ အနေနဲ့ကလည်း တကယ်ပဲ လူထုရဲ့ဆန္ဒကို ဖော်ပြနိုင်ရင် နအဖအတွက် သူ မလုပ်ရင်လည်း သူ့အတွက် တော်တော်ခက်ခဲမယ်၊ ဆိုတော့ ဒီ ၂၀၁၀ မှာကတော့ ချက်ချင်း ဒီမိုကရေစီ မရနိုင်ဘူး။ တိုင်းရင်းသားတွေ လိုလားတဲ့ အချက်တွေလည်း ချက်ချင်းရမှာ မဟုတ်ဘူး။

“ဒါပေမဲ့ ပထမလမ်းကြောင်း အနေနဲ့ စဉ်းစားရင်တော့ ဒီဟာက လမ်းရှိနိုင်တယ်။ ဘာကြောင့်လဲဆိုရင် ကျနော်တို့က နှစ်ပေါင်း ၂၀ နအဖကို တိုက်လာတယ်။ တိုက်တဲ့နေရာမှာ သူလည်းမနိုင်၊ ကိုယ်လည်းမနိုင် ဖြစ်နေတယ်။ ဒီလိုမျိုးပဲ ဆက်သွားမယ် ဆိုရင်တော့ တိုင်းပြည်နဲ့ ပြည်သူပြည်သားက ပိုပြီး ဒုက္ခရောက်နိုင်တယ်။ ပြောချင်တာက မကြိုက်ပေမဲ့ ဒီရွေးကောက်ပွဲ ပေါ်လာတော့ ဒီရွေးကောက်ပွဲက တကယ်ပဲ လူထုရဲ့ဆန္ဒကို ဖော်ပြနိုင်ရင်တော့ ပိုအကျိုးရှိနိုင်တယ် ဆိုတဲ့ သဘောနဲ့ ပြောတာ ဖြစ်ပါတယ်။ ဒီဟာကို အသုံးပြုသင့်တယ်လို့ အဲဒီလို မြင်ပါတယ်။”

တိုင်းရင်းသား လူမျိုးများ ကောင်စီ (ENC) ရဲ့ အကြံပေးပုဂ္ဂိုလ် ဦးဟန်ယောင်ဝေကို မစုမြတ်မွန် ဆက်သွယ်မေးမြန်းခဲ့တာ ဖြစ်ပါတယ်။

ထိုင်း၊ မြန်မာ နယ်စပ်တနေရာမှာ မကြာခင်ကပဲ လုပ်ခဲ့တဲ့ ENC နှစ်ပတ်လည် အစည်းအဝေးမှာတော့ ရွေးကောက်ပွဲဟာ ပြည်တွင်းငြိမ်းချမ်းရေးကို ဖော်ဆောင်ပေးနိုင်မှာ မဟုတ်တဲ့အပြင် ပြည်သူလူထုရဲ့ လိုအပ်ချက်တွေကိုလည်း ပြည့်ဝစေမှာ မဟုတ်လို့ ဖွဲ့စည်းပုံကိုရော ရွေးကောက်ပွဲကိုပါ မထောက်ခံနိုင်ဘူးလို့ ပြည်နယ်အသီးသီးက ENC အဖွဲ့ဝင်တွေက ဆုံးဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG