သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်အစိုးရ နဲ့ တိုင်းရင်းသား ပဋိပက္ခ


လွန်ခဲ့တဲ့ (၄၈) နှစ်က စစ်အာဏာသိမ်းကတည်းက ပုံစံအမျိုးမျိုးနဲ့ အုပ်ချုပ်လာခဲ့တဲ့ စစ်အစိုးရတွေဟာ ဗဟိုချုပ်ကိုင်မှု အားကောင်းဖို့ကိုသာ ဦးစားပေးပါတယ်။ တိုင်းရင်းသားတွေရဲ့ တောင်းဆိုခဲ့မှုကို ဂရုမစိုက်တာများပါတယ်။ စစ်အစိုးရ နားလည်တဲ့ အမျိုးသားစည်းလုံးရေးဟာ အမိန့်နာခံရေး ဖြစ်နေတာကြောင့် လက်နက်ကိုင်တော်လှန်တဲ့ တိုင်းရင်းသားအုပ်စုတွေ ပိုမိုများပြားလာပါတယ်။ ၁၉၇၄ မှာ တပါတီ ဆိုရှယ်လစ်အခြေခံ ဥပဒေကို ပြဌာန်းပြီး ချင်း၊ ရခိုင် နဲ့ မွန်ပြည်နယ် သတ်မှတ်ချိန်မှာ လက်နက်ကိုင် တော်လှန်နေတဲ့ တိုင်းရင်းသားအဖွဲ့ပေါင်း (၂၀) ကျော် ရှိနေပါပြီ။ ၁၉၈၈ လူထုအုံကြွမှုကြီး ဖြစ်ပေါ်လာတော့မှ စစ်အစိုးရဟာ တရုတ်-မြန်မာနယ်စပ်က တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ စေ့စပ်ဆွေးနွေးပြီး အပစ်အခတ်ရပ်စဲနိုင်ခဲ့တာ ဖြစ်ပါတယ်။

အခုလည်း ၂၀၀၈ အခြေခံဥပဒေကို တဖက်သတ်ပြဌာန်းပြီး ကိုယ်ပိုင်အုပ်ချုပ်ရေး ပုံစံတွေ ဖော်ပြထားပေမယ့် လက်တွေ့ကတော့ တိုင်းရင်းသား လက်နက်ကိုင်အားလုံးကို ဗမာစစ်တပ် လက်အောက်ခံအဖြစ် သိမ်းသွင်းနေတဲ့အတွက် ဗမာစစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေအကြား အချိန်မရွေး စစ်ဖြစ်နိုင်တဲ့ အခြေအနေကို ရောက်နေပါတယ်။ လက်နက်ပစ္စည်းနဲ့ လူအင်အားများတဲ့ စစ်အစိုးရဟာ တိုင်းရင်းသား ပြဿနာကို လက်နက်နဲ့ မဖြေရှင်းနိုင်ပဲ ဖြစ်နေပါတယ်။ ဒီကြားထဲ စီးပွားရေးပြဿနာကို မဖြေရှင်းနိုင်တဲ့အတွက် တိုင်းသူပြည်သားတွေဟာ ဗမာစစ်အစိုးရကို အယုံအကြည် ကင်းမဲ့လာပါတယ်။

၂၀၀၈ အခြေခံဥပဒေကို ဆန့်ကျင်တဲ့ တိုင်းရင်းသားလူမျိုးစုတွေကို ဗမာစစ်အစိုးရက ဖိနှိပ်ညှင်းပမ်းနှိပ်စက်ပုံနဲ့ ပတ်သက်ပြီး Amnesty International နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ချုပ်က လွန်ခဲ့တဲ့ ဖေဖေါ်ဝါရီလမှာ (၆၆) စာမျက်နှာ အစီရင်ခံစာ ထုတ်ပြန်ထားခဲ့ပါတယ်။ နိုင်ငံရေးလှုပ်ရှားသူ တိုင်းရင်းသား (၇၀၀) ကျော် ပေးတဲ့သတင်း အချက်အလက်ပေါ်မှာ အခြေခံထားတဲ့ အစီရင်ခံစာ ဖြစ်ပါတယ်။ တရုတ်၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ် နယ်စပ်ကို ထွက်ပြေးလာသူတွေကို တွေ့ဆုံမေးမြန်းပါတယ်။ တိုင်းရင်းသားအဖွဲ့အစည်းတွေက ပေးတဲ့ သတင်းတွေကိုလည်း ရယူပါတယ်။ ၂၀၀၈ အခြေခံဥပဒေကို တိုင်းရင်းသားတွေက ပြည်နယ် (၇) ခုစလုံးမှာ နည်းမျိုးစုံနဲ့ ကန့်ကွက်ကြပါတယ်။ စစ်အစိုးရပြောသလို သောင်းသောင်းဖျဖျ ထောက်ခံတာမဟုတ်ဘဲ နေရာအနှံအပြားမှာ ကန့်ကွက်ခဲ့ကြတာ ဖြစ်ပါတယ်။

စစ်အစိုးရရဲ့ လုပ်ရပ်တွေကို သဘောမတူကြောင်း ငြိမ်းချမ်းစွာကန့်ကွက်တဲ့ တိုင်းရင်းသားတွေကို ဖမ်းဆီးထောင်ချပြီး နှိပ်စက်ကြပါတယ်။ တိုင်းရင်းသားအများစုဟာ ၁၉၉၀ ရွေးကောက်ပွဲမှာ အန်အယ်လ်ဒီ ကို ထောက်ခံမဲပေးခဲ့ကြသူတွေ ဖြစ်ပါတယ်။ ဒါကြောင့် အန်အယ်လ်ဒီ သို့မဟုတ် ဒေသခံ နိုင်ငံရေးအဖွဲ့အစည်းတွေနဲ့ ပတ်သက်သူကိုလည်း စစ်အစိုးရက ရန်ရှာပါတယ်။ လက်နက်ကိုင် တိုက်ပွဲဝင်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ပတ်သက်တယ်လိုပ ယူဆတဲ့ တိုင်းရင်းသားအရပ်သားတွေကို အပြစ်ရှာပြီး အပြင်းအထန် အရေးယူပါတယ်။ ဥပမာ SSA (Shan State Army) တောင်ပိုင်းရှမ်းပြည်တပ်မတော် နဲ့ ပတ်သက်တယ်လို့ ဗမာစစ်တပ်က မသင်္ကာတဲ့ တိုင်းရင်းသားအရပ်သားတွေကို နှိပ်စက်ညှဉ်းပမ်း သတ်ဖြတ်ပုံတွေကို လူ့အခွင့်အရေးအဖွဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဗမာစစ်အစိုးရဟာ သူချုပ်ကိုင်လို့မရတဲ့ လူမှုရေး၊ ဘာသာရေး၊ တိုင်းရင်းသား အဖွဲ့အစည်းတွေကို အပြစ်ရှာဖို့ အမြဲတမ်းကြိုးပမ်းနေပါတယ်။ ဒါကြောင့် ခရစ်ယာန်ဘာသာဝင် ကရင်၊ ကချင်၊ ချင်း တိုင်းရင်းသားတွေဟာ စစ်အစိုးရ နှောက်ယှက်တာကို ခံနေရပါတယ်။ ရှမ်းနဲ့ ကရင် တိုင်းရင်းသားတွေရဲ့ စာပေနဲ့ ယဉ်ကျေးမှုကော်မတီတွေကို ၂၀၀၈ ခုနှစ်က မှတ်ပုံတင်ခွင့် ပိတ်ပင်လိုက်ပါတယ်။ တိုင်းနဲ့ ပြည်နယ်တွေအားလုံး စစ်အစိုးရ ဖိနှိပ်ညှဉ်းပမ်း အနိုင်ကျင့်တာ ခံနေကြရပါတယ်။ စီးပွားရေးအခြေခံတွေ တည်ဆောက်တဲ့ စီမံကိန်းတွေကြောင့်လည်း တိုင်းရင်းသားတွေ နစ်နာဆုံးရှုံးနေကြရပါတယ်။

ဥမာ တရုတ်ပြည်နဲ့ ထိုင်းနိုင်ငံကို လျှပ်စစ်ဓါတ်အားရောင်းစားဖို့ ရည်ရွယ်တဲ့ ရေအားလျှပ်စစ် စီမံကိန်းမှာ ရေကာတာ တည်ဆောက်တာဟာ ဒေသခံတိုင်းရင်းသားတွေရဲ့ ဘဝဓလေ့ကို အန္တရာယ်ဖြစ်စေပါတယ်။ မိမိဘဝ ထိခိုက်ပျက်စီးမှာကို စိုးရိမ်လို့ ကန့်ကွက်တာကို စစ်အစိုးရက မညှာမတာ တုံ့ပြန်လေ့ရှိပါတယ်။ ရွေးကောက်ပွဲမှာ တိုင်းရင်းသားဒေသန္တရအစိုးရကို တည်ထောင်ဖို့ အလားအလာရှိပေမယ့် အတိုက်အခံ တိုင်းရင်းသားအုပ်စုတွေ အနိုင်မရအောင် စစ်အစိုးရက ကြံစည်နိုင်တယ်လို့ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့က ဆိုပါတယ်။

ရခိုင်ပြည်နယ် ကျောက်ဖြူက ရွှေဓါတ်ငွေ့နဲ့ ရေနံပိုက်လိုင်း စီမံကိန်း၊ ကချင်ပြည်နယ် ဧရာဝတီမြစ်စုံ ရေကာတာ၊ ရှမ်းပြည်နယ်က တာဆန်းရေကာတာ၊ ကရင်ပြည်နယ်က ဝဲကြီး၊ ဟတ်ကြီး နဲ့ ဒါးဂွင် ရေကာတာ စတဲ့ စီမံကိန်းတွေကို ကန့်ကွက်ဆန္ဒပြကြပေမယ့် အစိုးရတပ်က အလုံးအရင်းနဲ့ နေရာယူပြီး ဒေသခံတေါကို ဖိနှိပ်ထားပါတယ်။ သေနတ်ပြပြီး စီမံကိန်း အကောင်အထည်ဖော်သလို ဖြစ်နေပါတယ်။ ရွေးကောက်ပွဲ နီးလာလေလေ စစ်အာဏာရှင်စနစ် ဆန့်ကျင်သူတွေ အပြင်းအထန် နှိပ်ကွက်ခံရလေလေ ဖြစ်လာမှာ စိုးရိမ်ရတယ်လို့လည်း နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့ က သုံးသပ်ပါတယ်။ ဒါကြောင့် ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ ချုပ်ချယ်ကန့်သတ်ချက်တွေကို ရုတ်သိမ်းပေးဖို့ Amnesty International အဖွဲ့က ဗမာစစ်အစိုးရကို တောင်းဆိုထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG