သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာဒုက္ခသည် မှတ်ပုံတင်ခွင့် တိုးတက်မှုမရှိသေး


ဘင်္ဂလားဒေ့ရှ် မြန်မာနယ်ခြား Cox's Bazar အနီး ကူးတုပလောင် (Kutupalong) နဲ့ လီဒါ (Leda) လို့ခေါ်တဲ့ ဒုက္ခသည် စခန်း ၂ ခုမှာ ဒုက္ခသည်အဖြစ် တရားဝင် မှတ်ပုံတင် မထားရသေးတဲ့ ရိုဟင်ဂျာ ၄၂,၀၀၀ လောက် ရှိပါတယ်။ ဒီရိုဟင်ဂျာတွေက မြန်မာနိုင်ငံဘက်မှာ စစ်တပ်ရဲ့ နှိပ်စက်ညှဉ်းပမ်းမှုတွေကြောင့်ဆိုပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးလာကြသူတွေပါ။ ဘင်္ဂလားဒေ့ရှ် ရဲတွေကလည်း ဒီနှစ်ဆန်းကစပြီး သူတို့ကို ဖမ်းဆီး၊ မြန်မာနိုင်ငံဘက်ကို အတင်းအကြပ် ပြန်ပို့တာတွေ လုပ်ခဲ့ပါတယ်။ အစားအသောက် မလုံလောက်ပေမဲ့ ဒုက္ခသည်စခန်းတွေမှာပဲ နေရာတာဟာ ဘေးကင်းလုံခြုံပါတယ်လို့ ပြောနေကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေအကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံက Remy Favre သတင်းပေးပို့ထားတာကို ကိုသိန်းထိုက်ဦး တင်ပြထားပါတယ်။

ရွှံ့နဲ့ဆောက်ထားတဲ့ လက်လုပ်တဲလေးတွေနဲ့ ဖြစ်သလိုမိုးကာပြီး နေနေကြတဲ့ ဘင်္ဂလားဒေ့ရှ်နယ်ခြား ကော့ဆက်ဘဇား အနီး ကူးတုပလောင် ရိုဟင်ဂျာ ဒုက္ခသည်စခန်းထဲမှာ ပြီးခဲ့တဲ့ ၄ နှစ်အတွင်း ခလေးအရေအတွက် ၂၅ ရာခိုင်နှုန်း ပိုပြီး များလာခဲ့ပါတယ်။ လူတွေက အပြင်ကိုလည်း သွားလို့မရ၊ အလုပ်လုပ်ခွင့်လည်း မရှိကြတော့ ဒီရွံနဲ့ ဆောက်ထားတဲ့ တဲအိမ်လေးတွေထဲမှာပဲ နှစ်နဲ့ချီပြီး နေ့စဉ်ဘဝတွေ ဖြတ်သန်းခဲ့ရတာပါ။

မိုးရာသီဆိုရင် တချို့နေရာတွေ ရေလွှမ်းတတ်တော့ ဒီဒုက္ခသည်စခန်းက ရွှံ့တဲလေးတွေ ရေထဲမြှုပ်သွားတတ်လို့ ထပ်ပြီး ခိုကိုးရာမဲ့ဘ၀ ရောက်ရသူူတွေလည်း ရှိပါတယ်။ ဒုက္ခသည် ၃၀,၀၀၀ လောက်အတွက် အိမ်သာ ၄၀၀ လောက်သာရှိတဲ့ စခန်းထဲမှာ အရေပြားရောဂါ၊ ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်တဲ့သူတွေလည်း အများအပြားပါ။ Fatima လို့ခေါ်တဲ့ အသက် ၁၉ နှစ်အရွယ် ရိုဟင်ဂျာဒုက္ခသည် မိန်းခလေးက သူတို့မှာ အစားအစာ လုံလုံလောက်လောက် မရှိတဲ့အကြောင်း ပြောပြပါတယ်။

"ကျမ ထမင်းကောင်းကောင်း မစားရတာ ၁၅ ရက် ရှိပါပြီ။ ဆန်မှုန့်နဲ့ပြုတ်ထားတဲ့ ဆန်ပြုတ်ကိုပဲ တရက် တနပ်၊ တရပ် နှစ်နှပ် စားနေရပါတယ်။ အလ္လာပေးတဲ့ အသက်ပဲရှိတော့တာပါ။ ကျမညီမကတော့ ပြီးခဲ့တဲ့ ၁၅ ရက်လောက်ကတည်းက အပြင်ထွက်ပြီး အလုပ်လုပ်မယ်ဆိုပြီး စခန်းထဲကနေ ထွက်သွားပါတယ်။ အခုအထိတော့ ပြန်မရောက်လာသေးပါဘူး။ ကျမလည်း အဲဒီအချိန်ကတည်းက သူ့ကို မတွေ့တော့တာပါ။"

အစိုးရလက်အောက်ခံ မဟုတ်တဲ့အဖွဲ့အစည်းတွေကလည်း ရိုဟင်ဂျာတွေကို အစားအစာ အကူမညီ မပေးနိုင်ကြပါဘူး။ အပြင်ကိုထွက်ပြီး အလုပ်လုပ်ဖို့ ကြိုးစားကြတဲ့ ဒုက္ခသည်တွေကို ဒီနှစ်ဆန်းကစပြီး ဘင်္ဂလားဒေ့ရှ်ရဲတွေက စစ်ဆေးရေး စခန်းတွေ၊ ဂိတ်တွေဖွင့်ပြီး ရိုဟင်ဂျာ ဒုက္ခသည်တွေကို ကြပ်ကြပ်မတ်မတ် ဖမ်းဆီးနေပါတယ်။ တချို့ဖမ်းဆီးခံရသူတွေ ဆိုရင် ရဲတွေ ရိုက်နှက်တာလည်း ခံရတယ်လို့ ပြောပါတယ်။ ဒီလို ဖမ်းဆီးရိုက်နှက်တဲ့ကြားက မဖြစ်မနေ ထွက်ပြီး အလုပ်လုပ်နေကြရပါတယ်လို့ ရိုဟင်ဂျာဒုက္ခသည် အဖွားအိုတယောက် ဖြစ်တဲ့ Lalu က ပြောပါတယ်။

"မနက်စောစောကတည်းက ထင်းရှာဖို့ အဝေးကြီးမှာ ကျမ သွားရပါတယ်။ အခုမှ ပြန်ရောက်တာပါ။ ဒီထင်းတွေကို ရောင်းတော့ တာကာ ၅၀ ရပါတယ်။ သွားရတဲ့နေရာက အန္တရာယ်တော့ ကြီးပါတယ်။ အဖမ်းခံရတယ်။ အမျိုးသမီးတွေ မုဒိန်းကျင့်ခံရတယ်။ မနေ့က ဒီနားက ရွာသားတွေက ကျမကို ရိုက်လွှတ်လိုက်တယ်။ ဒီမှာ ဒဏ်ရာတွေ ကြည့်ပါအုံးရှင်။"

ဒီလိုဒဏ်ရာနဲ့ ပြန်လွတ်မြောက်လာတဲ့သူတွေ ရှိပေမဲ့ တချို့ကတော့ ဘင်္ဂလားဒေ့ရှ် ရဲတွေ ဖမ်းပြီး အချုပ်ချတာကို ခံရပါတယ်။ အချုပ်ထဲမှာ လူတွေက ပြည့်ကြပ်နေတယ်၊ ထိုင်ဖို့တောင် အခက်အခဲရှိတယ်လို့ ပြန်လည် လွတ်မြောက်လာတဲ့ Abudlushi ဆိုတဲ့ လူငယ်တယောက်က ပြောပါတယ်။ ရဲတွေကို ပိုက်ဆံပေးနိုင်ရင်တော့ လွတ်တယ်လို့ သူက ဆိုပါတယ်။

"ကျနော့်ကိုပြန်လွတ်ဖို့ ရဲတွေကို ငွေပေးခဲ့ရပါတယ်။ ကျနော့် အဖေနဲ့ အမေက ဒီ ရွာသားတွေဆီက ငွေချေးပြီး ရဲတွေကို ပေးခဲ့ရတာပါ။ အတိုးနှုန်းက ၁၀၀ ကို ၁၅၀ တိုးနဲ့ ယူခဲ့ရတာပါ။ - လို့ သူက ပြောသွားတာပါ။

ရိုဟင်ဂျာတွေ အရေး စောင့်ကြည့်လေ့လာနေတဲ့ NGO အဖွဲ့တခုကတော့ ဒီနှစ် ဇန္နဝါရီလထဲမှာ ရိုဟင်ဂျာ ၃၀၀ လောက်ကို မြန်မာနိုင်ငံဘက်ကို ရဲတွေကဖမ်းပြီး အတင်းအကျပ် ပြန်ပို့ခဲ့တယ်လို့ ပြောပါတယ်။

ဒီလိုအခက်အခဲတွေကြားမှာ ဒေသခံတွေနဲ့ ရိုဟင်ဂျာတွေအကြား တင်းမာမှုတွေကလည်း ရှိနေပါတယ်။ ရိုဟင်ဂျာတွေက သူတို့ကို ဘင်္ဂလားဒေ့ရှ် ရဲတွေ၊ သစ်တောအရာရှိတွေ ရဲတွေ ဖမ်းတိုင်း ဒေသခံ ဘင်္ဂလားဒေ့ရှ်ရွာသားတွေက တိုင်လို့ဆိုပြီး မကြေမနပ် ဖြစ်နေကြပါတယ်။

ဒုက္ခသည်စခန်းနဲ့ သိပ်မဝေးတဲ့ ရွာတွေနားက လဘက်ရည်ဆိုင်တခုမှာ ဒေသခံ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ရွာသားတချို့က ရိုဟင်ဂျာ ဒုက္ခသည်တွေနဲ့ တွေ့ခဲ့ရတဲ့အကြောင်းတွေကို ပြန်ပြောပြပါတယ်။

"ကျနော်က တောထဲမှာ ထင်းသွားရှာတာပါ။ ရိုဟင်ဂျာတွေနဲ့တွေ့တော့ သူတို့က လက်ထဲက ကျနော့်ရဲ့ ဓါးကောက်ကို ချခိုင်းပြီး ဘာမပြောညာမပြောနဲ့ ကျနော့်ကို ထိုးပါတယ်။ ကျနော့်ကို ကန်ပါတယ်။ ကျနော်က ကျနော့်ကို မသတ်ဖို့ တောင်းပန်တော့၊ ရိုက်နှက်ပြီး တောထဲမှာ ထားခဲ့ပါတယ်။"

နောက်ဒေသခံ ရွာသားတယောက်ကတော့ ရဲတွေကို ငွေပေးပြီး ပြန်လွတ်လာတဲ့ ရိုဟင်ဂျာတွေက သူ့ဆီကိုလာပြီးတော့ ရဲတွေကို သတင်းပေးခ ဘယ်လောက်ရသလဲဆိုပြီး လာစစ်ဆေးတာခံခဲ့ရတဲ့အကြောင်း ပြန်ပြောပြပါတယ်။

ဒီလိုဒေသခံတွေနဲ့ အဆင်မပြေဖြစ်နေတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ၊ တရားဝင် မှတ်ပုံ မတင်ရသေးတဲ့ ရိုဟင်ဂျာတွေကို ဒုက္ခသည်စခန်းထဲမှာ မှတ်ပုံတင်ခွင့်ပေးဖို့ ဘင်္ဂလားဒေ့ရှ် အစိုးရက စဉ်းစားနေပါတယ်။ ဒါပေမဲ့လည်း ဒီလိုဆွေးနွေးခဲ့တာ သီတင်းပတ် တော်တော်များများ ကြာခဲ့ပေမဲ့ အခုအချိန်ထိတော့ ရိုဟင်ဂျာတွေကို မှတ်ပုံတင်ရေးကိစ္စ တိုးတက်မှု ဘာမှ မရှိသေးတဲ့အကြောင်း UNHCR ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက ပြောဆိုပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG