သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗီယက်နမ်-မြန်မာ စီးပွားကုန်သွယ်စာချုပ်များ ချုပ်ဆို


ဗီယက်နမ်ဝန်ကြီးချုပ် ငုယင်တန်ဒေါင်းဟာ မြန်မာနိုင်ငံကို သုံးရက်ကြာခရီး လာရောက်ပြီး သောကြာနေ့က နေပြည်တော်မှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်နဲ့ တခြား အဆင်မြင့်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ အခုလာရောက်ခဲ့တဲ့ မြန်မာနိုင်ငံခရီးစဉ်အတွင်း ဗီယက်နမ်-မြန်မာ ကုန်သွယ်ရေး ရင်းနှီးမြှုပ်နှံရင်းနဲ့ ခရီးသွားလာရေးဆိုင်ရာ သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြတယ်လို့ ဗီယက်နမ်အစိုးရသတင်းမှာ ဖော်ပြထားပါတယ်။

နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာမှာ လက်မှတ်ရေးထိုးခဲ့တဲ့အထဲမှာ ရင်းနှီးမြှုုပ်နှံမှု မြှင့်တင်ရေး၊ စိုက်ပျိုးရေး၊ ရေလုပ်ငန်း၊ ဘဏ်လုပ်ငန်းနဲ့ တခြား စီးပွားရေးလုပ်ငန်းဆိုင်ရာတွေ ပါဝင်ကြောင်းလည်း ဖော်ပြထားပါတယ်။ ဘဏ်လုပ်ငန်းဆိုင်ရာ ထဲမှာ ဗီယက်နမ်ဘဏ်တွေ မြန်မာနိုင်ငံတွင်း ရင်းနှီးမြှုပ်နှံခွင့်လိုင်စင် ချပေးဖို့နဲ့ မြန်မာနိုင်ငံတွင်းမှာ ဖွင့်ခွင့်ပေးဖို့အတွက် တောင်းဆိုထားပြီး ဗီယက်နမ်-မြန်မာ တိုက်ရိုက်လေကြောင်းလိုင်း ပြေးဆွဲဖို့ပါ ပါဝင်ပါတယ်။

ဗီယက်နမ်နဲ့ မြန်မာ နှစ်နိုင်ငံဟာ မကြာခင်နှစ်တွေအတွင်း ဆက်ဆံရေးတိုးမြှင့်မှုတွေ လုပ်ဆောင်လာပြီး နှစ်နိုင်ငံ စစ်ရေးနဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဖို့အတွက် သဘောတူလက်မှတ်ရေးထိုးမှုတွေပါ ရှိလာခဲ့ပါတယ်။ နှစ်နိုင်ငံ ကုန်သွယ်ရေး ဟာလည်း ၂၀၀၈ ခုနှစ်ထဲမှာ အမေရိကန်ဒေါ်လာ ၁၀၈ သန်းအထိ ရောက်လာတာကို တွေ့ရပါတယ်။

ဗီယက်နမ်နိုင်ငံဟာ ရှေ့သီတင်းပတ်ထဲမှာ အာဆီယံ ထိပ်သီးအစည်းအဝေးကို လက်ခံကျင်းပမှာဖြစ်ပြီး အခုအစည်းအဝေး မတိုင်ခင် ရက်ပိုင်းအတွင်းမှာ ဝန်ကြီးချုပ်က မြန်မာနိုင်ငံခရီးကို သွားရောက်ခဲ့တာပါ။

အာဆီယံခေါင်းဆောင်တွေဟာ မြန်မာစစ်အစိုးရ မကြာသေးခင်က ထုတ်ပြန်ခဲ့တဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေပါ ကန့်သတ်မှုတွေနဲ့ ဒီနှစ်ထဲမှာ ကျင်းပဖို့ပြင်နေတဲ့ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ဆွေးနွေးဖို့ရှိတယ်လို့ မျှော်လင့်ရပါတယ်။ ဒီဥပဒေတွေကနေ အကျဉ်းကျနေတဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးလုပ်ဆောင်သူတွေ ပါဝင်ခွင့်မရှိဘဲ တရားမျှတမှု မရှိတာကြောင့် ရွေးကောက်ပွဲအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဲန်အယ်လ်ဒီ က မှတ်ပုံမတင်ဘူးလို့ ကြေညာခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG