သုံးရလွယ်ကူစေသည့် Link များ

ကမ္ဘာတ၀န်း ခရစ်တော် ရှင်ပြန်ထမြောက်တော်မူနေ့ ဆုတောင်းပွဲ ဆင်နွှဲ


ဒီကနေ့ဟာ ခရစ်ယာန် ဘာသာဝင်တွေ အထွဋ်အမြတ်ထားတဲ့ Easter Sunday နေ့ ဖြစ်တာမို့ ခရစ်ယာန်ဘာသာရဲ့ သမိုင်းဝင်မြို့ဖြစ်တဲ့ ဂျေရုဆလင် (Jerusalem) မြို့ တခွင်မှာ အထိမ်းအမှတ် အခမ်းအနားတွေ ကျင်းပခဲ့ကြပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဂျေရုဆလင်မြို့က ဗွီအိုအေ သတင်းထောက် ရောဘတ် ဘာဂါ (Robert Berger) ပေးပို့ထားတဲ့ သတင်းနဲ့အတူ မြန်မာနိုင်ငံ အပါအ၀င် ကမ္ဘာတ၀န်းက ခရစ်ယာန် ဘာသာဝင်တွေ Easter တနင်္ဂနွေနေ့မှာ ဘယ်လို အခမ်းအနားတွေ၊ ၀တ်ပြုဆုတောင်းပွဲတွေ လုပ်ခဲ့ကြသလဲ ဆိုတာကို နော်ရှိုးက တင်ပြပေးထားပါတယ်။

ဒီနေ့ Easter တနင်္ဂနွေနေ့မှာ ဂျေရုဆလင်မြို့ဟောင်းက the Church of the Holy Sepulcher ဆိုတဲ့ ဘုရားရှိခိုးကျောင်းမှာ the Ceremony of Holy Fire သန့်ရှင်းသော ၀ိညာဉ်တော် မီးပွဲတော်ကို ကျင်းပဖို့ ခရစ်ယာန် ဘာသာဝင် အမြောက်အမြား စုဝေးခဲ့ကြပါတယ်။ အထူးသဖြင့် Orthodox Christian ခေါ် ရှေးရိုး ထုံးတမ်းအတိုင်း ၀တ်ပြုကိုးကွယ်ကြတဲ့ ခရစ်ယာန် ဘာသာဝင်တို့ လာရောက်ကြတာပါ။ Orthodox ခရစ်ယာန်တို့ နှစ်ပေါင်း ၁,၂၀၀ နီးပါးမျှ ကျင်းပလာခဲ့တဲ့ အစဉ်အလာအတိုင်း ဘုရားကျောင်းတခုလုံး ပိန်းပိတ်လို့ မှောင်သွားတဲ့ အခါမှာ ခရစ်ယာန် ဘုန်းတော်ကြီးတွေက သခင်ယေရှုခရစ်တော် ကားတိုင်ပေါ်မှာ အသတ်ခံရပြီး မြှုပ်နှံခဲ့တဲ့ ရှေးဟောင်းအုတ်ဂူကြီး ရှိရာကို ၀င်ရောက်သွားကြပါတယ်။ အဲဒီနောက် မကြာမီပဲ ဘုန်းတော်ကြီးတွေက သန့်ရှင်းသော ၀ိညာဉ်တော်နဲ့ ထွန်းညှိထားတယ်ဆိုတဲ့ ဖယောင်းတိုင်တွေ ကိုင်ဆောင်ပြီး အုတ်ဂူထဲကနေ ရုတ်တရက် ပြန်ထွက်လာခဲ့ပါတယ်။

ဘုန်းတော်ကြီးတွေ ကိုင်ဆောင်ထားတဲ့ ဖယောင်းတိုင်မီးတွေက အုတ်ဂူရဲ့ပြင်ပမှာ ထောင်နဲ့ချီတဲ့ ၀တ်ပြု ဆုတောင်းသူတွေ ကိုင်ဆောင်ထားတဲ့ ဖယောင်းတိုင်တွေစီ တဆင့်ပြီးတဆင့် ပျံ့နှံ့သွားခဲ့ရာမှာ လူအုပ်ကြီးက ချီးမွမ်းဩဘာတွေ ပေးခဲ့ကြပါတယ်။ ဒီဖြစ်ရပ်ကတော့ သခင်ယေရှုဟာ လောကရဲ့အလင်း ဖြစ်တယ်ဆိုတာကို ဖော်ဆောင်တာ ဖြစ်သလို သရုပ်ပေါ်စေတာလည်း ဖြစ်ပါတယ်။ Orthodox ခရစ်ယာန် ဘာသာဝင်ပေါင်း သန်း ၂၀၀ ကျော်ကို ချိတ်ဆက်ပေးတဲ့ ၀ိညာဉ်ရေးရာ နိုးထစေမယ့် အစီအစဉ်နဲ့ ၀ိညာဉ်တော်မီး ထွန်းညှိထားတဲ့ ဒီမီးလျှံကို ဂျေရုဆလင်မြို့က လေယာဉ်နဲ့ ရုရှားနိုင်ငံ မော်စကိုမြို့တော်၊ ဂရိနိုင်ငံ အေသင်မြို့တော်နဲ့ တခြားမြို့တော်တွေဆီ တမြို့ပြီးတမြို့ သယ်ဆောင်သွားခဲ့ကြတာလည်း ဖြစ်ပါတယ်။

ဂျေရုဆလင်မြို့ဟောင်းမှာ ကျင်းပတဲ့ Easter တနင်္ဂနွေနေ့ အခမ်းအနားကို ဆားဘီးယား၊ ရုရှား၊ အာမေးနီးယားနဲ့ ဂရိ စတဲ့ နိုင်ငံတွေ အပါအ၀င် ကမ္ဘာတ၀န်းက ခရစ်ယာန် ဘာသာဝင်တွေ လာရောက်ခဲ့ကြပါတယ်။ အဲဒီထဲကမှ ဂရိနိုင်ငံ အေသင်က ရောက်လာတဲ့ ရာဆီယာ ကတ်ဆာရော့စ် (Rasia Katsaros) က သူ့ရဲ့ အတွေ့အကြုံကို အခုလို ပြောပြပါတယ်။

“ကျမ်းစာထဲမှာ ဖြစ်ပျက်ခဲ့တဲ့ နေရာတွေကို မျက်ဝါးထင်ထင် တွေ့မြင်ရတော့ စိတ်ထဲမှာ ဒါတွေဟာ တကယ်ပဲ ဖြစ်ခဲ့ပါလား ဆိုတာကို ပိုပြီး ခံစားမိပါတယ်။ ကျမရဲ့ ယုံကြည်ခြင်းကိုလည်း ပိုပြီး အားသစ်လောင်းလိုက်သလို ဖြစ်စေပါတယ်၊ ကျမရဲ့ ယုံကြည်ခြင်းကို ပိုပြီး ခိုင်မာစေပါတယ်။”

ဒီ Easter အခမ်းအနားကို လူပေါင်း ထောင်နဲ့ချီ လာရောက်ကြတာမို့ ဂျေရုဆလင်မြို့ဟောင်းနဲ့ တ၀ိုက်မှာတော့ အစ္စရေးရဲနဲ့ စစ်သား ၂,၅၀၀ လောက်ကို လုံခြုံရေးအတွက် တပ်ချထားရပါတယ်။ ကမ္ဘာတ၀န်းက ခရစ်ယာန် ဘာသာဝင်တွေလည်း Easter တနင်္ဂနွေနေ့ ၀တ်ပြုဆုတောင်းပွဲ အခမ်းအနားကို မနက်စောစော နေမထွက်မီ အရုဏ်ဦးအချိန်မှာ ကျင်းပမြဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံတ၀န်းက ခရစ်ယာန် ဘာသာဝင်တွေလည်း အလားတူ သခင်ယေရှု ရှင်ပြန်ထမြောက်ခဲ့ရာ တနင်္ဂနွေနေ့မှာ အရုဏ်ဦး ၀တ်ပြုဆုတောင်းပွဲတွေ ပြုလုပ်ခဲ့ကြတဲ့ အကြောင်းကို ကယားပြည်နယ် ဆော်ဘောသဲ အသင်းတော်က သိက္ခာတော်ရ ဆရာတော်လည်းဖြစ်၊ ခရစ်ယာန် စာပေလောကမှာ စာရေးဆရာ ကိုမေတ္တာအဖြစ် လူသိများတဲ့ ဆရာစောမင်းလွင်က ဗွီအိုအေ မြန်မာပိုင်းကို အခုလို ပြောပြပါတယ်။

“မြန်မာပြည်မှာတော့ Easter Sunday နဲ့ ပတ်သက်ပြီးတော့ ဆရာတို့က မနက်ဆားဗစ်ဆို အင်မတန်မှ ပျော်စရာ ကောင်းပါတယ်။ တခါတရံမှာ အသင်းတော်တွေ စုပေါင်းပြီးတော့မှ ၀တ်ပြုကိုးကွယ်ကြတာ ရှိတယ်၊ ရှင်ပြန် ထမြောက်နေ့ကို ကြိုဆိုကြတာ ရှိတယ်။ ဒါတင်မက ကျနော်တို့ အသင်းထောက်တပါးအဖြစ် အနေနဲ့ကလည်း ဒီ ရှင်ပြန်ထမြောက်ရာနေ့မှာ ဆိုရင် မနက်စောစော မိုးမလင်းခင်မှာ နေရောင်ရဲ့ အလင်းရောင်ကို ကြိုဆိုပြီးတော့မှ သခင်ယေရှု ရှင်ပြန်ထမြောက်တဲ့ဟာ မနက်မိုးသောက် အလင်းရောင်နဲ့အတူ ကျနော်တို့ ကြိုဆိုရတာ အင်မတန်မှ ပျော်စရာကောင်းတဲ့ အတွေ့အကြုံတခုလို့ ပြောပြချင်ပါတယ်။ ဆရာတို့ရွာမှာဆိုရင်တော့ ဂူကြီးတခုမှာ သွားပြီးတော့မှ ၀တ်ပြုကိုးကွယ်လေ့ ရှိတယ်။”

Easter တနင်္ဂနွေနေ့ရဲ့ အနှစ်သာရနဲ့ ပတ်သက်ပြီးတော့လည်း ဆရာစောမင်းလွင်က အခုလို ရှင်းပြပါတယ်။

“Easter Sunday ရဲ့ အနှစ်သာရ နှစ်ခုကတော့ ကျနော် ဒီလိုမြင်ပါတယ်။ ပထမတခုကတော့ သခင်ယေရှု ရှင်ပြန်ထမြောက်တာကို သူ့ရဲ့ တပည့်တော်တွေက မြင်တဲ့အခါမှာ သူ့ရဲ့တပည့်တော် သောမတ်စ်က သူ မျက်စိနဲ့တွေ့မှပဲ ယုံနိုင်မယ်လို့ ပြောတယ်။ နောက်ဆုံး သခင်ယေရှု ရှင်ပြန်ထမြောက်တာကို သောမတ်စ်ကို သူ့ရဲ့ နံဘေးတော်မှာရှိတဲ့ ဒဏ်ချက်တွေနဲ့ လက်ဖ၀ါးမှာရှိတဲ့ ဒဏ်ချက်တွေကို သခင်ယေရှုက ကိုယ်ထင်ရှား ပြတဲ့အခါမှာ သူက ယုံကြည်ခြင်း ရသွားတယ်။

“နောက်တချက်ကတော့ အသက်ရှင်တဲ့ ဘုရားသခင်ကို ကိုးကွယ်တဲ့ ကျနော်တို့ ခရစ်ယာန်တွေဟာ ဘ၀မှာ သေနေတဲ့လူတွေ မဖြစ်ဖို့၊ အမြဲတမ်း ရှင်သန်နေဖို့ အရေးကြီးတယ်ဆိုတာ ပြောချင်ပါတယ်။”

ဝါရှင်တန်ဒီစီမြို့က လင်ကွန်း မန်မိုရီယယ်လို့ခေါ်တဲ့ သမ္မတဟောင်း အေဘရာဟင်မ် လင်ကွန်းကို ဂုဏ်ပြုတဲ့အနေနဲ့ ဆောက်လုပ်ထားတဲ့ အဆောက်အဦး ရှေ့မှောက်မှာလည်း နှစ်စဉ် မနက် ၆ နာရီခွဲမှာ ခရစ်ယာန် ဘာသာဝင်တွေ စုဝေးပြီး Easter တနင်္ဂနွေနေ့ ဆုတောင်း စည်းဝေးပွဲကို ကျင်းပမြဲ ဖြစ်ပါတယ်။ နှစ်စဉ် လူပေါင်း ၃,၀၀၀ ကနေ ၅,၀၀၀ အထိ တက်ရောက်ပြီး နာမည်ကြီး တရားဟောဆရာတွေ၊ နာမည်ကြီး ခရစ်ယာန် ဂီတပညာရှင်တွေ၊ တီးဝိုင်းတွေလည်း ပါဝင်ကြစမြဲ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG