သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မဲခေါင်မြစ် ထိန်းသိမ်းရေး ပူးပေါင်းဆောင်ရွက်သွားဖို့ အဖွဲ့ဝင်နိုင်ငံတွေ သဘောတူ


မဲခေါင်မြစ်ဝှမ်းဒေသရဲ့ နိုင်ငံခေါင်းဆောင်တွေက မဲခေါင်မြစ်ရေ ရေအရင်းအမြစ်ကို ခွဲေ၀ အသုံးပြုနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရေး တိုးပြီး လုပ်ဆောင်ကြဖို့ ထိုင်းနိုင်ငံမှာ ကျင်းပနေတဲ့ မဲခေါင် ထိပ်သီး ညီလာခံကနေ သဘောတူလိုက်ကြပါတယ်။ မဲခေါင်မြစ်ရေက အနှစ် ၅၀ အတွင်း မကြုံစဘူး အနိမ့်ဆုံးအဆင့်အထိ လျော့ကျခဲ့ပြီး မြစ်ရေ ခန်းခြောက်လုနီးပါး အခြေစိုက်ခဲ့ရပြီးနောက် အခုလို ပူးပေါင်းဆောင်ရွက်ကြဖို့ သဘောတူလိုက်ကြတာ ဖြစ်ပါတယ်။

မဲခေါင်မြစ်ကြောတလျှောက် ရေဆန်ကိုပိတ်ပြီး တရုတ်နိုင်ငံဘက်က ရေကာတာ စီမံကိန်းတွေ လုပ်နေတဲ့ သတင်းအချက်အလက်တွေ ထုတ်ပြန်ရေးအတွက်လည်း ဝိုင်ဝန်း ဖိအားပေးနေကြပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်လို့ မဲခေါင် ထိပ်သီးညီလာခံ ကျင်းပနေတဲ့ ထိုင်းနိုင်ငံ ဝှာဟင်း အပန်းဖြေစခန်းကနေ ဗွီအိုအေ သတင်းထောက် ဒန်နီယယ် ရှာ့ဖ် (Daniel Schearf) သတင်းပေးပို့ထားတာကို ဒေါ်ခင်စိုးဝင်းက တင်ပြပေးထားပါတယ်။

မဲခေါင်မြစ်ရေကို အသုံးချပြီး စီးပွားရေး အကျိုးခံစားခွင့်တွေ ရရှိနေကြတဲ့ နိုင်ငံတွေ အနေနဲ့ မျှမျှတတ ဖြစ်စေဖို့နဲ့ မဲခေါင်မြစ်ဝှမ်းဒေသမှာ မှီတင်းနေထိုင်ကြတဲ့ သန်းပေါင်းများစွာသော လူဦးရေရဲ့ လူနေမှု ဘဝတွေကို အကာအကွယ် ပေးဖို့အတွက် ပူးပေါင်းဆောင်ရွက် သွားကြမယ်လို့ ကမ္ဘောဒီးယား၊ လာအို၊ ထိုင်းနဲ့ ဗီယက်နမ် နိုင်ငံတွေရဲ့ ဝန်ကြီးချုပ်တွေက သဘောတူလိုက်ကြတာ ဖြစ်ပါတယ်။

မဲခေါင်မြစ်ရဲ့ ရေအရင်းအမြစ်တွေကို စီမံခန့်ခွဲရာမှာ ပူးတွဲ တာဝန်ခံကြဖို့ အရေးကြီးတယ် ဆိုတာကို အိမ်ရှင် ထိုင်းဝန်ကြီးချုပ် အဘီဆစ် ဝိတ်ဂျာဂျီ၀ (Abhisit Vejjajiva) က အခုလို အလေးအနက် ပြောဆိုလိုက်ပါတယ်။

“ကမ္ဘာ့ဥတုရာသီ အပြောင်းအလဲရဲ့ အကျိုးသက်ရောက်မှုကြောင့်ရော၊ ရေအသုံးပြုနိုင်ရေးကို ရေရှည် မထိန်းထားနိုင်တာကြောင့်ပါ အကြီးအကျယ် ပြဿနာတက်မယ့် အန္တရာယ် ကြုံနေရတဲ့ အချိန်မှာ အဆင့်မြင့် ခေါင်းဆောင်တွေ ပူးပေါင်းဆောင်ရွက်ကြဖို့ သဘောတူညီကြတာ အချိန်ကိုက်ပါပဲ။ မကြုံစဘူး မဲခေါင်မြစ်ရေ ကျနေတာ၊ ရေပြတ်လပ်မှု ကြုံနေကြရတာ၊ ပတ်ဝန်းကျင် ညစ်ညမ်းမှု ဖြစ်နေရတာတွေနဲ့ သဘာ၀ အရင်းအမြစ်တွေ ခန်းခြောက်တာတွေကို ကျနော်တို့ မျက်ဝါးထင်ထင် တွေ့နေကြရတာပါဗျာ။”

ဒီနှစ်ထဲမှာပဲ တရုတ်နိုင်ငံ တောင်ပိုင်းနဲ့ အရှေ့တောင်အာရှ ဒေသမှာ မိုးခေါင်ရေရှားမှုကြောင့် မဲခေါင်မြစ်ရေဟာ အနှစ် ၅၀ အတွင်း မကြုံစဘူး လျော့ကျခဲ့ပါတယ်။ တရုတ်နိုင်ငံမှာ မဲခေါင်မြစ်ကြောရဲ့ ရေဆန်ကို ပိတ်ပြီး ရေကာတာတွေ ဆောက်လုပ်နေတာတွေကို သတင်းအချက်အလက်တွေ ထိန်ချန်ထားတယ်လို့ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လှုပ်ရှားသူတွေနဲ့ လယ်သမားတွေက ဝေဖန် ပြစ်တင်နေကြပါတယ်။

ဒီ မဲခေါင် ထိပ်သီးညီလာခံကို တက်ရောက်လာတဲ့ တရုတ်နိုင်ငံကတော့ သူတို့ရဲ့ မဲခေါင်မြစ် ရေကာတာ စီမံကိန်းတွေနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို ဒီညီလာခံမှာ မဆိုစလောက် တင်ပြခဲ့ပေမဲ့ ရှေ့လျှောက် ပုံမှန် သတင်းတွေပေးမယ်၊ ဘယ်လိုစီမံကိန်းတွေ ရှိတယ် ဆိုတာကိုတော့ ထုတ်ဖော် ပြောဆိုခြင်း မရှိပါဘူး။

မဲခေါင် ထိပ်သီးညီလာခံကို တက်ရောက်လာတဲ့ တရုတ်နိုင်ငံရဲ့ ကိုယ်စားလှယ် ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ဆွန်တောဝ် (Song Tao) က မဲခေါင်မြစ်နဲ့ ပတ်သက်တဲ့ တရုတ်နိုင်ငံရဲ့ ရပ်တည်ချက်ကို ခုခံကာကွယ် ပြောဆိုသွားပါတယ်။

“တရုတ်အစိုးရ အနေနဲ့ မဲခေါင်မြစ်ရေ ရေအရင်းအမြစ်ကို ကျိုးကြောင်းဆီလျော်စွာ၊ သင့်တင့်လျောက်ပတ်စွာ၊ ရေရှည်တည်တံ့မယ့် ဖွံ့ဖြိုးမှုတွေကို စနစ်တကျ စီမံကိန်းတွေ ချပြီး လုပ်ကိုင်နေပါတယ်။ မဲခေါင်မြစ်ကြော အောက်ပိုင်းက နိုင်ငံတွေရဲ့ အကျိုးစီးပွား အတွက်လည်း အပြည့်အ၀ ဖြည့်ဆည်းပေးဖို့ တာဝန်ရှိတယ်။” လို့လည်း ပြောဆိုသွားပါတယ်။

မဲခေါင်ထိပ်သီး ညီလာခံကို ကမကထလုပ်တဲ့ MRC ခေါ် မဲခေါင်မြစ် ကော်မရှင်ကတော့ တရုတ်နိုင်ငံကသာ သူတို့ရဲ့ ရေကာတာ စီမံကိန်းတွေနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို ပုံမှန် ပံ့ပိုးသွားမယ်ဆိုရင် မြစ်ကြောအောက်ပိုင်းမှာ မှီတင်းနေထိုင်ကြတဲ့ ဒေသခံတွေ အနေနဲ့ အပြောင်းအလဲတွေအတွက် ကြိုတင် ပြင်ဆင်မှုတွေကို လုပ်ထားနိုင်မှာ ဖြစ်တယ်လို့ ပြောဆိုပါတယ်။

MRC မဲခေါင်မြစ် ကော်မရှင် အဖွဲ့ဝင် နိုင်ငံတွေဖြစ်တဲ့ ကမ္ဘောဒီးယား၊ လာအို၊ ထိုင်းနဲ့ ဗီယက်နမ် နိုင်ငံတို့ကတော့ မဲခေါင်မြစ်ရေကနေ ရေရှည်တည်တံ့မယ့် ရေအားလျှပ်စစ် စီမံကိန်း တိုးပြီး ထုတ်လုပ်ဖို့အတွက် သဘောတူလိုက်ကြပါတယ်။ မဲခေါင်မြစ် ထိပ်သီးညီလာခံကို လေးနှစ်တကြိမ် ကျင်းပဖို့လည်း သဘောတူလိုက်ကြပါတယ်။

တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံက ကိုယ်စားလှယ်တွေ ဒီညီလာခံကို တက်ရောက်ခဲ့ကြပေမဲ့ MRC မဲခေါင်မြစ် ကော်မရှင် အဖွဲ့ဝင်အဖြစ် ပါဝင်ဖို့ ဖိတ်ခေါ်ချက်ကိုတော့ လက်မခံခဲ့ကြပါဘူး။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG