သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကြိုတင်ပြင်ဆင်မှုအဖြစ် NLD စီမံခန့်ခွဲရေး ကော်မတီဖွဲ့


အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံမတင်ဖို့ ဆုံးဖြတ်လိုက်ပြီးနောက် နောက်ပိုင်းအခြေအနေ ကိစ္စအ၀၀ကို တာဝန်ယူ ဆောင်ရွက်သွားဖို့ စီမံခန့်ခွဲမှု အဖွဲ့တရပ်ကို ဖွဲ့စည်းလိုက်ပါတယ်။ ဒီအဖွဲ့ဟာ ပါတီရဲ့ ကျန်ရှိနေသေးတဲ့ အဆောက်အဦးတွေ ကိစ္စ၊ ငွေကြေးကိစ္စ၊ စာရွက်စာတမ်း ကိစ္စတွေကို ရှင်းလင်း တာဝန်ယူသွားဖို့ ဖြစ်တယ်လို့ သိရပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး အဖွဲ့ချုပ်ရဲ့ ဒု-ဥက္ကဋ္ဌ ဦးတင်ဦးကို ဗွီအိုအေ ဝိုင်းတော်သား ကိုသားညွန့်ဦးက ဆက်သွယ်မေးမြန်းပြီး တင်ပြပေးထားပါတယ်။

ဒီနေ့ အန်ကယ်တို့ အစည်းအဝေးက ပါတီ ဖျက်သိမ်းနိုင်ရေး ကော်မတီတရပ် ဖွဲ့တယ်လို့ ကြားလို့ပါ။

“ဒီလိုပါ ဖျက်သိမ်းတာတင် မဟုတ်ပါဘူး။ စီမံခန့်ခွဲရေးနဲ့ ပတ်သက်ပြီးတော့ စီမံခန့်ခွဲရေးအဖွဲ့ ဖွဲ့တာပါ။ အဲဒီအဖွဲ့ သဘောကတော့ ကျနော်တို့က မှတ်ပုံတင်ခြင်း ဆက်လုပ်မယ့် ပါတီမဟုတ်တော့ သူတို့ထုတ်လိုက်တဲ့ အမိန့်အရ အေးအေးဆေးဆေးနဲ့ ပြေပြေလည်လည် ဖြစ်သွားနိုင်အောင် ဆိုပြီးတော့ စနစ်တကျလေး ဖြစ်ဖို့ပါ။ အဲဒါကို အကြောင်းပြုပြီး ကျနော်ပဲ ဥက္ကဋ္ဌလုပ်ပြီး ဆိုင်ရာဆိုင်ရာ ဌာနလေးတွေရဲ့ ကိုယ်စားလှယ်တွေ ထည့်ဖွဲ့ပြီး အဖွဲ့ဖွဲ့တာပါ။

“အဲဒီအဖွဲ့က စတင်ပြီး ဆောင်ရွက်စရာရှိတဲ့ ကိစ္စအရပ်ရပ်၊ ဆိုပါတော့ အဆောက်အဦးနဲ့ ပတ်သက်တဲ့ ကိစ္စ၊ အဆောက်အဦး အတွင်းမှာရှိတဲ့ ပရိဘောဂတွေနဲ့ ပတ်သက်တဲ့ ကိစ္စ၊ စာရွက်စာတမ်းတွေ ကိစ္စ၊ ငွေရေး ကြေးရေး ဘာညာ စသဖြင့်ပေါ့ဗျာ၊ အဖွဲ့လေးတွေဖွဲ့ပြီး ဒါလေးတွေကို အကုန်လုံး စည်းစနစ်ကျကျ၊ မှန်မှန်ကန်ကန်၊ သပ်သပ်ယပ်ယပ် ဖြစ်သွားရအောင်ဆိုပြီး ဒါကို ကြိုတင်ပြင်ဆင်ပြီး စီမံထားတဲ့ အဖွဲ့လေးတခု ဖွဲ့ပြီးတော့ ဆောင်ရွက်တဲ့ကိစ္စပါ။”

အကယ်၍များ ပါတီကို တခုခု အတင်းအကျပ် သူတို့လုပ်လာရင် အန်ကယ်တို့ဘက်က။

“ကျနော်တို့က အတင်းအကျပ်တို့၊ အကြမ်းဖက်တာတို့ ဒါတွေ ကျနော်တို့က လုံး၀ ခေါင်းထဲထည့်တာ မဟုတ်ဘူးလေ။ ကျနော်တို့က ဒီဟာနဲ့ ပတ်သက်လို့ လုပ်စရာရှိတဲ့ ကိစ္စရပ်တွေကို အေးအေးချမ်းချမ်း လုပ်မှာ ဖြစ်တဲ့အတွက် အခုလို အနေအထားနဲ့ လုပ်လို့မရရင် ဘယ်လိုအနေအထားနဲ့ လုပ်မလဲ ဆိုတာကို အေးအေးချမ်းချမ်း၊ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဆက်လက်ပြီး ဆောင်ရွက်နိုင်ဖို့ ဆိုတဲ့ဟာနဲ့ ရည်စူးပြီး၊ ပြင်ဆင်ပြီး လုပ်တဲ့ သဘောပါပဲ။ အဲတော့ သိမ်းဆည်းစရာရှိတာ သိမ်းဆည်းပေါ့။ အခုလို အိမ်ကြီးတွေနဲ့ အလံတော်ကြီးတွေနဲ့ အခမ်းအနားကြီးတွေနဲ့တော့ ဖြစ်ချင်မှ ဖြစ်တော့မှာပေါ့ဗျာ။”

အန်ကယ်တို့မှာ CEC ဗဟိုအလုပ်အမှုဆောင် တရပ် ရှိထားပြီးသားဆိုတော့ စီမံခန့်ခွဲရေးက အဲဒါနဲ့ သဘောသဘာ၀ မတူဘူးလားခင်ဗျ။

“မတူပါဘူး။ ဟိုစီမံခန့်ခွဲရေးဆိုတာ နေ့တိုင်း လုပ်တာကိုင်တာတွေနဲ့ ပတ်သက်တဲ့ အပိုင်းမှာ ကျနော်တို့က မှတ်ပုံမတင်တော့ဘူး၊ ရွေးကောက်ပွဲ မဝင်တော့ဘူးဆိုတော့ ရှေ့သွားမယ့် ကိစ္စအရပ်ရပ်၊ တွေ့ရမယ့် ကိစ္စတွေကိုလည်း ဘယ်လို ဆောင်ရွက်သွားနိုင်မလဲဆိုတာ ရည်စူးပြီးတော့ ကျနော်တို့ မူလရှိနေတဲ့ အတိုင်းပဲ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အကြမ်းမဖက်ဘဲ ရှိနေတဲ့ သဘောထား အတိုင်းပဲ ဆောင်ရွက်သွားနိုင်ဖို့ အတွက်ကို၊ ပြည်သူလူထုကို ကျနော်တို့က ဘယ်တော့မှ ကျောမခိုင်းဘူး၊ ဒီလို ရည်ရွယ်ချက်ကိုလည်း ရသည်အထိ လုံးပန်း ကြိုးပမ်းဆောင်ရွက်သွားမယ် ဆိုတာကို ရောက်နိုင်အောင်ဆိုတဲ့ အနေနဲ့ သဘောထားပြီး လုပ်တဲ့ကိစ္စပါပဲ။”

အဲတော့ နောက်ပိုင်း NLD ရဲ့ တာဝန်တွေ တော်တော်များများ လုပ်ငန်းဆောင်တာတွေကို စီမံခန့်ခွဲရေးအဖွဲ့ အနေနဲ့ ဆက်လုပ်သွားမယ့် သဘောလား။

“အခုလောလောဆယ်မှာ စီမံခန့်ခွဲရေး အတိုင်းအတာ အနေနဲ့ကတော့ လက်ရှိ တွေ့ရမယ့် အချိန်အတိုင်းအတာမှာ လုပ်ရမယ့် ကိစ္စတွေကို လုပ်လိုက်ပြီးတော့ နောက်ပိုင်း ဆက်ပြီး ပေါ်လာမယ့် ကိစ္စတွေကိုလည်း ဆောင်ရွက်သွားနိုင်အောင် ရည်စူးပြီးတော့ သွားမယ်ဆိုတဲ့ သဘောတော့ ရှိမှာပေါ့ဗျာ။”

အန်ကယ်တို့ အခု မေလ ၇ ရက်နေ့ကျရင်တော့ သတ်မှတ်ရက် ပြည့်ပြီပေါ့။ သတ်မှတ်ရက် ပြည့်သွားရင် အန်ကယ်တို့ အလံတွေ ချိတ်ထားတာတွေ၊ ဆိုင်းဘုတ်တွေ၊ ဒါတွေနဲ့ ပတ်သက်လို့ရော ဘယ်လိုသဘောထား ရှိလဲခင်ဗျ။

“အဆောက်အဦးတို့၊ ဆိုင်းဘုတ်တို့ဆိုတာ ဒါတွေကတော့ ကျနော်တို့ ထောင်ပြီး လုပ်နေလည်း သူတို့က ဒါကို လက်ခံမှာမှ မဟုတ်ဘဲ။ အဲတော့ လက်ခံမှာမဟုတ်တဲ့ ကိစ္စတခုကို ကျနော်တို့က ဒါကို ဘာမှ ရုန်းရင်းဆန်ခတ် လုပ်နေစရာ အကြောင်းမရှိဘူး။ NLD ဟာ တချိန်မှာ ငွားငွားစွင့်စွင့်၊ ထက်ထက်မြက်မြက်နဲ့ ထင်ထင်ရှားရှား ပြန်ပေါ်လာမယ် ဆိုတဲ့ဟာကို ရည်မှန်းပြီးတော့ အခုကတည်းက လုပ်စရာရှိတာလေးတွေ လုပ်သွားမယ်ဆိုတဲ့ သဘောပါ။”

အန်ကယ်ပြောသလို အတင်းအကျပ် လုပ်လာနိုင်တယ်ဆိုတာ အန်ကယ်တို့ အနေနဲ့တော့ ဆိုင်းဘုတ်တွေ ဘာတွေကို ချထားမယ်ဆိုတဲ့ သဘောလား။

“ဒီဟာက ကျနော်တို့ ညှိနှိုင်းပြီးတော့ လုပ်ရမယ့် ကိစ္စပဲလေ။ အဲဒီလို ဖြစ်ချင်လည်း ဖြစ်မယ်။ အေးအေးချမ်းချမ်းနဲ့ ကြိုတင်ပြီး လုပ်ဆောင်ထားတဲ့ ကိစ္စတွေလည်း ဖြစ်ချင်ဖြစ်မယ်။ အဓိက အချက်ကတော့ ကျနော်တို့က အေးအေးချမ်းချမ်းနဲ့ ပြေပြေလည်လည် ဖြစ်နိုင်မယ့် နည်းလမ်းတွေကို စဉ်းစားတဲ့ သဘောပါပဲ။”

NLD ပါတီ ဒု-ဥက္ကဋ္ဌ ဦးတင်ဦး ပြောပြသွားတာ ဖြစ်ပါတယ်။

ဒီအဖွဲ့ကို NLD လုပ်ငန်းအဖွဲ့ အသီးသီးက တာဝန်ရှိသူ ၁၇ ဦးနဲ့ ဖွဲ့စည်းလိုက်တာ ဖြစ်ပြီး နိုင်ငံရေးဆိုင်ရာ ကိစ္စရပ်တွေနဲ့ မဆိုင်ဘူးလို့လည်း ဦးတင်ဦးက ပြောဆိုသွားပါတယ်။

တချိန်တည်းမှာပဲ ပြည်သူသို့ ပန်ကြားချက်တစောင်ဆိုပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ထုတ်ပြန်ချက် ထုတ်ပါတယ်။ ၁၉၉၀ ခုနှစ် ရလဒ်အရ NLD အနေနဲ့ လွှတ်တော် ဖွဲ့စည်းနိုင်ဖို့ ကြိုးပမ်းတာတွေ၊ တွေ့ဆုံဆွေးနွေးရေး ဖြစ်အောင် ကြိုးပမ်းခဲ့တာတွေကို လူထုကို ပြန်လည်အသိပေး ဖော်ပြတာ ဖြစ်တယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG