သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာရွေးကောက်ပွဲ ဥပဒေကို ဂျပန်အစိုးရ ဝေဖန်ပြစ်တင်


မြန်မာစစ်အစိုးရက မတ်လ ပထမပတ်မှာ ထုတ်ပြန်ခဲ့တဲ့ ရွေးကောက်ပွဲ ဥပဒေတွေနဲ့ ပတ်သက်ပြီး၊ အထူးသဖြင့် နိုင်ငံရေးပါတီတွေ မှတ်ပုံတင်ရေး ဥပဒေအရ ကုလသမဂ္ဂနဲ့ နိုင်ငံတကာက တိုက်တွန်းခဲ့သလို လွတ်လပ်ပြီး တရားမျှတဖို့အပြင် သက်ဆိုင်တဲ့ အုပ်စုတွေ အားလုံး ပါဝင်ဖို့ မဖြစ်နိုင်တော့တဲ့အတွက် ဂျပန်အစိုးရ အနေနဲ့ စိတ်ပျက်မိတယ်လို့ ဒီလအတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတဲ့ ဂျပန် သံအမတ်ကြီးက သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။ အပြည့်အစုံကို ဒေါ်လှလှသန်းက တင်ပြပေးထားပါတယ်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဧပြီလ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူမယ့် ကုလသမဂ္ဂဆိုင်ရာ ဂျပန် သံအမတ်ကြီး ယူကီအို တကဆု (Yukio Takasu) က မြန်မာနိုင်ငံမှာ ဒီနှစ်ကျင်းပမယ့် ရွေးကောက်ပွဲတွေဟာ ဒီမိုကရေစီ ဖော်ဆောင်မှုအတွက် အရေးကြီးပေမဲ့ မြန်မာစစ်အစိုးရက မတ်လ ၈ ရက်နေ့က စတင်ပြီး ကြေညာခဲ့တဲ့ ရွေးကောက်ပွဲ အက်ဥပဒေပါ ကန့်သတ်ချက်တွေကို ပြစ်တင် ဝေဖန်သွားပါတယ်။

“ရွေးကောက်ပွဲ ဥပဒေကို ထုတ်ပြန်ခဲ့ပြီးနောက်ပိုင်း တွေ့ရတာက အဲဒီအထဲမှာ အကျဉ်းကျနေသူ၊ နေအိမ်အကျယ်ချုပ် ကျခံနေရသူ၊ စသည်ဖြင့် ရွေးကောက်ပွဲမှာ ပါဝင်ခွင့် မရှိဘူးလို့ ကန့်သတ် ချုပ်ချယ်မှုတွေ တွေ့နေရပါတယ်။ ဒါကြောင့် ဒီရွေးကောက်ပွဲဟာ အုပ်စုအားလုံးတို့ ပါဝင်နိုင်မယ့် ရွေးကောက်ပွဲ မဟုတ်သလို နိုင်ငံတကာက လက်ခံနိုင်မယ့် အနေအထားလည်း မရှိပါဘူး။”

နိုင်ငံရေးပါတီ မှတ်ပုံတင်ရေး ဥပဒေအရ အကျဉ်းကျ ခံနေရသူ၊ ပြစ်မှုထင်ရှား တွေ့ရှိထားသူနဲ့ အမှုအယူခံ ဝင်ထားဆဲရှိသူတွေ အနေနဲ့ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခွင့် မရှိသလို မှတ်ပုံတင်မယ့် နိုင်ငံရေးပါတီတွေ အနေနဲ့လည်း အကျဉ်းကျ ခံနေရသူတွေကို နိုင်ငံရေး ပါတီဝင်တွေ အဖြစ်မှ ထုတ်ပယ်ရမှာ ဖြစ်ပါတယ်။

ဒီဥပဒေဟာ နေအိမ်အကျယ်ချုပ် ကျခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားတွေကို အထူးသဖြင့် ပစ်မှတ်ထားတယ်လို့ အများက ထောက်ပြခဲ့ကြပါတယ်။

အလားတူပဲ ဂျပန်အစိုးရ အနေနဲ့လည်း ဒီဥပဒေနဲ့ ပတ်သက်လို့ စိတ်ပျက်မိတယ်လို့ သံအမတ်ကြီးက ပြောပါတယ်။

“ဂျပန်အစိုးရရဲ့ သဘောထားကတော့ အခုလို ကြေညာချက်ကြောင့် သိပ်ကို စိတ်ပျက်ရပါတယ်။ ကျနော်တို့ အစိုးရ အနေနဲ့ မြန်မာစစ်အစိုးရ အဆင့်မြင့်ပိုင်းနဲ့ နီးနီးကပ်ကပ် စကားပြောဆိုခဲ့တာ ဖြစ်ပြီးတော့ လာမယ့် ရွေးကောက်ပွဲကြီးဟာ လွတ်လပ်ပြီး တရားမျှတရုံမက အုပ်စုအားလုံးတို့ ပါဝင်နိုင်လိမ့်မယ်လို့ မျှော်လင့်ထားတာ ဖြစ်ပါတယ်။

“ရွေးကောက်ပွဲမှာ ပါဝင်မယ်၊ မပါဝင်ဘူး ဆိုတာက နိုင်ငံသားတွေရဲ့ ရွေးချယ်ပိုင်ခွင့်ပါ။ ဒါပေမဲ့ အခု စည်းကမ်းသတ်မှတ်ချက်တွေ အရ ဝင်ပြီး ပါချင်တောင်မှ ပါခွင့် မရကြတော့ပါဘူး။ ဒါကြောင့် အုပ်စုအားလုံးတို့ ပါဝင်ခွင့်ရတယ်လို့ မဆိုနိုင်ပါဘူး။ ဂျပန်အစိုးရ အနေနဲ့ ဒါကို သိပ်စိတ်ပျက်ရပါတယ်။”

ရွေးကောက်ပွဲမှာ အုပ်စုအားလုံးတို့ ပါဝင်ခွင့်ရဖို့ မြန်မာစစ်အစိုးရကို ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာရဲ့ တိုက်တွန်းချက် အနှစ်သာရနဲ့ ပတ်သက်လို့လည်း သံအမတ်ကြီးက အခုလို ရှင်းပြခဲ့ပါတယ်။

“အုပ်စုအားလုံးတို့ ပါဝင်ခွင့်ရတယ် ဆိုတာက ပါဝင်လိုသူတွေကို ရွေးကောက်ပွဲမှာ ပါဝင်ခွင့် ပေးရပါမယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုပဲ ဖြစ်ဖြစ်၊ ဘယ် တခြား မြန်မာနိုင်ငံသားကိုပဲ ဖြစ်ဖြစ်၊ သူတို့ ဝင်ပြီး ရွေးချယ်ခံမယ်၊ ရွေးချယ်မခံဘူး ဆိုတာက သူတို့ရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ခွင့် ဖြစ်သင့်ပါတယ်။ လွတ်လပ်မှုလည်း ရှိရပါမယ်။ ဒါပေမဲ့လည်း ဥပဒေနဲ့ ငြိစွန်းနေတယ်ဆိုတဲ့ သတ်မှတ်ချက်ကြောင့် သူတို့ ရွေးကောက်ပွဲကို ဝင်ချင်တောင်မှ ဝင်ခွင့် မရကြပါဘူး။ ဒါကြောင့် ဒီရွေးကောက်ပွဲမှာ အုပ်စုအားလုံးတို့ ပါဝင်ခွင့် ရကြတယ်လို့ မဆိုနိုင်ပါဘူး။ ဒါကြောင့် ဂျပန်အစိုးရ အနေနဲ့ သိပ်ကို စိတ်ပျက်ရပါတယ်။”

တချိန်တည်းမှာပဲ နိုင်ငံရေးပါတီတွေ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေပါ မတရားတဲ့ အချက်အလက်တွေကို မြန်မာစစ်အစိုးရဘက်က ပြင်ဆင် ညှိနှိုင်းပေးဖို့ သံအမတ်ကြီး ယူကီအို တကဆုက ဂျပန်နိုင်ငံ အနေနဲ့ ဖိအားပေးဆဲ ရှိတယ်လို့ ပြောပါတယ်။

“NLD ရွေးကောက်ပွဲမှာ မပါဝင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ နိုင်ငံရေး ပါတီတွေ မှတ်ပုံတင်ဖို့ အချိန်ကာလ ရက်တွေ ကျန်နေပါသေးတယ်။ မေလဆန်းပိုင်း အထိပါ။ ဒါကြောင့် ဂျပန်အစိုးရဘက်က မြန်မာစစ်အစိုးရကို ဆက်ပြီး ဖိအားပေးနေဆဲ ဖြစ်ပါတယ်။ အုပ်စုအားလုံးတို့ ပါဝင်ခွင့် ရနိုင်မယ့် အခြေအနေ အာမခံချက်တွေ ရရှိအောင် လုပ်ဆောင်ပေးဖို့ တိုက်တွန်းနေဆဲပါ။ ပါတီတွေ မှတ်ပုံတင်ဖို့ ရက်တွေက ကျန်နေပါသေးတယ်။”

ဂျပန် နိုင်ငံခြားရေးဝန်ကြီး ကတ်ဆုယာ အိုကာဒါ (Katsuya Okada) အနေနဲ့ မြန်မာစစ်အစိုးရ အဆင့်မြင့်ပိုင်းနဲ့ရော၊ ကုလသမဂ္ဂနဲ့ရော ဂျပန်နိုင်ငံရဲ့ သဘောထားကို ထုတ်ဖော် အသိပေးခဲ့ပြီး ဖြစ်တယ်လို့လည်း သံအမတ်ကြီးက ပြောပါတယ်။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် တခြား ပါဝင်ယှဉ်ပြိုင်လိုသူတွေကို မြန်မာစစ်အစိုးရက ရွေးကောက်ပွဲမှာ ပါဝင်ခွင့် မပြုဘူးဆိုရင် မြန်မာနိုင်ငံကို ပေးနေတဲ့ ငွေကြေး အထောက်အကူတွေကိုလည်း ထပ်မပေးတော့ဘူးလို့ ဂျပန် နိုင်ငံခြားရေးဝန်ကြီး ကတ်ဆုယာ အိုကာဒါက ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးလှမြင့်အပြင် သတင်းမီဒီယာတွေကိုလည်း ပြောပြခဲ့တာ ဖြစ်ပါတယ်။

လုံခြုံရေးကောင်စီ အနေနဲ့ကတော့ မတ်လတုန်းက မြန်မာနိုင်ငံရေး ပြဿနာကို အဖြေရှာဖို့ အလွတ်သဘော ဆွေးနွေးခဲ့သလို အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း (Mr. Ban Ki-moon) ရဲ့ မြန်မာ့အရေး မိတ်ဆွေများ တံခါးပိတ် အစည်းအဝေးပွဲကိုလည်း ကျင်းပခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီလ လုံခြုံရေးကောင်စီမှာတော့ မြန်မာ့အရေး ဆွေးနွေးဖို့ အစီအစဉ် မရှိသေးဘူးလို့ သံအမတ်ကြီး တကဆုက ပြောပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG