သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အထူးအယူခံ တင်ရေး ဒေါ်စုနဲ့ ရှေ့နေတွေ ဆွေးနွေး


နေအိမ်မှာ ဖမ်းဆီး ထိန်းသိမ်းခံနေရတဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့ ဥပဒေ အကျိုးဆောင်တွေနဲ့ ဒီနေ့ တွေ့ဆုံပြီး ဆက်လက် ဖမ်းဆီးခံထားရတဲ့ အမှုနဲ့ ပတ်သက်လို့ ဆွေးနွေးတိုင်ပင်မှုတွေ လုပ်ခဲ့ပါတယ်။ နေအိမ်အကျယ်ချုပ် နောက်ထပ် တနှစ်ခွဲ ကျခံနေရတဲ့ အမှုအတွက် အထူးအယူခံ တင်သွင်းဖို့ သူ့ရဲ့ ရှေ့နေ ၂ ဦးဖြစ်တဲ့ ဦးဉာဏ်ဝင်း၊ ဦးကြည်ဝင်းတို့နဲ့ တိုင်ပင်ခဲ့ပါတယ်။ ဒီနေ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့တဲ့ ရှေ့နေတဦးဖြစ်သူ ဦးကြည်ဝင်းကို ဒေါ်ခင်မျိုးသက်က ဆက်သွယ်မေးမြန်းရာ ဒီနေ့ တွေ့ဆုံဆွေးနွေးမှုတွေနဲ့ ပတ်သက်ပြီး ဦးကြည်ဝင်းက အခုလို စပြောပြပါတယ်။

“အထူးအယူခံ တက်ဖို့ ကိစ္စ ဆွေးနွေးတယ်။ ဟိုတလောတုန်းက နှစ်ပါးထိုင်က ပယ်လိုက်တော့ ကျနော်တို့ ဆက်ပြီးတော့ အထူးအယူခံ တက်ရမယ်။ အဲဒီမှာ တချို့ points တွေ discuss လုပ်စရာ တော်တော်လေး နက်နက်နဲနဲနဲ့ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်အောင် တင်ပြဖို့ ဆွေးနွေးကြတယ်။ သို့သော် တချို့ဟာတွေကျတော့ decision ကို ထပ်ပြီးတော့ တင်ပြရမယ်။

“နောက်တပတ် ကျနော်ရယ်၊ ဦးဉာဏ်ဝင်းရယ်၊ အဲဒါက တတွဲပေါ့၊ ဟိုဘက်က ခင်ခင်ဝင်းတို့ ဝင်းမမတို့အတွက်က ခင်ဌေးကြွယ်နဲ့ ကိုလှမျိုးမြင့်တို့ အထူးအယူခံကတော့ ရေးနေကြပြီ။ ကျနော်နဲ့ ဦးဉာဏ်ဝင်းက ဒီဘက်က ဒေါ်စုအတွက် ရေးနေကြပြီ။ ဒါတွေအကုန်လုံး ပေါင်းပြီးတော့မှ တင်ပြမယ်။”

အမှုသွား အမှုလာ အခြေအနေ ဘယ်လိုရှိပါသလဲ အန်ကယ်။

“ဒါ ရှင်းပါတယ်။ ၁၉၇၄ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ ရပ်ဆိုင်းသွားခဲ့ပြီ။ အဲဒီ ရပ်ဆိုင်းသွားတဲ့ အခြေခံ ဥပဒေထဲက ပုဒ်မ ၅ ခု၊ ပုဒ်မ ၁၄၈(ဂ)၊ ၁၅၇၊ ၁၅၈၊ ၁၅၉(က)(ခ)၊ ၁၆၀၊ အဲဒီပုဒ်မတွေကို ရပ်ဆိုင်းသွားပြီဆိုတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲက ဆွဲထုတ်ပြီးတော့ ကန့်သတ်မိန့်ထဲထည့်၊ ဒေါ်စုရဲ့ မူလ အခွင့်အရေးတွေကို ကန့်သတ်ပေးတယ်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ကိုယ်တိုင်က ကြေညာချက်အမှတ် ၇/၂၀၀၈၊ ၂၉-၅-၂၀၀၈ ရက်စွဲနဲ့ အတည်ပြု ပြဋ္ဌာန်းလိုက်သည်ဆိုတဲ့ ကြေညာချက်ဗျ။

“ဒီ ရပ်ဆိုင်းပြီဆိုတဲ့ ဖွဲ့စည်းပုံထဲက ပုဒ်မကို ထုတ်သုံးတော့ ဗဟိုအဖွဲ့ဖြစ်ဖြစ်၊ ဗဟိုအဖွဲ့ရဲ့ အထက်အဖွဲ့ဖြစ်ဖြစ်၊ ဒီ သေနေပါပြီဆိုတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ အဲဒီထဲက သေနေတဲ့ ပုဒ်မတွေပဲ၊ ဒါကို ထုတ်သုံးတာ တရားဝင်မလား။ ရှင်းတယ်။ အဲတော့ ကျနော်တို့ကတော့ ဂိတ်ဆုံးကျရင် အဖြေမှန်ကို တွေ့လိမ့်မယ်လို့ ယုံကြည်တယ်။”

မနေ့တုန်းက ဒေါ်အောင်ဆန်းစုကြည် နေအိမ် ပြင်ဆင်မှုအတွက် ဦးအောင်ဆန်းဦးဘက်က တားဝရမ်း ထုတ်ပေးဖို့ တင်သွင်းတာကို တရားရုံးက ပယ်ချတယ်လို့ ကြားပါတယ်။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ရော။

“အဲဒါနဲ့ မနေ့က သူတို့က အိမ်ပြင်တာကို တားဝရမ်း ထုတ်ပေးပါဆိုပြီး လျှောက်တာကိုး။ အောင်ဆန်းဦးနဲ့ သူ့ရဲ့ရှေ့နေ ကိုအံ့ထူးတို့က လျှောက်ကြတယ်။ လျှောက်တော့ ဒါကို ကျနော်တို့ဘက်ကလည်း ပြန်ပြီးတော့ တားဝရမ်း မထုတ်သင့်ပါဘူး ဆိုပြီးတော့ ကျနော်တို့ကလည်း ပြန်ပြီးတော့ လျှောက်လဲတင်ပြတယ်။ အိမ်က ပြင်တာဗျ၊ ဖျက်တာ မဟုတ်ဘူး။ အိမ်ပြင်တဲ့ကိစ္စကို တားပေးပါဆိုတော့ သဘာ၀ မကျဘူးပေါ့ဗျာ။ တရားရုံးကလည်း အဲဒီမှာ သဘာဝကျကျ ဆုံးဖြတ်ချက်ပါ။ ဦးအောင်ဆန်းဦးတို့ လျှောက်လွှာကို ပယ်လိုက်တယ်။”

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတဦးဖြစ်တဲ့ ဦးကြည်ဝင်း ပြောပြခဲ့တာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG